feature-image

ရီစီ ရဲ့ ချန်ပီယံလိဂ်ဂိုးကို မကြည့်လိုက်ရဘူး ဆိုတဲ့ ‘ နိုင်ဂျယ် ဂျိမ်းစ်

အသက် (၁၉) နှစ်အရွယ် လူငယ်ညာနောက်ခံလူ ရီစီ ဂျိမ်းစ် မှာ အိုင်းယက်စ်အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် စတုတ္ထ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး အသင်း၏ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်ခဲ့သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်.။

သို့သော်သူ၏ဖခင်ဖြစ်သူ နိုင်ဂျယ် ဂျိမ်းစ် မှာ သားဖြစ်သူ၏ အမှတ်တရ ဂိုးသွင်းချိန်လေးကို ကြည့်ရှုခွင့် မရခဲ့ပေ..။ နည်းပြတစ်ဦးဖြစ်သူ နိုင်ဂျယ် မှာ အပျော်တမ်းလိဂ် အသင်းတစ်သင်းဖြစ်သည့် Hanworth Villa လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းကို နည်းပြလျှက်ရှိပြီး အင်္ဂါနေ့က ရီစီ ဂျိမ်းစ် ပါဝင်ခဲ့သည့် ချယ်လ်ဆီးအသင်း၏ ချန်ပီယံလိဂ် ပွဲစဉ်နှင့် တစ်ချိန်တည်းတွင် သူ၏အသင်းမှာလည်း ဂျီလီဟမ်အသင်းနှင့် ယှဉ်ပြိုင်နေခဲ့ရသည်..။ အဆိုပါပွဲစဉ်တွင် သူ၏အသင်းမှာ လိဂ်ဝမ်းပြိုင်ပွဲမှ ဂျီလီဟမ် အသင်းကို မထင်မှတ်ပဲ ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရသွားခဲ့သည်..။ သူ၏သားဖြစ်သူ ရီစီ တစ်ယောက် ဂိုးသွင်းယူနိုင်ခဲ့စဉ် အခိုက်အတန့်အကြောင်းကို နိုင်ဂျယ် က အခုလို ပြန်ပြောင်းပြောပြခဲ့သည်..။



“ကျွန်တော်တို့ပွဲက ပွဲပြီးဖို့ (၁၀) မိနစ်လောက်ပဲ လိုပါတော့တယ်..။ အဲဒီအချိန်မှာ ဂျီလီဟမ်အသင်းက ချေပဂိုးရနိုင်ဖို့ ကျွန်တော်တို့ကို တက်ဖိပြီးကစားနေပါတယ်..။ ရုတ်တရက်ဆိုသလို ပွဲကြည့်စင်ပေါ်ကနေ ‘ဟေး’ ကနဲ အော်သံကြီး ကြားလိုက်ရတယ်ဗျ..။ နောက်လှည့်ပြီး ကြည့်လိုက်တော့ ရီစီ ဂိုးသွင်းပေးလိုက်ပြီ ဆိုတဲ့အကြောင်းကို ပရိသတ်တွေက အော်ပြီးပြောကြပါတယ်..။ အဲဒီသတင်းကို ကြားလိုက်ရတဲ့အချိန် သူ့အတွက် ဝမ်းသာဂုဏ်ယူမိပေမယ့် ဒီဘက်က ပွဲမပြီးသေးလို့ ဒီဘက်ပွဲကိုပြန်ပြီး အာရုံစိုက်ရပါတော့တယ်..။

ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော့်ချာတိတ်တွေက အနိုင်ရလဒ်ကို ဆက်ပြီးထိန်းထားနိုင်ခဲ့ပါတယ်..။ ပွဲလည်းပြီးရော ကျန်တဲ့နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေကို အဝတ်လဲခန်းထဲမှာပဲ ထားခဲ့ပြီး ပွဲကြည့်စင်ဘက်ကို ကျွန်တော်ပြန်လာခဲ့ပါတယ်..။ အဲဒီမှာပဲ ပရိသတ်တစ်ယောက်ရဲ့ဖုန်းနဲ့ ချယ်လ်ဆီးပွဲကို ပြီးတဲ့အထိ ကြည့်ခဲ့ပါတယ်..။

