feature-image

ချဲလ်ဆီးရဲ့ အိမ်သားတစ်ယောက်အဖြစ် ဆက်လက်တိုးတက်ချင်တဲ့ ‘မွိုက်စ် ကိုင်ဆီဒို’

အပြာရောင်တွေရဲ့ ကွင်းလယ်ခံစစ် ကျောက်ဆောင်ကြီးဖြစ်တဲ့ မွိုက်စ် ကိုင်ဆီဒို ရဲ့ ကြံ့ခိုင်မှု၊ အကြမ်းအတမ်း ခံနိုင်မှုနဲ့ ခြေစွမ်းတည်ငြိမ်မှု အရည်သွေးကောင်းတွေဟာ လူသိများ၊ ထင်ရှားပါတယ်..။ ဒါ့ကြောင့် အခုရာသီအစပိုင်းမှာ သူမပါဝင်နိုင်ပဲ ဖြတ်သန်းခဲ့ရတဲ့ ကာလဟာ ချဲလ်ဆီးအသင်းကို ရောက်လာခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း သူ့အတွက် ပထမဆုံး ကာလတိုတစ်ခု အနားယူရခြင်း ဖြစ်ခဲ့သလို အသင်းပေါ်မှာ သူ့ရဲ့အရေးပါတဲ့ အခန်းကဏ္ဍ၊ သူ့ရဲ့မြင့်မားလှတဲ့ ပင်ကိုယ် အရည်အသွေးကောင်းတွေကို သက်သေပြနေပါတယ်။

ကိုင်ဆီဒို ဟာ ကွင်းလယ်တိုက်ပွဲတွေရဲ့ ဗဟိုချက်အဖြစ် ဘယ်တော့မှ ဖယ်ခွာ၊ ရှောင်လွှဲလေ့ မရှိဘူးဆိုတဲ့ အချက်ကလည်း ပိုပြီးတော့တောင် အထင်ကြီးစရာ ကောင်းစေပါတယ်။ သူဟာ ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီအစကနေစပြီး ပရီးမီးယားလိဂ်မှာ ဘောလုံးပြန်လည် အရယူနိုင်ခဲ့တဲ့ (won possession) အကြိမ်ရေအများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားဖြစ်သလို အဲ့ဒီကာလအတွင်း ကစားသမား နှစ်ဦးကပဲ သူ့ထက်ပိုပြီး ဘောလုံးဖျက်ထုတ်နိုင်မှု (tackles) နဲ့ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှု (interceptions) တွေ ပိုမိုပြုလုပ်နိုင်ခဲ့ပါတယ်။

အခုတော့ ကိုင်ဆီဒို ပြန်လည်ရောက်ရှိလာပါပြီ။ စနေနေ့က ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာဆိုရင် အီကွေဒေါ ကစားသမားလေးဟာ ကာလတိုတစ်ခု အနားယူခဲ့ရတဲ့ ကစားသမားလို့ မထင်ရလောက်အောင် အသင်းနဲ့အသားကျခဲ့ပြီး အရင်တုန်းက ပုံမှန်ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်..။ ပွဲအစ (၃၅) စက္ကန့်အတွင်းမှာပဲ သူဟာမြေထောက်.. ကျလာတဲ့ဘောလုံးတစ်လုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြန်လည်အရယူနိုင်ခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို လှည့်ထွက်လို့ ပြစ်ဒဏ်ဘောရရှိအောင် ပါးပါးနပ်နပ် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဘုန်းမောက်အသင်းရဲ့ ကွင်းဘက်ကို ထိုးဖောက်သွားတဲ့ ကိုးလ် ပါးမား ဆီ ဘောလုံးပေးပို့လိုက်ပြီး ပါးမား ကတဆင့် ဂျော်ဒန် ဟန်ဒါဆင် က အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဟန်ဒါဆင် ရဲ့ ရင်သပ်ရှုမော၊ လှပတဲ့အဆုံးသတ်ကန်ချက်ကို ပြန်လည်ပြသလို့ မပြီးသေးခင်မှာပဲ ကိုင်ဆီဒို ဟာ ဘုန်းမောက်အသင်းရဲ့ ဂိုးဧရိယာအစပ်မှာ ရိုင်ယန် ခရစ္စတီး ဆီကနေ ဘောလုံးပြန်လည် အရယူနိုင်ခဲ့ပါတယ်။ အဲဒီဘောလုံးကတစ်ဆင့် မော်ဂန် ရော်ဂျားစ် က ဒုတိယဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။

၅ဂိုး - ၁ဂိုးနဲ့ အသာစီး ရရှိသွားပြီးနောက်ပိုင်း ပွဲချိန် (၇၂) မိနစ်မှာ သူ့ကို လူစားလဲခဲ့ချိန်မှာ ပရိသတ်တွေက မတ်တပ်ရပ်ပြီး လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။ အဲဒီပွဲစဉ်မှာ ဘယ်ကစားသမားကမှ သူ့ထက်ပိုပြီး ဘောလုံးဖျက်ထုတ်မှု (tackles) ဒါမှမဟုတ် တိကျတဲ့ ဘောလုံးပေးပို့မှု ပိုပြီးပြုလုပ်နိုင်ခဲ့တာ မရှိခဲ့ပါဘူး။



