ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီ နောက်ခံလူ ဖီကာရို တိုမိုရီ မှာ မန်နေဂျာသစ် ဖရန့် လမ်းပတ် ၏ လက်ထက်တွင် အခိုင်အမာ နေရာရလာခဲ့ပြီး ယခုဆိုလျှင် အင်္ဂလန်လက်ရွေးစင် အသင်းကြီးအတွက်ပါ ခေါ်ယူခြင်းခံခဲ့ရပြီဖြစ်သည်..။
မနေ့ကပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ဖရန့် လမ်းပတ် က ဖီကာရို တိုမိုရီ မှာ သူ၏ရေရှည်စီမံချက်တွင် ပါဝင်ခဲ့သည့် ကစားသမားတစ်ယောက် ဖြစ်သော်လည်း ရာသီကြိုကာလနောက်ပိုင်းတွင် အသင်းကြီးအတွက် စဉ်းစားရာတွင် ပါဝင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ သို့သော်လူငယ် ကစားသမားလေး၏ ကြိုးစားအားထုတ်မှုနှင့် တည်ငြိမ်သော ခြေစွမ်းတို့က ယခုလိုတိုးတက်မှုကို ရရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်..။
ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ချယ်လ်ဆီးအသင်းမှာ တိုမိုရီ အား အဲဗာတန်အသင်းသို့ အဌားချထားရန် စီစဉ်ထားခဲ့သည်..။ သို့သော်အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းခါနီးတွင် ဒေးဗစ် လူးဝစ်ဇ် ၏ အပြောင်းအရွှေ့ကြောင့် ဖရန့် လမ်းပတ် မှာ ဖီကာရို တိုမိုရီ အား အသင်းတွင် ဆက်လက်ထိန်းသိမ်းရန် ဖြစ်လာခဲ့ရသည်..။
တိုမိုရီ မှာ ချယ်လ်ဆီးအသင်းတွင် စတုတ္ထဦးစားပေး ဗဟိုနောက်ခံလူအဖြစ် မျှော်လင့်ခဲ့ရသော်လည်း သြဂုတ်လ (၃၁) ရက်နေ့တွင် ယှဉ်ပြိုင်ခဲ့သော ရှက်ဖီးလ် ယူနိုက်တက်အသင်းနှင့်ပွဲစဉ်တွင် ပါဝင်ခွင့်ရရှိချိန်မှ စတင်ပြီး အသင်းတွင် ပုံမှန်နေရာရခဲ့သည်..။ ထို့အပြင် အင်္ဂလန်အသင်းမန်နေဂျာ ဂါးရတ် ဆောက်ဂိတ် ကလည်း လာမည့်အပါတ်တွင် ယှဉ်ပြိုင်ကစားရန်ရှိသော ယူရို ၂၀၂၀ ဥရောပဖလား ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် တိုမိုရီ အား ခေါ်ယူခဲ့သည်..။
မနှစ်က ဘောလုံးရာသီတွင် ဖီကာရို တိုမိုရီ အား ဒါဘီအသင်းတွင် ကိုင်တွယ်ခဲ့သူ ဖရန့် လမ်းပတ် က အသက် (၂၁) နှစ်သား လူငယ်နောက်ခံလူအကြောင်းကို ယခုလို ပြောပြခဲ့သည်..။
“ဒါဘီအသင်းမှာ သူအင်မတန်မှကို အေးဆေးတဲ့သူပါ..။ ကျွန်တော့်ကိုလည်း စကားတွေအများကြီး လာမပြောပါဘူး..။ ဒါပေမယ့်သူတို့အချင်းချင်း ဆုံကြပြီဆိုရင်တော့ အဲဒီလို နှုတ်ပိတ်မနေတတ်ဘူးလို့ သိရပါတယ်..။ အားလုံးနဲ့ခပ်ဝေးဝေး နေတတ်တာ သူ့ရဲ့အကျင့်စရိုက် ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် သူ့ရဲ့ခြေစွမ်းကြောင့် သူဟာ ဒါဘီအသင်းမှာ တဖြည်းဖြည်းနဲ့ ထင်ရှားသူ ဖြစ်လာပြီး အဝတ်လဲခန်းထဲမှာသာမက ပရိသတ်ကြားမှာပါ လူကြိုက်များလာခဲ့ပါတယ်..။
