feature-image

ချယ်လ်ဆီးအသင်း ၏ အပြောင်းအရွှေ့ ပိတ်ပင်ခံခဲ့ရသည့် ပြစ်ဒဏ်တွင် ပါဝင်ခဲ့သော ဘီလီ ဂေးလ်မား ၏ အပြောင်းအရွှေ့

နောင်တစ်ချိန်တွင် ထွန်းတောက်မည့် ကစားသမားတစ်ယောက်အဖြစ် ရေပန်းစားခဲ့သော စကော့တလန် ကွင်းလယ်ကစားသမား ဘီလီ ဂေးလ်မား မှာ ဗုဒ္ခဟူးနေ့က မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော Carabao ဖလားပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်းကြီးနှင့် ပွဲထွက်ခွင့် ရရှိခဲ့သည်..။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ချယ်လ်ဆီးအသင်း၏ လူငယ်ကစားသမား အပြောင်းအရွှေ့များနှင့် ပတ်သက်သည့် တွေ့ရှိချက်အသေးစိတ်များကို မနေ့ကထုတ်ပြန်ခဲ့ရာတွင် ဘီလီ ဂေးလ်မား နှင့် ဂျူအန် ကားလို့စ် ကာစတယ်လို တို့နှစ်ဦးစလုံးမှာ အပြောင်းအရွှေ့ ပြုလုပ်ခွင့် မရရှိမီကပင် ချယ်လ်ဆီးအသင်းက တရားမဝင် သဘောတူညီမှုများ (third party agreements) ကြိုတင်ရယူထားပြီး ထိန်းချုပ်မှုများ ပြုလုပ်ထားခဲ့ကြောင်း ဖော်ပြခဲ့သည်..။ အဆိုပါ စွပ်စွဲချက်များအပေါ် ချယ်လ်ဆီးအသင်းဘက်က  ဥပဒေချိုးဖောက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သော်လည်း ဘီလီ ဂေးလ်မား အပါအဝင် အချို့လူငယ်ကစားသမားများမှာ တရားဝင် ပြောင်းရွှေ့ခွင့်မရရှိမီကပင် ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်းများစွာ ကစားပေးခဲ့ကြောင်း FIFA စုံစမ်းစစ်ဆေးရေးအဖွဲ့က ထောက်ပြခဲ့သည်..။

ဘီလီ ဂေးလ်မား မှာ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ချယ်လ်ဆီးအသင်းသို့ စကော့တလန် လိဂ်ပြိုင်ပွဲဝင် ရိန်းဂျားအသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၅၀,၀၀၀) ဖြင့် ရောက်ရှိလာခဲ့သည်..။ သို့သော် ထိုသို့တရားဝင် ပြောင်းရွှေ့ခွင့်မရခင် မေလကတည်းမှပင် ရိန်းဂျားအသင်းအနေဖြင့် ချယ်လ်ဆီးအသင်း၏ ခွင့်ပြုချက်မရပဲ ဂေးလ်မား အား အဌားချ (သို့မဟုတ်) အပြီးသတ် ရောင်းချခွင့် မရှိကြောင်း သဘောတူစာချုပ်နှင့် ချယ်လ်ဆီးအသင်းမှ အလိုရှိပါက အသင်းအတွက် ချစ်ကြည်ရေးပွဲစဉ်များတွင် ပါဝင်ကစားခွင့်ပြုရန် သဘောတူစာချုပ်များကို ကြိုတင်ချုပ်ဆိုခဲ့သည်..။ ဟော်လန်လိဂ် ပြိုင်ပွဲဝင် အိုင်းယက်စ်အသင်းမှာလည်း လူငယ်ကစားသမား ဂျူအန် ကာလို့စ် ကာစတယ်လို အား ချယ်လ်ဆီးအသင်းသို့ မပြောင်းရွှေ့မီ လန်ဒန်အသင်းနှင့် အလားတူ သဘောတူညီမှုများ ကြိုတင် ချုပ်ဆိုခဲ့သောကြောင့် ဒဏ်ငွေစတာလင်ပေါင် (၇၈,၀၀၀) ချမှတ်ခြင်း ခံခဲ့ရသည်..။




