feature-image

လီဗာပူးလ်အသင်းနဲ့ပွဲအပြီး လူမျိုးရေး ခွဲခြားခံခဲ့ရမှု အကြောင်းကို ပြန်ပြောပြခဲ့တဲ့ တန်မီ အေဘရာဟမ်

လွန်ခဲ့သည့် သြဂုတ်လအတွင်း ချယ်လ်ဆီးအသင်းက လီဗာပူးလ်အသင်းအား ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည့် UEFA စူပါဖလား ပွဲစဉ်တွင် လူငယ်တိုက်စစ်မှူး တန်မီ အေဘရာဟမ် ကန်သွင်းခဲ့သည့် နောက်ဆုံးပင်နယ်တီ ကန်ချက်ကို လီဗာပူးလ် ဂိုးသမား အေဒရီယန် ကာကွယ်နိုင်ခဲ့သည်..။


အဆိုပါဖြစ်ရပ်အပြီး အင်္ဂလန်လူငယ် တိုက်စစ်မှူးမှာ Social media ထက်မှ လူမျိုးရေးခွဲခြား တိုက်ခိုက်ခံခဲ့ရပုံများကို CNN သတင်းဌာနနှင့် တွေ့ဆုံခန်းတွင် ယခုလို ပြောပြခဲ့သည်..။


“ပွဲပြီးတဲ့အချိန် ကျွန်တော့်ရဲ့အမေနဲ့ စကားပြောခဲ့တာကို မှတ်မိနေပါတယ်..။ အမေဟာ အရမ်းကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်..။ သူမဟာ သည်းသည်းထန်ထန် ငိုကြွေးနေပြီး ‘ဘာလို့သူကျမှ ဖြစ်ရတာလဲ…? ဘာလို့သူကျမှ ဖြစ်ရတာလဲ..?’ ဆိုတဲ့ စကားကိုပဲ တတွတ်တွတ် ပြောနေတော့တာပါပဲ..။ အမေ့အတွက်က သူ့ရဲ့သားကို အခုလို လူမျိုးရေးခွဲခြားတဲ့ပုံစံတွေနဲ့ အတိုက်ခိုက်ခံနေရတာကို ဝမ်းနည်းနေတဲ့ပုံပါပဲ..။


အဖေကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ…။ ‘ငါ့သားရေ..၊ ဒါဟာဘာမှမဟုတ်ပါဘူး..။ social media ပေါ် ပြန့်နေတယ်ဆိုတဲ့ အရာတွေဟာ မင်းနဲ့မျက်နှာချင်းဆိုင် တွေ့တဲ့အချိန် ပြောတာနဲ့ အရမ်းကိုကွာခြားပါတယ်.။ ဒါ့ကြောင့်အဲဒီလို ပြောဆိုနေကြတဲ့အပေါ် ဘာမှစိုးရိမ်စရာမလိုပါဘူး..၊ အသေးအမွှားတွေပါပဲ..။’ လို့ အားပေးပါးတယ်..။


ကျွန်တော်ဟာ စိတ်ဓါတ်မာကျောတဲ့သူလို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားပါတယ်..။ ဒါ့ကြောင့်အဲဒီလို ပြောဆိုခံခဲ့ရတဲ့အပေါ် အရမ်းကြီးထိခိုက်ခဲ့တာ မရှိခဲ့ပါဘူး..။ ဒါပေမယ့် အခုလိုပြောဆို၊ တိုက်ခိုက်ခံခဲ့ရမှုဟာ စိတ်ဓါတ်ကြံ့ခိုင်မှု အားနည်းတဲ့သူတွေအတွက် အခက်အခဲ ရှိနိုင်ပါတယ်..။ ဒါ့ကြောင့်စိတ်လှုပ်ရှားမှုတွေ..၊ ထိန်းချုပ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်..။ ကျွန်တော့်အတွက်တော့ စိန်ခေါ်မှုတွေကို ဖြတ်ကျော်ခဲ့ရတယ်လို့ပဲ ပြောရမှာပါ..။”


