feature-image

အံ့သြစရာ ကောင်းလှတဲ့ နေ့တစ်နေ့ဖြစ်တယ်လို့ ပြောကြားခဲ့တဲ့ တန်မီ အေဘရာဟမ်

မနေ့က ဝုလ်ဖ်အသင်းအား ၅ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် လူငယ်တိုက်စစ်မှူး ‘တန်မီ အေဘရာဟမ်’ မှာ သူ့အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ‘hat-trick’ ရရှိခဲ့သလို သုံးပွဲဆက်တိုက် ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်..။ ထိုမျှသာမက မနေ့က Molineux ကွင်းမှ ပွဲစဉ်တွင် တန်မီ အေဘရာဟမ် သာမက ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီထွက် ကစားသမားများပါ ခြေစွမ်းပြနိုင်ခဲ့ပြီး ဖီကာရို တိုမိုရီ က သူ၏ပထမဆုံး သွင်းဂိုးကို အဝေးကန်ချက်ဖြင့် လှလှပပ သွင်းယူပေနိုင်ခဲ့သည်…။ ကွင်းလယ်ကစားသမား မေဆန် မောင့် ကလည်း သူ၏ယခုနှစ် ဘောလုံးရာသီ တတိယမြောက် သွင်းဂိုးကို ရယူပေးနိုင်ခဲ့သည်..။ ယခုနှစ် ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်း၏ ထူးခြားချက်မှာ အသင်း၏ သွင်းဂိုး (၁၁) ဂိုးစလုံးကို လူငယ်အကယ်ဒမီထွက် ကစားသမားများကပဲ သွင်းယူပေးထားနိုင်ခဲ့ခြင်းဖြစ်သည်..။


လူငယ်ကစားသမား တန်မီ အေဘရာဟမ် အတွက်ကတော့ မနေ့ကပွဲတွင် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သလို ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ်ပြိုင်ပွဲ ‘hat-trick’ သွင်းယူပေးနိုင်ခဲ့သော ကစားသမားများအနက် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်မှတ်တမ်း ရေးထိုးပေးနိုင်ခဲ့သည်..။ သို့သော်အသက် (၂၁) နှစ်အရွယ် လူငယ်ကစားသမားလေးမှာ ယနေ့ခြေစွမ်းနှင့် သွင်းဂိုးများအတွက် ကျေနပ်မိသော်လည်း အသင်းမှာ ယခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးကြောင်း၊ ယခုလို သင်ယူနေသေးသည့် အချိန်အတွင်းမှာပင် အသင်းနှင့် အံဝင်ရန်မှာ အရေးကြီးသည့်အချက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်..။


“ကျွန်တော့်အတွက် တကယ့်ကို အံ့သြစရာ ကောင်းလှတဲ့ နေ့တစ်နေ့ပါပဲ..။ ဝုလ်ဖ် အသင်းရဲ့ကွင်းဟာ ခက်ခဲတဲ့ ကွင်းတစ်ကွင်းပါ..၊ ဒ့ါကြောင့်ဒီနေ့ပွဲမှာ ရရှိခဲ့တဲ့ အနိုင်ရလဒ်မျိုးဟာ ကျွန်တော်တို့အတွက် ကျေနပ်စရာပါ..။ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့သလို ဂိုးတွေလည်း အများကြီးသွင်းယူနိုင်ခဲ့တယ်..၊ အနိုင်သုံးမှတ်နဲ့အတူ အိမ်ပြန်နိုင်ခဲ့တဲ့အတွက် သိပ်ကိုကြီးကျယ်ခမ်းနားခဲ့တဲ့ နေ့တစ်နေ့လို့ ပြောရမှာပါ..။ ဒါပေမယ့် ကျွန်တော်တို့ဟာ နှစ်ဂိုးပြန်ပြီး ခွင့်ပြုလိုက်ရတဲ့အပေါ် စိတ်ပျက်ခဲ့ရပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ပေးဂိုးမရှိပဲ ‘clean sheet’ ရခဲ့မယ်ဆိုရင် ပိုပြီးပြည့်စုံတဲ့အောင်ပွဲတစ်ပွဲ ဖြစ်ခဲ့မှာပါ..။ ဒါ့ကြောင့်ဒီနေ့ပွဲရဲ့ ကောင်းမွန်တဲ့အချက်တွေကို နောက်ပွဲအထိ ဆက်လက်သယ်ဆောင်သွားနိုင်ဖို့ လိုအပ်ပါတယ်..။”




