feature-image

Class of 2008 သူတို့တွေ ဘယ်ဆီကို ရောက်နေကြသလဲ..?

၂၀၀၈/ ၀၉ ဘောလုံးရာသီအစမှာ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီက ရွေးချယ်လေ့ကျင့်ပေးခဲ့တဲ့ အသက် (၉) နှစ်အောက် လူငယ်ကစားသမားထဲက သက်ဆိုင်ရာ အသင်းကိုယ်စီမှာ ကျင်လည်နေကြတဲ့ ကစားသမား (၁၀) ယောက် ရှိနေပါပြီ..။ (၆) ယောက်ကတော့ ချယ်လ်ဆီးအသင်းမှာပဲ ဆက်ပြီးရှိနေပြီး (၂) ယောက်ဟာ ဗုဒ္ဓဟူးနေ့ ဂရင်စ်ဘီ တောင်း အသင်းနဲ့ပွဲမှာ အသင်းကြီးနဲ့ ပထမဆုံးအကြိမ် ပွဲထွက်ခွင့် ရခဲ့ကြပါတယ်..။


၂၀၀၈ ခုနှစ်၊ မေလမှာ ပင်ကိုယ်ပါရမီ အရည်အချင်း ရှိနေကြတဲ့ အသက် (၈) နှစ်အရွယ် လူငယ်လေးတွေကို စတန်းဖို့ဒ် ဘရစ်ချ်ကို ဖိတ်ခေါ်ပြီး အသင်းရဲ့အကယ်ဒမီမှာ လေ့ကျင့်ဖို့၊ ချယ်လ်ဆီးအသင်းနဲ့ ဆက်လက်လက်တွဲဖို့ဆိုတဲ့ ကတိကဝတ်တွေအတွက် လိုအပ်တဲ့ စာရွက်စာတမ်း၊ အထောက်အထား၊ လက်မှတ်ထိုးတဲ့ ကိစ္စတွေကို ပြုလုပ်ပြီးစီးခဲ့ပါတယ်..။

တကယ်တော့ အဲဒီကလေးသာသာအရွယ် ကစားသမားလေးတွေထဲက နောင်တစ်ချိန်မှာ ထွန်းတောက်နိုင်ဖို့ အလားအလာရှိတယ်ဆိုပြီး ရွေးထုတ်ရတဲ့အလုပ်ဟာ လူငယ်ကစားသမား ဖွံဖြိုးရေး လုပ်ငန်းရဲ့ အခက်အခဲဆုံး အလုပ်တစ်ခုပဲ ဖြစ်ပါတယ်.။ ကလေးအရွယ်ကနေ ဆယ်ကျော်သက်..၊ လူငယ်တစ်ယောက်အဖြစ် ဖွံ့ဖြိုးတိုးတက်မယ့် လမ်းကြောင်းတစ်လျှောက်မှာ အပြောင်းအလဲတွေအများကြီး ဖြစ်လာနိုင်ပါတယ်..။ ချယ်လ်ဆီးအကယ်ဒမီကတော့ အခုအောက်ပုံထဲမှာပါတဲ့ ကစားသမားလေး (၁၅) ယောက်ထဲက (၁၀) ယောက်ကို အခုအချိန်မှာ ဘောလုံးကစားနည်းနဲ့ အသက်မွေးနေတဲ့ professional football ကစားသမားတွေအဖြစ် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်..။


အခုအချိန်မှာ သူတို့လေးတွေ ဘယ်ဆီကို ရောက်နေကြပါလဲ…?

