"သူတို့ဟာ ကွင်းလယ်က တည်ငြိမ်မှုကို ပေးစွမ်းပါတယ်။" ဆိုပြီး ဇာဘီ အလွန်ဆို က သတင်းစာရှင်းလင်းပွဲ ခုံတန်းမှာ ခန္ဓာကိုယ်ကို အနည်းငယ်မတ်လိုက်ပြီး သူ့ရဲ့ရင်ဘတ်ကို လက်ညှိုးထိုးပြရင်း ပြောခဲ့ပါတယ်။ "သူတို့က တည်ငြိမ်မှုကို ဖြစ်ပေါ်စေပါတယ်။"
စပိန်လူမျိုး မန်နေဂျာရဲ့ လက်ထက်မှာ ချဲလ်ဆီးအသင်းဟာ ရလဒ်ပိုင်း မတည်ငြိမ်မှုနဲ့ အစပျိုးခဲ့ရပေမယ့် ပြီးခဲ့တဲ့ စနေနေ့က ဘုန်းမောက်ကို ၅ဂိုး- ၁ဂိုးနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့ မွိုက်စ် ကိုင်ဆီဒို နဲ့ ဂျော်ဒန် ဟန်ဒါဆင် ကွင်းလယ်အတွဲအဖက်ဟာ အသင်းအတွက် ထိန်းချုပ်မှုနဲ့ ဟန်ချက်ညီမှုကို ယူဆောင်လာပေးနိုင်ခဲ့ပါတယ်။
"ကျနော့်အတွက်တော့ အဲ့ဒီနေရာကို ကြံ့ခိုင်တောင့်တင်းအောင် တည်ဆောက်နိုင်ဖို့က အဓိကအကျဆုံးပါပဲ" လို့ ပွဲအပြီးမှာ အလွန်ဆိုက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ရာသီအစပိုင်း ပွဲစဉ်တွေမှာ ချဲလ်ဆီးရဲ့ ထက်မြက်လှတဲ့ တိုက်စစ်ကစားပုံတွေဟာ သူတင်ကိုယ်တင်၊ အပြန်အလှန် တိုက်စစ်ဆင်ကြတဲ့ ပွဲတွေမှာ ပေါက်ပြဲလွယ်တဲ့ခံစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရတယ်ဆိုတာ သူကောင်းကောင်း သိထားပါတယ်။
အဖြေကတော့ ကွင်းလယ်ပိုင်းမှာ ရှိနေပါတယ်။
ကွင်းလယ်ဗဟိုမှာ ထင်ရှား၊ ကျော်ကြားခဲ့တဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့တဲ့ အလွန်ဆို ဟာ ပရီးမီးယားလိဂ် ပထမဆုံးပွဲစဉ် (၆) ပွဲအတွင်းမှာ အဲ့ဒီနေရာအတွက် အတွဲအဖက် အမျိုးမျိုးကို စမ်းသပ်၊ အသုံးပြုခဲ့ပါတယ်။

ရိစ် ဂျိမ်းစ် ဟာ ပုံမှန်ရွေးချယ်ခံရတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီး အသင်းခေါင်းဆောင်ဟာ ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် နောက်ထပ်လအနည်းငယ် အနားယူရတော့မှာ ဖြစ်တဲ့အတွက် အလွန်ဆို အနေနဲ့ အခြားရွေးချယ်စရာတစ်ခုခုကို မဖြစ်မနေ ရှာဖွရတော့မှာ ဖြစ်ပါတယ်။
ဒီနေ့ညနေမှာ ယှဉ်ပြိုင်မယ့် အဲဗာတန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာတော့ အလွန်ဆို ဟာ ကိုင်ဆီဒို နဲ့ ဟန်ဒါဆင် အတွဲအဖက်ကို ဆက်လက်သုံးစွဲသွားဖွယ်ရှိနေပြီး အဲဒီအတွဲအဖက်ဟာ သူ့ရဲ့ရှေ့ခရီးလမ်းမှာ အဓိကကွင်းလယ် တွဲဖက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ သူတို့နှစ်ဦးကလည်း ပြီးခဲ့တဲ့ပွဲစဉ်မှာ သူတို့တွေရဲ့ စရိုက်လက္ခဏာနဲ့ အရည်အသွေးတွေကို ထင်ထင်ရှားရှား ပြသသွားခဲ့ကြပါတယ်။
ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ မွိုက်စ် ကိုင်ဆီဒို ဟာ ခံစစ်ပိုင်းပြဿနာအတွက် အဓိကသော့ချက် အစိတ်အပိုင်းတစ်ခု ဖြစ်နေမှာပါ။ အီကွေဒေါ ကစားသမားလေးဟာ ဘုန်းမောက်နဲ့ပွဲမှာ ပွဲချိန် (၇၂) မိနစ်အထိ ပါဝင်မကစားခင် အခုဘောလုံးရာသီမှာ ကစားချိန် (၁၄) မိနစ် သာ ရရှိထားခဲ့ပါတယ်။
စတန်းဖို့ဒ် ဘရစ်ချ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာတော့ အသင်းအပေါ်မှာ သူ့ရဲ့ပေးစွမ်းနိုင်ခဲ့တဲ့ သက်ရောက်မှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်။ သူဟာ ချဲလ်ဆီးအတွက် ဖျက်ထုတ်မှု (tackles) အများဆုံးနဲ့ ဘောလုံးလမ်းကြောင်း ဖြတ်တောက်မှု (Interceptions) အများဆုံး ပြုလုပ်နိုင်ခဲ့သလို ရလာတဲ့ ဘောလုံးတွေကိုလည်း ထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့ပါတယ်..။ သူ့ရဲ့ဘောလုံးပေးပို့မှု တိကျမှုနှုန်း (passing accuracy rate) ဟာ (၉၆.၄ %) ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး အဲဒီပွဲက နှစ်သင်းစလုံးရဲ့ ပွဲထွက်ကစားသမားတွေထဲမှာ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။

“သူနဲ့ဆိုရင် ကျနော်တို့အသင်းမှာ ပိုပြီးတောင့်တင်းတဲ့ ကွင်းလယ်ပိုင်းကို ပိုင်ဆိုင်လာမှာပါ။” လို့ အလွန်ဆို က ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။
“ကွင်းလယ်မှာ ပိုကောင်းလာတဲ့အခါ အသင်းတစ်သင်းလုံးဟာ ပိုပြီးပြည့်စုံလာပါတယ်..။ ဒါဟာ ကျနော်တို့ အခြေခံ တည်ဆောက်သွားရမယ့် အရာတစ်ခုလို့ ထင်ပါတယ်။ သူဟာ ကျနော်တို့အတွက် အဓိကကစားသမား တစ်ယောက် ဖြစ်လာမှာပါ။ အဲ့ဒါကို ကျနော်တို့သိထားခဲ့သလို ဒီနေ့မှာလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးပါပြီ။”
ဒါပေမယ့် ကိုင်ဆီဒို က သူမျှော်လင့်ထားတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို ဟန်ဒါဆင် ကလည်း လှပတဲ့ အဝေးကန်ချက် သွင်းဂိုးအပြင် တိုက်ရိုက်ပြစ်ဒဏ်ဘော ကန်ချက်ကနေပါ လှလှပပ ကန်သွင်းခဲ့ပြီး သွင်းဂိုးနှစ်ဂိုး ရယူပေးခဲ့ပါတယ်..။ ဒါ့အပြင်ဖန်တီးမှုကောင်း တစ်ချို့ကိုပါ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အသက် (၃၆) နှစ်အရွယ်ရှိနေပြီ ဖြစ်ပေမယ့် သူ့ရဲ့ဘက်စုံကစားနိုင်စွမ်း၊ အသင်းကို ပေးဆပ်နိုင်တဲ့ သက်ရောက်မှုကတော့ ဝေဖန်သူတွေအတွက် ပိုပြီးလို့တောင် အံ့အားသင့်စရာ ဖြစ်စေခဲ့မှာ သေချာပါတယ်။