သူဟာဒါဘီအသင်းရဲ့ ‘Player of the Year’ ပါ..။ သူ့ရဲ့တိုးတက်မှုနှုန်းဟာ အရမ်းကိုမြန်ဆန်ပါတယ်..။ အဲဒီမြန်ဆန်ရခြင်းရဲ့ နောက်ကွယ်က အဓိကအကြောင်းရင်းက သူ့ရဲ့အလုပ်အပေါ် ထားရှိတဲ့စိတ်ဓါတ် (work ethic) ပါ..။ သူဟာပူညံပူညံ မလုပ်တတ်ဘူး..၊ အမြဲတမ်း ကြိုးကြိုးစားစား လေ့ကျင့်တတ်တယ်..၊ သူ့ကိုခိုင်းတာထက်ပိုပြီး သူတတ်နိုင်သလောက် ပိုမိုပေးဆပ်နိုင်အောင် ကြိုးစားပါတယ်..။ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ဆိုရင်လည်း တခါတလေ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ခိုင်းရင်တောင် အာရုံစူးစိုက်မှုအပြည့်နဲ့ ကြိုးကြိုးစားစား လေ့ကျင့်တတ်တဲ့သူ ဖြစ်ပါတယ်..။ ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှုဟာ အရမ်းကောင်းမွန်ပါတယ်..။
သူ့ကိုအခွင့်အရေးပေးချိန်ကတည်းက ပြသခဲ့တဲ့ စွမ်းဆောင်ရည်ဟာ အရမ်းကိုကောင်းမွန်ခဲ့ပါတယ်..။ အခုလက်ရှိအချိန်မှာ သူဟာတည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနေပြီး ဒီထက်ပိုပြီး ပေးဆပ်နိုင်ဖို့ ရှိနေပါသေးတယ်..။ တကယ်တမ်းမှာ ကစားသမားတစ်ယောက် ဘယ်လောက်အစွမ်းအစ ရှိတယ်ဆိုတာ သူ့တို့ကို ထည့်သွင်းမကစားကြည့်ပဲနဲ့ ဘယ်လိုမှမသိနိုင်ပါဘူး..။ ဒါပေမယ့် လေ့ကျင့်ကွင်းတွေမှာ သူ့ရဲ့ကြိုးစား အားထုတ်မှုတွေကြောင့် ရှက်ဖီးလ် ယူနိုက်တက်အသင်းနဲ့ပွဲ ရောက်တဲ့အချိန် သူ့ကိုအခွင့်အရေး ပေးကြည့်သင့်တယ်လို့ ကျွန်တော်ယူဆခဲ့ပါတယ်..။
ဒါဟာသူအပါအဝင် ကစားသမားတိုင်းအတွက် ကျွန်တော်ပေးချင်တဲ့ သတင်းစကားပါ..။ ပွဲကစားတဲ့အချိန် အရွေးချယ်ခံရမယ်၊ မခံရဘူးဆိုတာဟာ လေ့ကျင့်ကွင်းမှာ ဘယ်လိုကြိုးစားလေ့ကျင့်တယ် ဆိုတာနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်..။ စည်းကမ်းတွေ၊ သတ်မှတ်ချက်တွေ ရှိပါတယ်..။ ထိုက်တန်တဲ့ အဆင့်တစ်ခုရအောင် လေ့ကျင့်ရပါလိမ့်မယ်..။ ရှက်ဖီးလ် အသင်းနဲ့ပွဲအချိန်လောက်က သူ့ရဲ့လေ့ကျင့်ကွင်းက စွမ်းဆောင်ရည်ဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့အကြောင်း ပြသနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် သူဟာအဲဒီပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သလို နောက်ပိုင်းမှာလည်း အဲဒီခြေစွမ်းကို ဆက်လက်ပြသနေဆဲ ဖြစ်တာကြောင့် ကျွန်တော့်မှာ အင်မတန် ခေါင်းကိုက်နေရပါတယ်..။”