အဲဒီပွဲက သူ့ရဲ့ခြေစွမ်းဟာ ချဲလ်ဆီးအသင်းကို ရောက်ရှိစဉ်ကတည်းက သူဖန်တီးနိုင်ခဲ့တဲ့ အံ့မခန်း အပြုသဘောဆောင် သက်ရောက်မှုတွေကို အပြည့်အဝ ကိုယ်စားပြု၊ ပုံဖော်ပြသနေပါတယ်။ ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းမှာ ရောက်ရှိလာတဲ့အချိန်ကနေ အခုအထိ သူ့ရဲ့ ခရီးလမ်းကို ပြန်ပြောင်းသုံးသပ်နိုင်ဖို့ ကျနော်တို့နဲ့အတူ ထိုင်နေရင်း ကိုင်ဆီဒို ဟာ သူ့ရဲ့အဆက်မပြတ် တိုးတက်မှုတွေ၊ သင်ခန်းစာယူစရာတွေနဲ့ အတားအဆီးတွေကို ကျော်ဖြတ်ခဲ့ရတဲ့ ကာလတစ်ခုအကြောင်း အခုလိုပြောပြခဲ့ပါတယ်။ 

“ချဲလ်ဆီးအသင်းမှာ ရှိနေခဲ့တဲ့ အချိန်တွေဟာ ကျနော့်အတွက် သိပ်ကိုကြီးမားလွန်းတဲ့ ခရီးလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်..။ အခုဆိုရင် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းအသင်းတွေထဲက တစ်သင်းမှာ အထူးခြားဆုံး သုံးနှစ်တာကာလကို ဖြတ်သန်းခဲ့ပါပြီ..” လို့ ကိုင်ဆီဒိုက ပြောပါတယ်။

“ပထမဆုံး ရာသီတုန်းကဆိုရင် ကျနော်ဟာ ခက်ခဲတဲ့ကာလအချို့ကို ဖြတ်သန်းခဲ့ရတယ်လို့ ပြောရပါမယ်။ ဒါပေမယ့် အဲဒီလိုရုန်းကန်ခဲ့ရတဲ့ ကာလတွေက ကျနော့်ကို ပိုပြီးတိုးတက်လာအောင်၊ ဆက်လက် ဖွံ့ဖြိုးလာအောင်နဲ့ အခုရောက်ရှိနေတဲ့ အနေအထား ရောက်ရှိလာအောင် အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ဒါ့ကြောင့်အပြာရောင်တွေနဲ့အတူ ဖြတ်သန်းခဲ့ရတာတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကြုံတွေ့ခဲ့ရတဲ့ အနိမ့်အမြင့်၊ အတက်အကျတွေအတွက် ဝမ်းသာမိတယ် လို့ ပြောနိုင်ပါတယ်။

အခုတော့ ကျနော်ဟာဒီအသင်းအတွက် အရာရာကိုပေးဆပ်ရင်း ပျော်ရွှင်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းဘက်က ကျနော့်ကို အစွမ်းကုန်ပံ့ပိုးပေးခဲ့လို့ပါပဲ။ သူတို့ဟာ နည်းလမ်းပေါင်းစုံနဲ့ ကူညီပေးခဲ့ကြပြီး သူတို့ကြောင့်ပဲ ကျနော်ဟာ အများကြီး ရင့်ကျက်လာခဲ့ပါပြီ။ အခုဆိုရင် ကျနော်ဟာ ပိုပြီးအတွေ့အကြုံ ရှိလာပြီ၊ ပိုပြီးရင့်ကျက်လာပါပြီ..။ ကျနော်ဟာ ဆက်လက်သင်ယူသွားမှာ ဖြစ်သလို အခုလုပ်နေကျ တာဝန်တွေကိုလည်း ပိုကောင်းမွန်အောင် ဆက်လက် လုပ်ဆောင်သွားချင်ပါတယ်။

ကျနော်ဟာ ချဲလ်ဆီးအသင်းကို အလွန်တရာ ကျေးဇူးတင်ရှိမိသလို ပရိသတ်တွေနဲ့အတူ အသင်းမှာရှိနေတဲ့ လူတိုင်းကိုလည်း ကျနော်ဘာတွေ စွမ်းဆောင်နိုင်လဲ? ဆိုတာ ဆက်လက်ပြသ သွားချင်ပါတယ်။"