လီဗာပူးလ် အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၂၃ ခုနှစ်တုန်းက အယ်လ် အီတီဖက် အသင်းဆီကို အငြင်းပွားဖွယ် ပြောင်းရွှေ့မှုနဲ့ အဲ့ဒီကဆင့် အိုင်းယက်စ်မှာ ကြုံတွေ့ခဲ့ရတဲ့ ရုန်းကန်မှုတွေက သူ့ရဲ့ ကစားသမားဘဝ နိဂုံးချုပ်ပြီလို့တောင် ထင်မှတ်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဘရန့်တ်ဖို့ဒ်အသင်းက သူ့ကိုအင်္ဂလိပ်မြေဆီ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီးနောက် အင်္ဂလိပ်လက်ရွေးစင် အသင်းမန်နေဂျာ သောမတ်စ် တူဟယ်လ် က မတူညီနဲ့ အမြင်တစ်မျိုးနဲ့ စဉ်းစားခဲ့ပြီး ဟန်ဒါဆင် ကို ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းထဲ ထည့်သွင်း ခေါ်ဆောင်သွားခဲ့ပါတယ်။

အခုအခါမှာတော့ အလွန်ဆိုက သူ့ကို ပိုပြီးအရေးပါတဲ့ အခန်းကဏ္ဍတစ်ခု တာဝန်ပေးအပ်နေပါပြီ။
"ကျနော်တို့ သူ့ကိုခေါ်ယူခဲ့တာ အရာရာအားလုံးအတွက်ပါ။ တကယ်လို့သူဟာ ဒီနေ့ပွဲမှာ သွင်းယူပေးခဲ့သလို လှလှပပ ကန်ချက်တွေနဲ့ ဂိုးတွေဆက်ပြီး ရယူပေးခဲ့မယ်ဆိုရင်တော့ ကျနော်တို့အတွက် အတိုးထက် အလွန်ပါပဲ..။” ဆိုပြီး ဘုန်းမောက်အသင်းနဲ့ပွဲစဉ်ရဲ့ ‘ပွဲစဉ်အကောင်းဆုံး ကစားသမားဆု’ ရရှိခဲ့တဲ့အပေါ် မီဒီယာတွေက မေးမြန်းခံရတဲ့အခါ အလွန်ဆို က ပြုံးပြုံးလေးနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ဟန်ဒါဆင် ဟာ ဘုန်းမောက်နဲ့ ပွဲမှာ ကွင်းရဲံနေရာတိုင်းမှာ ရှိနေခဲ့ပါတယ်။ သူဟာ (၁၁.၉) ကီလိုမီတာအထိ ပြေးလွှားခဲ့ပြီး အဲဒီပွဲမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေထဲမှာ ပြေးလွှားမှု အများဆုံး ပြုလုပ်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင်ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု (goal involvement) (၃) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ အသက်အကြီးဆုံး ချဲလ်ဆီးကစားသမား အဖြစ်နဲ့ပါ မှတ်တခမ်းတင်နိုင်ခဲ့ပါတယ်။
"သူဟာသွင်းဂိုးတွေအပြင် တခြားကောင်းမွန်တဲ့အရာတွေ အများကြီးကိုလည်း လုပ်ဆောင်ပြသွားခဲ့ပါတယ်။" ဆိုပြီး အလွန်ဆိုက ပြောပါတယ်။
"တကယ့်ကွင်းလယ် ကစားသမားစစ်စစ် တစ်ယောက်ရဲ့ခြေစွမ်း ပြသွားတာပါပဲ..။ အသင်းရဲ့လှုပ်ရှားမှုတွေထဲမှာ ပါဝင်နေခဲ့သလို အသင်းဖော်တွေအတွက်လည်း ဖြေရှင်းချက်တွေ၊ အကူအညီတွေကို အမြဲတမ်း ပေးစွမ်းနေပါတယ်။"

