ချယ်လ်ဆီးအသင်း၏ ကာလရှည်ကြာ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကစားသမား ဆက်ဆံရေး အရာရှိ (player liaison officer) တစ်ဦးဖြစ်သူ ‘ဂယ်ရီ စတက်ကာ’ မှာ ချယ်လ်ဆီးအသင်းနှင့် လမ်းလွဲရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်..။
ချယ်လ်ဆီးအသင်းတွင် နှစ်ပေါင်း (၂၀) ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဂယ်ရီ အား ယခုနှစ်ဘောလုံးရာသီအစတွင် သူ၏မူလရာထူးမှ ပယ်ဖျက်ပြီး အသင်း၏သံတမန်တစ်ဦးအဖြစ် အချိန်ပိုင်းတာဝန် ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့ရာ သူကပယ်ချခဲ့ပြီး တရားစွဲရန် စီစဉ်ခဲ့သေးသည်..။ သို့သော် ပြီးခဲ့သည့်သောကြာနေ့က အသင်းမှ ကမ်းလှမ်းသော နစ်နာကြေးကို လက်ခံရန် သဘောတူညီခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်..။
အသင်းမန်နေဂျာအဆက်ဆက်နှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ခဲ့သည့် ဂယ်ရီ စတက်ကာ အား တာဝန်မှရပ်စဲရန် ဆုံးဖြတ်ချက်ကို ယခုနှစ်ရာသီအနားပေးရန် အသင်းဘုတ်အဖွဲ့မှ ဆုံးဖြတ်ချက်ကို ဖရန့် လမ်းပတ် တို့ နည်းပြအဖွဲ့ကလည်း သဘောတူညီမှု မရှိခဲ့ကြောင်း၊ သို့သော်ယခုအချိန်တွင် အဆိုပါပြသနာမှာ ပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း သိရသည်..။
၁၉၉၀ ခုနှစ်များကတည်းက ချယ်လ်ဆီးအသင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဂယ်ရီ စတက်ကာ မှာ ဂီယန်လူကာ ဗီယာလီ မှ စတင်ပြီး မော်ရစ်စ်ဇီယို ဆာရီ ကာလအထိ စတန်းဖို့ဒ် ဘရစ်ချ်အဝင် ကွင်းထိပ်တွင် ပရိသတ်များ အမြဲတမ်းသတိထားမိခဲ့ရသည့် ပုံရိပ်တစ်ခု ဖြစ်ခဲ့သည်..။
ငယ်စဉ်ကတည်းက ချယ်လ်ဆီးအသင်းကို အားပေးခဲ့သည့် diehard ပရိသတ်တစ်ဦးဖြစ်သူ ဂယ်ရီ စတက်ကာ မှာ ၁၉၉၀ ခုနှစ်များတွင် ကွင်းလုံခြုံရေးဝန်ထမ်း (steward) တစ်ဦးအဖြစ် ချယ်လ်ဆီးသို့ စတင်ရောက်ရှိခဲ့သည်..။ ၁၉၉၈ ခုနှစ်တွင် ဂီယာလူကာ ဗီယာလီ မှ ကစားသမားနည်းပြအဖြစ် တာဝန်ယူချိန်တွင် အီတလီစကား ကျွမ်းကျင်သူ ဂယ်ရီ အား စကားပြန်အဖြစ် အသင်းက စတင်တာဝန်ပေးခဲ့သည်..။ ဂယ်ရီ စတက်ကာ ၏ အခန်းကဏ္ဍမှာ နည်းပြ ကလော်ဒီယို ရေနာရီ နှင့် ဟိုဆေး မော်ရင်ဟို တို့လက်ထက်တွင် အတောက်ပဆုံး ဖြစ်ခဲ့ပြီး ပုဂ္ဂိုလ်ချင်း အင်မတန် ရင်းနှီးသူများအဖြစ် ရေရှည် ဆက်ဆံရေးများ တည်ဆောက်နိုင်ခဲ့သည်..။
ဟိုဆေး မော်ရင်ဟို လက်ထက်တွင် ဂယ်ရီ စတက်ကာ မှာ ကစားသမားများဆိုင်ရာ ဆက်ဆံရေး အရာရှိ (players liaison officer) အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ဂျွန် တယ်ရီ၊ ဒီဒီယာ ဒရော့ဘာ တို့နှင့် စတင်ရင်းနှီးခဲ့သည်..။ အန်တိုနီယို ကွန်တီ တာဝန်ယူချိန်တွင် ဂယ်ရီ မှာ သူ၏မိသားစုဝင်များနှင့်ပါ ရင်းနှီးခဲ့ပြီး အန်တိုနီယို ကွန်တီ ချယ်လ်ဆီးအသင်းကို လက်ခံလာအောင် ကြားဝင် ဆက်သွယ်ပေးခဲ့ရသေးသည်ဟူသော အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်လာခဲ့သေးသည်..။