တိုမိုရီ မှာ လိုင်လီအသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် အသင်း၏ပွဲထွက်လူစာရင်းတွင် ဆက်လက်ပါဝင်ခွင့်ရခဲ့သလို ဆောက်ပ်သမ်တန် အသင်းနှင့်ပွဲစဉ်တွင်လည်း ဆက်လက်ပါဝင်ခွင့် ရနိုင်ဖွယ် ရှိနေပါသည်..။
ချယ်လ်ဆီးအသင်း၏ ယခုနှစ်ရာသီတွင် မမျှော်လင့်ပဲ ပြသနေသည့် စွမ်းဆောင်ရည်မှာ ဖရန့် လမ်းပတ် ၏ ချယ်လ်ဆီးအကယ်ဒမီထွက် လူငယ်ကစားသမားလေးများ၏ ခြေစွမ်းအပေါ်တွင် အများကြီးမူတည်နေခဲ့သည်..။ သို့သော် ဖရန့် လမ်းပတ် က လူငယ်အကယ်ဒမီမှ အင်္ဂလန် ကစားသမားလေးများအပေါ် လုံးဝမှီခိုနေမည် မဟုတ်ပဲ နိုင်ငံရပ်ခြား ကစားသမားများအနေဖြင့် အသင်းအတွက် ပေးဆပ်မှု၊ ခံယူချက်နှင့် စိတ်ဓါတ်တို့ ကောင်းမွန်နေမည်ဆိုပါက ထည့်သွင်းကစားရန် ဝန်လေးနေမည် မဟုတ်ကြောင်း ပြောပြခဲ့ပါသည်..။
“နှစ်ချက်ရှိပါတယ်..။ နံပါတ်တစ်… အကယ်ဒမီထွက် လူငယ်ကစားသမားတွေအနေနဲ့ သူတို့နဲ့ပရိသတ်ကြား..၊ အသင်းနဲ့ကြားမှာ ဖြစ်တည်နေတဲ့ သံယောဇဉ်နဲ့ ပေးဆပ်မှုတွေကို ကျွန်တော်နှစ်သက်ပါတယ်.. အသင်းမှာ ပါဝင်တဲ့ ကစားသမားတိုင်းမှာ အဲဒီလို ခံယူချက်နဲ့ စိတ်ဓါတ်တွေ ရှိနေအောင် ကျွန်တော်ကြိုးစားသွားမှာပါ..။ နောက်ထပ် နံပါတ်နှစ်အနေနဲ့ သူတို့ဘယ်ကနေ လာသည်ဖြစ်စေ.. အသင်းမှာပါဝင်ရတဲ့အချိန်တိုင်း မှန်ကန်တဲ့ စိတ်ဓါတ်နဲ့ ပေးဆပ်မှုတွေကို ပြသနိုင်မယ်ဆိုရင် အသက် (၂၀) အရွယ် အင်္ဂလိပ်လူငယ်ပဲဖြစ်ဖြစ်၊ အသက် (၂၀) အရွယ် ပြင်သစ် လူငယ်ပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ရွေးချယ်ဖို့ ဝန်မလေးပါဘူး..။
ကစားသမားတိုင်းဟာ မှန်ကန်တဲ့စိတ်ဓါတ်၊ ခံယူချက်နဲ့ ပေးဆပ်မှုတွေ ရှိနေမယ်ဆိုရင် အသင်းမှာ နေရာရမှာ သေချာပါတယ်..။ အသင်းရဲ့ငယ်မွေးခြံပေါက် အင်္ဂလိပ်လူငယ် ကစားသမားလေးတွေ နေရာရလာတယ်ဆိုတာဟာ အသင်းပရိသတ်တွေအတွက် တကယ့်ကို ကျေနပ်စရာ ပုံပြင်တစ်ပုဒ်ပါ..၊ ဒါပေမယ့် လက်ရှိအကယ်ဒမီ ကစားသမားလေးတွေကို ကြည့်မယ်ဆိုရင် အီယန် မတ်ဆန် ဆိုရင်လည်း ဒတ်ချ် လူငယ်ဆိုပေမယ့် သူ့ရဲ့ခံယူချက်၊ စိတ်ဓါတ်နဲ့ အသင်းကိုချစ်မြတ်နိုးတဲ့ စိတ်တွေဟာ အင်္ဂလိပ်လူငယ်တွေထက် တစ်ပြားမှမလျော့ပါဘူး..။ ဒါတွေဟာ ကျေနပ်ဖို့ကောင်းတဲ့အရာတွေပါပဲ..။”