ဟန်ဒါဆင် ရဲ့ အလွန်ကျယ်ပြန့်တဲ့ သက်ရောက်မှုဟာ သိပ်ကိုအရေးကြီးခဲ့ပါတယ်။ အလွန်ဆို ကတော့ အဲဒီပွဲစဉ်က ချဲလ်ဆီးရဲ့ ကစားပုံကို 'ပြီးပြည့်စုံတဲ့ ခြေစွမ်းပြသမှု' အဖြစ် ခိုင်းနှိုင်းခဲ့ပြီး ဟန်ဒါဆင် နဲ့ ကိုင်ဆီဒို တို့က သူတို့ဘေးနားက ကစားသမားတွေဆီက အကောင်းဆုံး အရည်အသွေးတွေ ပေါ်ထွက်လာအောင် ထုတ်ဖော်ပေးနိုင်ကြတယ်လို့ ပြောကြားခဲ့ပါတယ်။ “သူတို့နှစ်ဦးစလုံးဟာ အရည်အသွေးပိုင်းအရရော၊ ကွင်းလယ် နေရာယူပုံအပိုင်းမှာပါ ကွာခြားကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်း အပြန်အလှန် အထောက်အကူ ဖြစ်စေတယ်လို့ ကျနော် ထင်ပါတယ်” လို့ အလွန်ဆိုက ပြောပါတယ်။
“ပြီးတော့ သူတို့တွေဟာ တည်ငြိမ်မှု (stability) ကို ပေးစွမ်းနိုင်ပါတယ်..။ ဒါ့အပြင် ကျန်တဲ့ကစားသမားတွေကို ကူညီပေးမယ့်သူတွေ ဖြစ်ကြတယ်.. ဆိုတာ အားလုံးကသိကြပါတယ်..။ ဒါဟာသူတို့တွေရဲ့ တစ်ဦးချင်း အရည်အသွေးကြောင့်တင် မဟုတ်ပါဘူး..။ သူတို့တွေဟာ ပွဲရဲ့အခြေအနေ၊ အခိုက်အတန့်တွေကို နားလည်ကြတယ်၊ နေရာကျဉ်းကျဉ်းလေးတွေထဲမှာ ကစားနိုင်ကြသလို ခံစစ်ပိုင်းမှာလည်း ဟန်ချက်ညီအောင် စွမ်းဆောင်ပေးနိုင်ကြလို့ပါပဲ။”
အလွန်ဆို ကတော့ ပြီးခဲ့တဲ့ စနေနေ့ပွဲအပြီးသုံးသပ်ချက်မှာ ရိုမီယို လာဗီးယား နဲ့ ဗာလင်တင် ဘာကို တို့အကြောင်း အထူးတလည် ထည့်သွင်း ပြောကြားခဲ့သလို သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အဲဗာတန်ပွဲ မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာလည်း အဲဒီအတိုင်း ထပ်မံ ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အခုဘောလုံးရာသီမှာ ကွင်းလယ်နေရာအတွက် အသုံးပြုခြင်းခံခဲ့ရတဲ့ ကစားသမားနှစ်ဦး ဖြစ်ကြပါတယ်။

ချဲလ်ဆီးအသင်းဟာ အခုဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ကစားရခြင်း မရှိခဲ့ပေမယ့် လူစာရင်း တောင့်တင်းဖို့နဲ့ အရန်အင်အားကောင်းမွန်မှုကတော့ အရေးပါနေဦးမှာပါ..။ ဒါပေမယ့် ကိုင်ဆီဒို- ဟန်ဒါဆင် အတွဲအစပ် ဝင်ရိုးတန်း (Axis) ကတော့ သူရှာဖွေတွေ့ရှိထားတဲ့ အနိုင်ရရှိစေမယ့် ဆေးတစ်ခွက်.. ဖော်မြူလာ ဖြစ်လာနိုင်ပါတယ်။
လာမယ့်စနေနေ့ အဲဗာတန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာတော့ သူတို့အတွဲအဖက်ဟာ အလွန်ဆို ရဲ့ ချဲလ်ဆီး အသင်းအတွက် အသင်းသား အချင်းချင်း နားလည်မှုနဲ့ ပွဲကိုထိန်းချုပ်နိုင်စွမ်းတွေကို ဆက်လက် ယူဆောင်လာပေးနိုင်ဦးမလား? ဆိုတာ စမ်းသပ်ရမယ့် နောက်ထပ် စာမေးပွဲတစ်ခု ဖြစ်လာမှာပါ။
(Sky Sports သတင်းဌာနမှ ဆောင်းပါးရှင် Peter Smith ၏ ‘Chelsea: Jordan Henderson and Moises Caicedo starred in midfield against Bournemouth and will be key after Reece James injury blow’ ဆောင်းပါးကို ပြန်ဆိုပါသည်။)