လက်ရှိအချိန်တွင် တန်မီ အေဘရာဟမ် မှာ ချယ်လ်ဆီးအသင်းအတွက် လေးဂိုးသွင်းယူနိုင်ခဲ့ပြီး ဖြစ်သော်လည်း လူမျိုးရေး ခွဲခြားခံရမှုများကို ယခုထိ ခံစားနေရဆဲဖြစ်ကြောင်း ပြောပြခဲ့သည်..။


“အဲဒီဖြစ်ရပ်တွေဟာ ပြီးဆုံးသွားခဲ့ပြီလို့ ကျွန်တော်ထင်ခဲ့ပါတယ်..။ ဒါပေမယ့် အခုအချိန်ထိ အဲဒီလို ခွဲခြားဆက်ဆံမှုတွေနဲ့ ပြောဆိုခံနေရတုန်းပါပဲ..။ ဒါဟာတစ်ချို့တိုင်းပြည်တွေမှာပဲ ဖြစ်တာလား..? ‘No.’ မဟုတ်ဘူးဗျ..။ တကယ်တော့ အခုခေတ်အခါမှာ ဒီဖြစ်ရပ်တွေအကြောင်း ပြောဆိုနေရတာဟာ မဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်..။”




အသက် (၂၁) နှစ်အရွယ် လူငယ်တိုက်စစ်မှူးမှာ စူပါဖလားပွဲစဉ်က အဆုံးအဖြတ် ပင်နယ်တီကန်ချက်ကို လွဲချော်ခဲ့မှုကြောင့် အဝေဖန်ခံခဲ့ရသော်လည်း လက်ရှိအချိန်တွင် ခြေစွမ်းပြနေနိုင်ခဲ့ခြင်းမှာ သူ၏အသင်းဖော်များနှင့် နည်းပြဖရန့် လမ်းပတ် တို့၏ အားပေးခဲ့မှုတို့က အဓိက ကျခဲ့ကြောင်း ယခုလို ပြောပြခဲ့သည်..။


“အဲဒီလို ခွဲခြား၊ ဆက်ဆံခံရမှုတွေ အမြဲတမ်း ရှိနေခဲ့ပေမယ့် နည်းပြဖရန့် လမ်းပတ် က ကျွန်တော့်ကို အမြဲတမ်း နွေးနွေးထွေးထွေး အားပေးတယ်..၊ မြှင့်တင်ပေးပါတယ်..။ အဲဒီနေ့ကပွဲပြီးပြီးချင်းမှာလည်း ကစားသမားတွေ..၊ မန်နေဂျာနဲ့ ချယ်လ်ဆီးအသင်းက လူတိုင်းဟာ ကျွန်တော့်ဘက်မှာ ရှိခဲ့ပါတယ်..။ နောက်ရက်မှာ ဖရန့် က ကျွန်တော့်ကို ခေါ်တွေ့ပြီး ဘယ်လိုခံစားနေရလဲဆိုတာ သေသေချာချာ မေးမြန်းခဲ့ပါတယ်..။


ကျွန်တော့်ရဲ့စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲဆိုတာ သူကောင်းကောင်းနားလည်နေတာကြောင့် အဲဒီခံစာခးျက်တွေနဲ့ ရှေ့ဆက်မှာကို သူမလိုလားပါဘူး..။ ဒါပေမယ့် အဲဒီလို ပြောဆို၊ တိုက်ခိုက်ခံခဲ့ရမှုတွေကြောင့် ကျွန်တော့်ရဲ့ အနာဂတ်ကို ထိခိုက်မှာလည်း သူစိုးရိမ်ခဲ့ပါတယ်..။ အဲဒီလို ခက်ခဲတဲ့အချိန်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အခုလို စိတ်ရင်းအမှန်နဲ့ အားပေးတဲ့သူတွေ..၊ ထောက်ခံပေးနေတဲ့သူတွေ ရှိနေခဲ့တာ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။”