အဲဒီအခိုက်အတန့်ဟာ ရီစီ အတွက် ဘယ်လောက်တောင် အရေးကြီးခဲ့မလဲ တွေးကြည့်နိုင်ပါတယ်..။ သူဟာချယ်လ်ဆီးအသင်းကို ခြောက်နှစ်အရွယ်ကတည်းက ရောက်ရှိခဲ့တာ ဖြစ်တဲ့အတွက် ချယ်လ်ဆီးအသင်းဟာ သူ့ရဲ့မိသားစုလိုပါပဲ..။ သူ့ရဲ့အောင်ပွဲခံတဲ့ပုံကို ကြည့်မယ်ဆိုရင် ဘယ်လောက်တောင် စိတ်လှုပ်ရှားပြီး စိတ်ပါလက်ပါ အောင်ပွဲခံခဲ့သလဲဆိုတော တွေ့နိုင်ပါတယ်..။

ပွဲပြီးတော့ သူ့ဆီဖုန်းဆက်တဲ့အချိန် အရမ်းကိုပျော်ရွှင်နေတဲ့အကြောင်း သူကပြောပါတယ်..။”



ရီစီ ဂျိမ်းစ် မှာ နောင်တစ်ချိန်တွင် ထွန်းတောက်လာမည်ဟု ထင်ကြေးပေးခံရသော လူငယ်သွေးသစ် ကစားသမားများတွင် ပါဝင်သည့်သူတစ်ဦးဖြစ်သလို သူ၏ဖခင် နိုင်ဂျယ် မှာလည်း လူတန် တောင်း၊ အယ်လ်ဒါရှော့တ် အသင်းများတွင် ဘောလုံးသမားတစ်ယောက် ဖြစ်ခဲ့ပြီး ယခုအချိန်တွင် နည်းပြအဖြစ်သာမက ကင်းထောက်တစ်ဦးအဖြစ်လည်း တာဝန်ယူလျှက်ရှိသည်..။

ထို့အပြင် သူတို့မိသားစုတစ်ခုလုံးမှာ ဘောလုံးလောကနှင့် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး အစ်ကိုဖြစ်သူ ဂျော့ရှ်ဝါ က ဖူးလ်ဟမ်းနှင့် ရက်ဒင်းအသင်းများတွင် ကစားလျှက်ရှိသည်..။ အသက် (၁၈) နှစ်အရွယ်ရှိ ညီမ လော်ရန် မှာ မန်ချက်စတာ ယူနိုက်တက်အသင်းတွင် ရောက်ရှိနေပြီး နောင်တစ်ချိန်တွင် ကမ္ဘာ့အကောင်းဆုံး အမျိုးသမား ဘောလုံးသမား တစ်ယောက် ဖြစ်လာနိုင်မည့် အလားအလာရှိသူအဖြစ် ထင်ကြေးပေးခံရသူများတွင် ပါဝင်ခဲ့သည်..။

“ရီစီ ဟာ ပြီးခဲ့တဲ့အပါတ်က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ Carabao ဖလားပွဲမှာ ပါဝင်ခဲ့ရပေမယ့် အဲဒီပွဲကိုလည်း ကျွန်တော်မကြည့်ခဲ့ရပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီပွဲနဲ့ တစ်ချိန်တည်းမှာ ကျွန်တော်တို့အသင်းဟာ FA လူငယ်ဖလား ခြေစစ်ပွဲစဉ်အဖြစ် Dover Athletic အသင်းနဲ့ ယှဉ်ပြိုင်နေခဲ့တဲ့အတွက် ဖြစ်ပါတယ်..။ နောက်တစ်ဆင့်အတွက် မဲခွဲပြီးတဲ့အခါ ကျွန်တော်တို့ဟာ ဂျီလီဟမ်အသင်းနဲ့ ကန်ရမယ်မှန်းသိတဲ့အချိန် အိုင်းယက်စ်အသင်းနဲ့ပွဲကို ကျွန်တော်ကြည့်နိုင်တော့မှာ မဟုတ်တဲ့အကြောင်း သူ့ကိုပြောလိုက်ပါတယ်..။ ကျွန်တော့်ကို နားလည်ပေးနိုင်မှာ ဖြစ်ပေမယ့် သူနည်းနည်းတော့ စိတ်ပျက်သွားခဲ့ပါတယ်..။

