ဘရာဇီးလ် ကွင်းလယ်ဖန်တီးရှင် ဝီလီယံ မှာ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရသည့်ပြစ်ဒဏ် ချမှတ်ခံထားရသော်လည်း အသင်းမှ လူငယ်ကစားသမား အင်အားစုဖြင့် အောင်မြင်သည့် ဘောလုံးရာသီတစ်ခုကို ရရှိလိမ့်မည်ဟု ယုံကြည်ထားကြောင်း Sky Sports သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံခန်းတွင် ယခုလို ပြောကြားခဲ့သည်..။
“ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း ဆုဖလား၊ အောင်မြင်မှု တစ်ခုခုတော့ ရရှိလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်..။ ဒီနှစ်ဘောလုံးရာသီဟာ အခြေအနေ အရပ်ရပ်တွေကြောင့် ဆုဖလားတွေ ရရှိနိုင်ဖို့ ခက်ခဲပါလိမ့်မယ်.၊ ဒါပေမယ့် ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုရင် ဘောလုံးရာသီတိုင်းဟာ ခက်ခဲတာပါပဲ..။
အထူးသဖြင့် ဒေးဗစ် လူးဝစ်ဇ်၊ အီဒင် ဟာဇက် တို့လို ကစားသမားကြီးတွေကို လက်လွှတ်ခဲ့ရတာကြောင့် ကျွန်တော်တို့အတွက် ပိုပြီးခက်ခဲခဲ့တာ သေချာပါတယ်..၊ ဒါပေမယ့် ကျွန်တော်တို့အသင်းမှာ အရည်အသွေးမြင့် လူငယ်ကစားသမားတွေ ရှိနေပြီး သူတို့လေးတွေဟာ ဒီထက်ပိုပြီး တိုးတက်လာနိုင်မယ့် အလားအလာတွေ ရှိနေတယ်..၊ နောင်တစ်ချိန်မှာ လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်လာနိုင်မယ့်သူတွေ ဖြစ်ကြပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့အသင်းဟာ တောင့်တင်းတဲ့ အသင်းလို့ ယုံကြည်ထားပါတယ်..။
ဒါပေမယ့် ‘ချယ်လ်ဆီး’ ဆိုတာ ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်ပြီး အသင်းရဲ့အကျီကို ဝတ်ဆင်ရတာဟာ လေးလံတယ်..၊ တာဝန်ကြီးပါတယ်..။ ချယ်လ်ဆီး လိုအသင်းအနေနဲ့ ပြိုင်ပွဲတစ်ခုကို ပါဝင်ယှဉ်ပြိုင်ပြီဆိုတာနဲ့ အသင်းရဲ့ ရည်ရွယ်ချက်ဟာ အနိုင်ရရှိဖို့ပဲ ဖြစ်ရပါမယ်..။ ဘယ်လိုကစားသမားတွေ ရှိနေသည်ပဲဖြစ်စေ..၊ နည်းပြက ဘယ်သူပဲဖြစ်နေပါစေ.. နှစ်စဉ်နှစ်တိုင်းမှာ ဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တယ်..၊ ဆွတ်ခူးချင်ခဲ့ပါတယ်..။ ဒီနှစ်မှာလည်း အဲဒီအစဉ်အလာကို ဆက်ပြီးထိန်းထားနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။”
ထို့အပြင် ဝီလီယံ မှာ ဖရန့် လမ်းပတ် ကို ချီးမွမ်းခဲ့ပြီး အသင်းအနေဖြင့် သူ၏နည်းစနစ်များနှင့် အသားကျရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း အခုလို ပြောပြခဲ့သည်..။
“အခုအချိန်ထိ ဖရန့် ရဲ့ စွမ်းဆောင်ရည်ဟာ ကျေနပ်စရာပါ..။ သူဟာတကယ့်ကို ထူးချွန်တဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး သူ့ရဲ့လေ့ကျင့်ခန်း အရည်အသွေးတွေဟာ သိပ်ကိုကောင်းမွန်ပါတယ်..။ ကျွန်တော်တို့အသင်းသားတွေ အနေနဲ့ သူ့ရဲ့နည်းစနစ်..၊ အယူအဆတွေနဲ့ အသားကျအောင် အချိန်ယူရဦးမှာပါ..။ ဒါပေမယ့် ကျွန်တော်တို့ အကျွမ်းတဝင်ဖြစ်သွားအောင် ပြုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်..။”
အသက် (၃၁) နှစ်အရွယ်ရှိ ကွင်းလယ်ဖန်တီးရှင်မှာ ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့သလို နည်းပြ ဖရန့် လမ်းပတ် ၏ လက်ထက်တွင် ပွဲထွက်လူစာရင်း၌ တစ်ကြိမ်မှ ပါဝင်ခဲ့ခြင်း မရှိသေးပေ..။ သို့သော် ဝီလီယံ က သူ၏ကြံ့ခိုင်မှုအခြေအနေ အပြည့်အ၀ ကောင်းမွန်လာသည့်အချိန်တွင် အသင်းတွင် နေရာရလိမ့်မယ်ဟု ယုံကြည်ထားသည့်အကြောင်းကို ယခုလို ပြောပြခဲ့ပါသည်..။
“ကိုပါ အမေရိက ဖလားပြိုင်ပွဲမှာ ဘရာဇီးလ် အသင်းနဲ့အတူ ပါဝင်ခဲ့စဉ်မှာ ကျွန်တော်ဟာ ဒဏ်ရာရခဲ့တာကြောင့် လေ့ကျင့်ခန်း ပြန်လည်ဆင်းနိုင်ဖို့..၊ ကြံ့ခိုင်မှု အပြည့်အ၀ ပြန်လည်ကောင်းမွန်လာဖို့ အချိန်ယူခဲ့ရပါတယ်..။ ဒါပေမယ့် အခုဆိုရင် ကျွန်တော်ဟာ ရာနှုန်းပြည့် (၁၀၀%) ကြံ့ခိုင်မှု ပြန်လည်ရရှိနေပါပြီ..။ ဒါ့ကြောင့်အသင်းနဲ့အတူ ဆက်လက်ကြိုးစား လေ့ကျင့်သွားမှာဖြစ်ပြီး အခွင့်အရေး ရတဲ့အချိန်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်အောင် ကြိုးစားသွားမှာပါ..။”