မာ့ခ် ဂူူဟီ

========
အိုင်ဗရီကို့စ် နိုင်ငံဖွား လူငယ်နောက်ခံလူလေးဟာ သူ့ရဲ့ပထမဆုံး ချယ်လ်ဆီးအသင်းကြီး ပွဲထွက်ခွင့်ကို ဗုဒ္ဓဟူးနေ့၊ ဂရ်စ်ဘီ တောင်းအသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့ပါတယ်..။ အဲဒီပွဲမတိုင်ခင် ဗလင်စီယာ အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အရန်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်..။ မာကျောပြီး နည်းစနစ်ပိုင်း ကောင်းမွန်တဲ့ ဗဟိုနောက်ခံလူ ဟာ ချယ်လ်ဆီးလူငယ် အသင်းနဲ့အတူ FA လူငယ်ဖလား ဗိုလ်လုပွဲနှစ်ကြိမ်၊ အင်္ဂလန်လူငယ်အသင်းနဲ့ အသက် (၁၇) နှစ်အောက် လူငယ်ကမ္ဘာ့ဖလား တစ်ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်..။



အင်ဒရူး ဒမ်ဘီ
===========
လူငယ်ကစားသမားလေး အင်ဒရူး ဟာ အသက် (၁၀) နှစ်အရွယ်မှာ ခရစ်စ်တယ် ပဲလေ့စ် အကယ်ဒမီကို ပြောင်းရွှေ့သွားခဲ့ပြီး Selhurst Park မှာ ရှစ်နှစ်ကြာခဲ့ပါတယ်..။ သူဟာခရစ်စ်တယ် ပဲလေ့စ်လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းမှာ ကစားခဲ့ပြီး Green Borough..၊ Walton & Hersham အသင်းမှာကို အဌားသွားခဲ့ရပါတယ်..။ အခုအချိန်မှာ Staines အသင်းမှာ ရောက်ရှိနေပါတယ်..။

တေလာ မွန်ရိုး
===========
သူကတော့ လန်ဒန်မြို့ခံ ကျူပီအာ (Queens Park Rangers) အသင်းကို ၂၀၁၂ ခုနှစ်မှာ ပြောင်းရွှေ့သွားခဲ့ပါတယ်..။ အခုလက်ရှိအချိန် Leatherhead အသင်းကို ရောက်ရှိနေပါတယ်..။

တာရစ်ခ် အူဝါကီ
=============
ချယ်လ်ဆီးအရန်အသင်း (Development Squad) မှာ ကစားနေပါတယ်..။ သူဟာအင်္ဂလန် လူငယ် (အသက် ၁၉ နှစ်အောက်) အသင်းအတွက်လည်း အရွေးခံထားရတဲ့ ကစားသမား ဖြစ်ပါတယ်..။ ၂၀၁၆/ ၁၇ ဘောလုံးရာသီမှာ လူငယ်ကွင်းလယ် ကစားသမားလေးဟာ FA လူငယ်ဖလားနဲ့ လူငယ် ပရီးမီးယားလိဂ်ပြိုင်ပွဲ (အသက် ၁၈ နှစ်အောက်) ဆုဖလားများကို ဆွတ်ခူးရရှိခဲ့ပါတယ်..။ ၂၀၁၇/ ၁၈ ဘောလုံးရာသီမှာလည်း FA လူငယ်ဖလားကို ထပ်မံဆွတ်ခူးနိုင်ခဲ့သလို အင်္ဂလန်လူငယ် အသင်းနဲ့အတူ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Toulon ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်..။

ဂျေမီ ကမ်းမင်း
===========
လူငယ်အကယ်ဒမီ ဂိုးသမားလေးဟာ အိုင်ယာလန်နိုင်ငံ ရာသီကြိုခရီးစဉ်မှာ ပါဝင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းနဲ့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ သက်တမ်းတိုးခဲ့ပြီး အသင်းရဲ့ တတိယဦးစားပေး ဂိုးသမားအဖြစ် ပါဝင်လျှက်ရှိပါတယ်..။ သူဟာချယ်လ်ဆီးလူငယ် အသင်းနဲ့ FA လူငယ်ဖလား နှစ်ကြိမ်နဲ့ လူငယ် ပရီးမီးယားလိဂ်ပြိုင်ပွဲ (အသက် ၁၈ နှစ်အောက်) တစ်ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်..။