ဒါ့အပြင် ချယ်လ်ဆီးအသင်းမှာ သူမှန်းထားသလောက် ကစားခွင့်မရတဲ့အပေါ်လည်း နည်းနည်းတော့ စိတ်ပျက်ပါလိ်မ့်မယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကိုအမြဲတမ်း ပြောပါတယ်..။ မိနစ် (၉၀) ပဲ ကစားရ..၊ တစ်မိနစ် ကစားရ.. ကစားရတဲ့အခွင့်အရေးတိုင်း၊ မိနစ်တိုင်းအတွက် အားလုံးကို ကျေးဇူးတင်ရမယ်..၊ ကိုယ်ပါဝင်ရတဲ့ မိနစ်တိုင်းကို အသင်းအတွက် အကောင်းဆုံး ပေးဆပ်ရင်း အကျိုးပြုနိုင်အောင် ကြိုးပမ်းရမယ်လို့ မှာကြားပါတယ်..။




သူဟာဝီဂန်အသင်းမှာတုန်းက တစ်ရာသီလုံးအတွင်း (၄၆) ပွဲ ကစားခဲ့ရသလို အပါတ်စဉ်တိုင်း အကောင်းဆုံး လေ့ကျင့်နိုင်ခဲ့တယ်..၊ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့တယ်..၊ အပါတ်စဉ်တိုင်းလိုလို ပါဝက်ကစားခွင့် ရခဲ့ပါတယ်..။ ဒါ့ကြောင့်လေ့ကျင့်ကွင်းမှာ အကောင်းဆုံး ကစားပြနိုင်ခဲ့ရင် လာမယ့်ပွဲစဉ်မှာ ပါဝင်နိုင်မယ်ဆိုတာ သေချာပေမယ့် ချယ်လ်ဆီးအသင်းမှာတော့ အဲဒီလို သေချာမှာ မဟုတ်ပါဘူး..။ ဒါ့ကြောင့်သူ့အနေနဲ့ ခြားနားတဲ့ အခြေအနေကို လက်ခံနိုင်အောင် ပြင်ဆင်ရမှာပါ..။ ဒါဟာသူ့အတွက် ခက်ခဲပါလိမ့်မယ်..၊ ဒါပေမယ့် အဲဒီအတွေ့အကြုံမျိုးဟာ သူ့ရဲ့တိုးတက်မှုဖြစ်စဉ် တစိတ်တပိုင်းပါပဲ..။ အသင်းကလည်း သူ့ရဲ့ခြေစွမ်းနဲ့ အလားအလာကို ကောင်းကောင်းသိပါတယ်..။ ဒါ့ကြောင့်သူ့အနေနဲ့ စိတ်ရှည်ရှည်ထားပြီး မှန်ကန်တဲ့စိတ်ဓါတ်၊ ကြိုးစားမှုတို့နဲ့ ရှေ့ဆက်သွားရမှာပါ..။”

သားဖြစ်သူ၏ လက်ရှိချယ်လ်ဆီးအသင်းမှ အနေအထားနှင့် ရှေ့အလားအလာအပေါ် နိုင်ဂျယ် က အထက်ပါအတိုင်း ပြောပြခဲ့သည်..။ လက်ရှိအချိန်တွင် နိုင်ဂျယ် ကိုင်တွယ်နေသော Hanworth Villa လူငယ်အသင်းမှာ FA လူငယ်ဖလားပြိုင်ပွဲ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီး AFC ဝင်ဘယ်လ်ဒန်အသင်းနှင့် လာမည့်အပါတ်တွင် ထပ်မံယှဉ်ပြိုင်ရပါမည်.။ ချယ်လ်ဆီးအသင်းမှာ နိုင်ငံတကာ ပွဲစဉ်များကြောင့် လာမည့်အပါတ်တွင် ယှဉ်ပြိုင်ရမည့် ပွဲစဉ်မရှိသောကြောင့် နိုင်ဂျယ်အနေဖြင့် ယခင်အပါတ်များတွင် ကြုံခဲ့ဖူးသော အခက်အခဲမျိုး ရင်ဆိုင်ရဖွယ် မရှိပေ..။

ချယ်လ်ဆီးအသင်းတွင် အနာဂတ် အလားအလာကောင်းများ ပိုင်ဆိုင်ထားပြီး တစ်ပါတ်ပြီးတစ်ပါတ် အသင်းတွင် နေရာပိုမို ရရှိလာမည့် ရီစီ ဂျိမ်းစ် ၏ ပွဲစဉ်များ၊ ခြေစွမ်းကောင်းများကို သူ၏ဖခင်ဖြစ်သူ နိုင်ဂျယ် တစ်ယောက် အမြဲမပြတ် ကြည့်ရှုခွင့် ရနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်..။