ထူးခြာချက်အနေဖြင့် ဝုလ်ဖ်အသင်းနှင့်ပွဲတွင် နည်းပြဖရန့် လမ်းပတ် မှာ ၃- ၄- ၂- ၁ ကစားကွက်သို့ ပြောင်းလဲခဲ့ပြီး နည်းပြနူနို အက်စ်ပီဆီတို ၏ အားကောင်းသော ကွင်းလယ်ကို ရင်ဆိုင်ခဲ့သည်..။ သို့သော် တန်မီ အေဘရာဟမ် မှာ နည်းပြ၏ယုံကြည်မှုကို ဆက်လက်ရရှိခဲ့ပြီး လျှင်မြန်သည့် အသင်း၏ တိုက်စစ်ကို ဦးဆောင်ခွင့် ရရှိခဲ့သည်..။


“ပြီးခဲ့တဲ့ ရှက်ဖီးလ်အသင်းနဲ့ပွဲမှာ သုံးမှတ်အပြည့်မရခဲ့တာကြောင့် ကျွန်တော်တို့ဟာ စိတ်ပျက်ခဲ့ရပေမယ့် ဒီနေ့ပွဲမှာတော့ ဂိုးပြတ်အနိုင်ပွဲကြောင့် ကျေနပ်ခဲ့ရပါတယ်..။ ပွဲမတိုင်ခင် ကျွန်တော်တို့ဟာ အသင်းရဲ့ ကစားကွက်ကို အပြောင်းအလဲတစ်ချို့ ပြုလုပ်ခဲ့ပါတယ်.။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ အသင်းရဲ့ ကစားကွက်ပုံစံဟာ အရင်ပွဲတွေနဲ့ ခြားနားခဲ့ပေမယ့် အလုပ်ဖြစ်ခဲ့ပါတယ်..။


အသင်းဟာ တိုက်စစ်ကို ပြောင်းလဲတဲ့အချိန်မှာ အရမ်းကိုမြန်ဆန်သလို တန်ပြန်တိုက်စစ်ဆင်တဲ့အချိန်မှာ ကျွန်တော်တို့ဟာ တစ်ဖက်အသင်းကို ထိထိရောက်ရောက် အန္ထရာယ် ပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်.။ ဒါ့အပြင် နည်းပြ (gaffer) လိုချင်တဲ့အတိုင်း ဂိုးဧရိယာထဲမှုာ အသင့်ရောက်ရှိ နေရာယူနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်..။ ကျွန်တော်တို့ ငါးဂိုးရရှိခဲ့ပြီး သုံးမှတ်ရရှိခဲ့တာကြောင့် အရမ်းကိုကျေနပ် ဝမ်းသာမိပါတယ်..။”




တန်မီ အေဘရာဟမ် နှင့် မေဆန် မောင့် တို့မှာ ယခုနှစ်ဘောလုံးရာသီတွင် ခြေစွမ်းပြနေသည့် ကစားသမားများ ဖြစ်နေကြသော်လည်း လူငယ်နောက်ခံလူ တိုမိုရီ မှာ ထင်မှတ်မထားပဲ လှပသည့်အဝေးကန်ချက်ဖြင့် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်..။ အဆိုပါ လှပသည့်အဖွင့်ဂိုးကို သူ့အနေဖြင့် ဂိုးဝင်လိမ့်မည်ဟု မယုံကြည်ခဲ့သည့်အကြောင်း ယခုလို ပြောပြခဲ့ပါသည်..။