ရီစီ ဂျိမ်းစ်
=======
ရီစီ ဂျိမ်းစ် ဟာ တစ်ချိန်မှာ ထွန်းတောက်မယ့် ညာနောက်ခံလူအဖြစ် လူငယ်အကယ်ဒမီ နည်းပြများက ထင်ကြေးပေးခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ဝီဂန်အသင်းနဲ့အတူ အထူးအောင်မြင်မှု ရရှိခဲ့ပါတယ်..။ သူဟာ ဝီဂန်အသင်း အသင်းဖော်များနဲ့ ပရိသတ်များက ချီးမြှင့်တဲ့ “Players’ Player of the Year” ဆု၊ “Player of the Year” ဆုနဲ့ “Goal of the Season” ဆုများကို ဆွတ်ခူးရရှိခဲ့ပါတယ်..။

အင်္ဂလန်လူငယ်အသင်းနဲ့အတူ ပါဝင်ချိန်မှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့တဲ့အတွက် ရာသီကြိုပွဲစဉ်များကို လွဲချော်ခဲ့ပြီး ဂရင်စ်ဘီ အသင်းနဲ့ပွဲမှာတော့ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သလို အသင်းကြီးပွဲဦးထွက်မှာ သူ့ရဲ့အသင်းကြီး ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်..။



ဟယ်ရီဆန် ဟူးမ်
=============
လူငယ်ကွင်းလယ် ကစားသမားလေးဟာ Rochester United အသင်းမှာ ကစားလျှက်ရှိပါတယ်..။ သူဟာပြီးခဲ့တဲ့ ဘောလုံးရာသီမှာ Maidstone United အသင်းမှာ ကစားခဲ့ပါတယ်..။

ကော်နာ ဂါလက်ချာ
==============
အင်္ဂလန် လူငယ် (အသက် ၁၇ နှစ်အောက်) အသင်းနဲ့ လူငယ်ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ လူငယ်ကွင်းလယ် ကစားသမားလေးဟာ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ချာလ်တန်အသင်းကို အဌားသွားရောက်ခဲ့ပြီး ခြေစွမ်းပြ ကစားလျှက်ရှိပါတယ်..။ သူဟာချာလ်တန်အသင်းအတွက် သုံးဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီး သြဂုတ်လရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆု (EFL Player of the Month) ချီးမြင့်ခြင်း ခံခဲ့ရပါတယ်..။ သူဟာ လူငယ်အကယ်ဒမီမှာလည်း ကွင်းလယ်ကနေ ဂိုးတွေသွင်းပေး..၊ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် မနှစ်က ဘောလုံးရာသီမှာ ‘တစ်နှစ်တာ အကောင်းဆုံး လူငယ်အကယ်ဒမီ ကစားသမားဆု (Academy Player of the Season)’ ကို ဆွတ်ခူးရရှိခဲ့ပါတယ်..။



ဂျေမီ ဘရက်ဒ်လေ ဂရင်း
=================
ဘရက်ဒ်လေ ဂရင်း ဟာ ၂၀၁၆ ခုနှစ်မှာ ဆောက်ပ်သမ်တန် လူငယ်အကယ်ဒမီကို ပြောင်းရွှေ့သွားခဲ့ပြီး ဆောက်ပ်သမ်တန် လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းနဲ့ နှစ်နှစ်ကစားခဲ့ပါတယ်..။ သူဟာ ဒီနှစ်နွေရာသီမှာ ဆောက်ပ်သမ်တန် အသင်းကနေ ထွက်ခွာခဲ့ပြီး အခုလောလောဆယ် အသင်းလက်မဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါတယ်..။

ရီယန် ဘရူးစတား
============
လူငယ်တိုက်စစ်မှူး ဘရူးစတား ဟာ လီဗာပူးလ်အသင်းက MK Dons အသင်းကို ၂ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရခဲ့တဲ့ Carabao ဖလားပွဲစဉ်မှာ ဂျာဂင် ကလော့ပ် ရဲ့ လီဗာပူးလ် အသင်းနဲ့အတူ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်..။ လူငယ်ကမ္ဘာ့ဖလား (အသက် ၁၇ နှစ်အောက်) ပြိုင်ပွဲရဲ့ ဂိုးအများဆုံး သွင်းယူခဲ့တဲ့ ‘Golden Boot winner’ ကစားသမားဟာ မာဆီဆိုက်ဒ် အသင်းကို အသက် (၁၄) နှစ်မှာ ပြောင်းရွှေ့သွားခဲ့ပါတယ်..။