အဆိုပါ အပြောင်းအရွှေ့ နှစ်ခုစလုံးမှာ ချယ်လ်ဆီးအသင်း၏ အယူခံပယ်ချခံရခြင်း၏ အကြောင်းရင်းများတွင် ပါဝင်ခဲ့ကြောင်းသိရသည်..။ FIFA ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့က ချယ်လ်ဆီးအသင်းမှာ လူငယ်ကစားသမား အပြောင်းအရွှေ့ (၇၁) ဦးတွင် ဥပဒေချိုးဖောက်မှု (၁၅၀) ကျော် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြခဲ့သည်..။ အဆိုပါ ဥပဒေချိုးဖောက်မှု (၁၅၀) ထဲတွင် နိုင်ငံရပ်ခြားမှ လူငယ်ကစားသမားခေါ်ယူခဲ့ရာတွင် ဥပဒေ ချိုးဖောက်မှု (၂၇) ခု၊ FIFA မှ ပြဌာန်းထားသော လုပ်ထုံးလုပ်နည်း ချိုးဖောက်မှု (၁၂၃) ခုတို့ ပါဝင်ကြောင်း ဖော်ပြခဲ့သည်..။

FIFA မှ အပြောင်းအရွှေ့ ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ရာတွင် ပါဝင်ခဲ့သော အခြားထင်ရှားသည့် အပြောင်းအရွှေ့မှာ ဘူကီနာဖာဆို လူငယ်တိုက်စစ်မှူး ဘာထရန် ထရာအိုရေး ၏ အပြောင်းအရွှေ့လည်း ပါဝင်ခဲ့သည်..။ ထရာအိုရေး မှာ ၂၀၁၄ ခုနှစ်တွင် ချယ်လ်ဆီးအသင်းနှင့် မှတ်ပုံမတင်မီ ချယ်လ်ဆီးအသင်းက တစ်နှစ်လျှင် စတာလင်ပေါင် (၂၀,၀၀၀) ပေးချေပြီး Crydon ရှိ Whitgift School တွင် သုံးနှစ်ကြိုတင် တက်ရောက်စေရန် စီစဉ်ပေးခဲ့သည်..။




ထို့အပြင် အမည်မဖော်ပြထားသော လူငယ်ကစားသမား (Player 6) မှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အသင်းနှင့် စမ်းသပ်လေ့ကျင့်သည့် ကစားသမား (trialist) အဖြစ်သာ မှတ်ပုံတင်ထားခဲ့သော်လည်း ပွဲပေါင်း (၇၅) ပွဲကျော် ချယ်လ်ဆီးအသင်းအတွက် ကစားပေးခဲ့ရကြောင်း ဖော်ပြခဲ့သည်..။

ချယ်လ်ဆီးအသင်းကမူ အဆိုပါပွဲစဉ်များမှာ အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ် (FA) က ကြီးမူးကျင်းပသည့် ပွဲစဉ်များ မဟုတ်ပဲ လေ့ကျင့်ရေး ပွဲစဉ်များသာ ဖြစ်သောကြောင့် FIFA ၏ ပြဌာန်းချက်များကို အတိအကျ လိုက်နာရန် မလိုအပ်ဟု ထင်မြင်ကြောင်း၊ မိမိတို့အသင်းအား အပြစ်ဒဏ် ချမှတ်လိုသည့် ဦးတည်ချက်ဖြင့် မိမိအသင်းကိုသာ သီးခြားဆောင်ရွက်ခဲ့သည့် စစ်ဆေးမှုများသာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်..။ သို့သော် FIFA စုံစမ်းစစ်ဆေးရေး အဖွဲ့က အဆိုပါကစားသမားများမှာ ချယ်လ်ဆီးအသင်းနှင့် တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသေးပဲ အင်္ဂလိပ် ဘောလုံးအဖွဲ့ချုုပ် (FA) က ကမကထ ပြုလုပ်၊ ကျင်းပသည့် ပွဲစဉ်များတွင် ပါဝင်ခဲ့သည့် အထောက်အထားများ တွေ့ရှိရကြောင်း ပြန်ကြားခဲ့သည်..။

 ချယ်လ်ဆီးအသင်းမှာ အဆိုပါ အပြောင်းအရွှေ့နှစ်ရာသီ ပိတ်ပင်ခံထားရသည့် ပြစ်ဒဏ်အပေါ် အားကစားဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းသည့်ခုံရုံး (CAS) သို့ အယူခံဝင်ထားပြီး အားကစားခုံရုံးမှ ဆုံးဖြတ်ချက် ချမှတ်မည့်နေ့ရက်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်..။ သို့သော်ချယ်လ်ဆီးအသင်း အနေဖြင့် အယူခံအဆုံးအဖြတ် ခံယူပြီးပါက လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ကစားသမားသစ်များ ပြန်လည်ခေါ်ယူခွင့် ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်နေသည်..။