“သူ့ရှေ့ကိုဘောလုံးရောက်တဲ့အချိန် ‘ဖီကာရို.. မကန်လိုက်ပါနဲ့..’ လို့ စိတ်ထဲ စဉ်းစားမိလိုက်ပါသေးတယ်..။ ဒါပေမယ့် သူ့ရဲ့သွင်းဂိုးကို လူတိုင်းနှစ်သက်ခဲ့ကြပါတယ်..။ လေ့ကျင့်ကွင်းမှာတော့ နေ့တိုင်းသူ အဲဒီလိုကန်ချက်မျိုးတွေ ကြိုးစားကြည့်လေ့ ရှိပါတယ်..။ တစ်လွဲရောက်ကုန်တာများပြီး ပြတင်းပေါက်မှန်တောင် ကွဲဖူးပါသေးတယ်.. ဟားဟား..။ ဒါပေမယ့် ဒီနေ့တော့ သူ့ရဲ့ကြိုးစားခဲ့မှုတွေ အရာထင်ခဲ့တာပေါ့..၊ တကယ့်ကို လှပတဲ့ ကန်ချက်ပါ..။ ပွဲပြီးတဲ့အချိန် ကျွန်တော်တို့ဟာ ကွင်းထဲကနေ နောက်ဆုံးမှ ထွက်ခဲ့ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပွဲတွေမှာလည်း ချယ်လ်ဆီးအသင်းအတွက် ဒီလိုဂိုးတွေသွင်းပေးနိုင်အောင် ဘယ်လိုကြိုးစားကြမလဲ ဝိုင်းဝန်းတိုင်ပင်ခဲ့ကြတာကြောင့်ပါ..။ ဒီလိုအနိုင်ပွဲတွေနဲ့ အခုလိုသွင်းဂိုးတွေ ရရှိဖို့ ကျွန်တော်တို့ နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့ကြတာပါ..။”


တန်မီ အေဘရာဟမ် မှာ ချယ်လ်ဆီးအသင်းကြီးကို ပြန်လည်ရောက်ရှိခဲ့ပြီး အဓိကတိုက်စစ်မှူးအဖြစ် သြဂုတ်လတွင် အသင်း၏ ကျောနံပါတ် (၉) ကို ဆက်ခံခဲ့ပြီးနောက် ယခုအချိန်တွင် ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး ရရှိထားသည့် တိုက်စစ်မှူးအဖြစ် ရောက်ရှိခဲ့သည်..။ ထို့အပြင် Molineux ကစားကွင်းတွင် hat-trick သွင်းယူပေးနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သုံးပွဲဆက်တိုက် နှစ်ဂိုးနှင့်အထက် သွင်းယူပေးနိုင်ခဲ့သည့် အသက် (၂၁) နှစ်နှင့်အောက် ကစားသမား စာရင်းတွင် ဒယ်လီ အားလီ၊ ခရစ်စ်တီယာနို ရော်နယ်လ်ဒို တို့နှင့်အတူ ပါဝင်သွားခဲ့ပြီဖြစ်သည်..။ ထို့ကြောင့်သူ့အတွက် ချယ်လ်ဆီးအသင်းကြီးကို ပြန်လည်ရောက်ရှိခဲ့ပြီး အစကောင်းခဲ့သည်ဟု ပြောလို့ရသည့် အနေအထားဖြစ်သည်..။


“နောက်ပွဲတွေမှာလည်း အကောင်းဆုံး ကြိုးစား ကစားသွားမှာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။ ဒီလိုဖြစ်လာဖို့ နည်းပြကြီးအပေါ်မှာ အဓိကမူတည်နေတဲ့အတွက် ပွဲစဉ်တိုင်း၊ လေ့ကျင့်ကွင်း အစီအစဉ်တိုင်းမှာ အောင်ပွဲဆာလောင်စိတ်၊ သွင်းဂိုးတွေ ရယူလိုစိတ် ထက်သန်နေတယ်ဆိုတာ ပြသနေဖို့ လိုအပ်ပါတယ်..။


ဒီနေ့ပွဲမှာလည်း ပထမအပြီးမှာ အာရုံစူးစိုက်မှု အပြည့်အဝထားပြီး hat-trick ရအောင် ကြိုးစားဖို့ မှာကြားခဲ့ပါတယ်..။ နောက်ပိုင်းမှာလည်း ပွဲတိုင်းမှာ အာရုံစူးစိုက်မှု အပြည့်နဲ့ ရရှိလာတဲ့ အခွင့်အရေးတွေကို အမိအရ ဆုတ်ကိုင်နိုင်ဖို့ ကြိုးစားသွားရမှာပါ..။ ဒီနေ့မှာတော့ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ထိုက်တန်တဲ့ ဆုလာဘ်အဖြစ် သွင်းဂိုးတွေနဲ့ အနိုင်သုံးမှတ် ရရှိခဲ့တာကြောင့် ကျေနပ်ဖို့ကောင်းတယ်လို့ ပြောရမှာပါပဲ..။”