မာတယ်လ် တေလာ ခရော့စ်ဒေးလ်
========================
လူငယ်အသင်းအဆင့်ဆင့်တွင် ဂိုးသွင်းနှုန်းကောင်းမွန်ခဲ့သည့် တိုက်စစ်မှူးမှာ ၂၀၁၆/ ၁၇ ဘောလုံးရာသီမှာ (၂၁) ဂိုး သွင်းခဲ့ပြီး အဲဒီနှစ်မှာ လူငယ်ပရီးမီးယားလိဂ် ဆွတ်ခူးရရှိခဲ့ပါတယ်..။ အခုနှစ်နွေရာသီမှာတော့ ခရော့စ်ဒေးလ် ဟာ မြို့ခံပြိုင်ဘက် ဖူးလ်ဟမ်းအသင်းကို ပြောင်းရွှေ့သွားပါတယ်.။ အရင်လက ယှဉ်ပြိုင်ခဲ့တဲ့ Carabao ဖလားပြိုင်ပွဲမှာ ဖူးလ်ဟမ်းအသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်..။

ဒူဂျွန် စတာလင်
===========
လူငယ်နောက်ခံကစားသမားလေးမှာ မနှစ်က ဘောလုံးရာသီမှာ ကွန်ဗင်ထရီ စီးတီးအသင်းနဲ့အတူ League One ပြိုင်ပွဲမှာ ပွဲပေါင်း (၄၀) ပါဝင်ခွင့်ရခဲ့ပြီး အခုဒီနှစ်မှာတော့ ဝီဂန်အသင်းကို ရောက်ရှိနေပါပြီ..။ ဒူဂျွန် စတာလင် ဟာ အကယ်ဒမီ လူငယ်အသင်းအဆင့်ဆင့်မှာ နေရာစုံ ကစားခဲ့ရပြီး FA လူငယ်ဖလား နှစ်ကြိမ်၊ လူငယ်ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ကြိမ် ဗိုလ်စွဲထားသလို ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် ဗိုလ်လုပွဲနှစ်ကြိမ်စလုံးမှာ ဂိုးသွင်းပေးခဲ့သူ ဖြစ်ပါတယ်..။

ဖင်လေး ဆာဗီလီ
============
သူကတော့ ဘောလုံးကစားနည်းကို စွန့်ခွာသွားခဲ့ပြီး Epsom College အသင်းနဲ့အတူ ရပ်ဘ်ဘီ ပြိုင်ပွဲတွေမှာ ပါဝင်လျှက်ရှိပါတယ်..။

အဒမ် ရိုင်လေး
===========
အသက် (၁၂) နှစ်အောက် လူငယ်အသင်း ကစားသမားဘဝတွင် ချယ်လ်ဆီးအသင်းကို စွန့်ခွာသွားခဲ့ပြီး non league ပြိုင်ပွဲဝင် Hendon အသင်းသို့ ရောက်ရှိနေသည်..။

အိုင်ယန် ကာလို ပိုဗီဒါ
================
လက်ရှိအင်္ဂလန်လူငယ် (အသက် ၁၉ နှစ်အောက်) အသင်း ကစားသမားမှာ လူငယ်ကစားသမားဘဝတွင် အသင်းအပြောင်းအရွှေ့ များပြားခဲ့ပြီး ချယ်လ်ဆီးအကယ်ဒမီကို ထွက်ခွာချိန်တွင် စပိန်နိုင်ငံ၊ ထိုမှတဆင့် လန်ဒန်မြို့ခံ ဘရန်းဖို့ဒ် အသင်းသို့ ရောက်ရှိခဲ့သည်..။ ထို့နောက် မန်ချက်စတာ စီးတီးအသင်းမှ ခေါ်ယူခဲ့ပြိး ဇန်နဝါရီလက Carabao ဖလားပွဲစဉ်အဖြစ် ဘာတန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် ပါဝင်ခွင့်ရခဲ့သည်.။