မြက်ခင်းစိမ်းပေါ်မှာ ခြေချပြီ.. ဆိုတာနဲ့ ကိုင်ဆီဒို ဟာ အဓိကလှုပ်ရှားမှုတွေရဲ့ အလယ်ဗဟိုမှာ အမြဲတမ်း ရှိနေပါတယ်။ မှိန်ဖျော့၊ ပျောက်ကွယ်သွားတဲ့ပွဲဆိုတာ သူ့အတွက် ခပ်ရှားရှားပါပဲ..။ ဒါပေမယ့် ကွင်းပြင်ပမှာတော့ အသက် (၂၄) နှစ်အရွယ် ဒီကစားသမားလေးဟာ ဘဝင်မမြင့်ဘဲ သိမ်မွေ့၊ အေးဆေးပြီး ကြင်နာတတ်တဲ့ပုံ ရှိပါတယ်။

သူဟာအပြောထက် သူ့ရဲ့ခြေစွမ်း၊ ကစားတဲ့ပုံနဲ့ပဲ စံနမူနာပြရတာကို နှစ်သက်သူ ဖြစ်ပါတယ်။ ဒါပေမယ့် အခုဆိုရင် ကော့ဘ်ဟမ်ရဲ့ ခေါင်းဆောင်တွေထဲမှာ အဖွဲ့ဝင်တစ်ဦးအနေနဲ့ အသင်းဖော်တွေကို ကိုယ်စားပြုနိုင်ဖို့ ပိုမိုကြီးမားတဲ့ တာဝန်ဝတ္တရား ရှိတယ်ဆိုတာ ကောင်းကောင်း သိထားပါတယ်။

“ကွင်းထဲမှာ စကားပိုပြောပြီး ပိုတိုးတက်လာအောင် လုပ်နိုင်တယ်လို့ မန်နေဂျာတိုင်းက ကျနော့်ကိုအမြဲတမ်း ပြောကြပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်ဟာ ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်ဆိုတာ သူတို့တွေသိနေကြလို့ပါပဲ..။ ဒါပေမယ့် ကျနော်ဟာ ကစားသမားတွေနဲ့ ပိုပြီးစကားပြောလာမယ်ဆိုရင် အခုထက်ပိုပြီး ကောင်းမွန်လာမှာပါ။ ကျနော် အကောင်းဆုံး ကြိုးစားနေပါတယ်၊ ဒါပေမယ့် အဲ့ဒါဟာ ကျနော့်ရဲ့ ပင်ကိုယ်အကျင့်စရိုက် မဟုတ်ပါဘူး။ ဒါကြောင့် စကားပြောဖို့ အခက်တွေ့နေတဲ့အခါမျိုးမှာ ကျနော်ဟာ ခြေစွမ်းနဲ့ပဲ သက်သေပြနိုင်ဖို့ ကြိုးစားပါတယ်။”

“ကျနော်တို့ဟာ သီယာဂို ဆေးလ်ဗား လို ကစားသမားကြီးတွေ ဆီကနေ သင်ယူရပါတယ်”
လို့ မွိုက်စ် က ဖြည့်စွက်ပြောပါတယ်။

"သူဟာ ကျနော်တို့အတွက် စံနမူနာကောင်း ပြသခဲ့တဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ သူဟာအချိန်တိုင်းမှာ ကျနော်တို့ကို ကူညီပေးဖို့ ကြိုးစားခဲ့တဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ခေါင်းဆောင်မှု အရည်အချင်းတွေဟာ ကျနော်တို့ အားလုံးအတွက် တကယ့်ကို အံ့သြစရာ၊ အားကျစရာပါပဲ..။ အခုဆိုရင် ကျနော်ကိုယ်တိုင် အသင်းခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်လာခွင့် ရရှိတဲ့အပေါ် ဝမ်းသာပီတိ ဖြစ်ရသလို မိသားစုအတွက်လည်း အထူးခြားဆုံး ခံစားချက်တစ်ခု ဖြစ်ရပါတယ်။ ကျနော်ဟာ စကားတွေအများကြီး ပြောရတာကို နှစ်သက်တဲ့ ကစားသမားမျိုး မဟုတ်ရင်တောင်မှ ကျနော့်ရဲ့ စွမ်းဆောင်မှုတွေကတဆင့် တခြားသူတွေ မြင်တွေ့၊ အားကျနိုင်အောင် လုပ်ပြရတာကို သဘောကျပါတယ်” လို့ ဆိုပါတယ်။



မွိုက်စ် ကိုင်ဆီဒို မပါဝင်နိုင်တဲ့အခါ သူ့ရဲ့လစ်ဟာချက်ဟာ ချဲလ်ဆီးကွင်းလယ်ရဲ့ ‘ပျော့ကွက်’ ဖြစ်နေတယ်လို့ ဇာဘီ အလွန်ဆို က ပြောဖူးပါတယ်..။ စပိန်နည်းပြကြီးဟာ သူကိုယ်တိုင်ကလည်း ကွင်းလယ် အဖျက်နေရာမှာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သူ ဖြစ်ပါတယ်..။ အဲဒီလိုပြီး အောင်မြင်မှုအလီလီ ဆွတ်ခူးခဲ့ဖူးတဲ့ ကျနော်တို့ရဲ့ မန်နေဂျာက ကိုင်ဆီဒို ကို 'ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အဖျက် ကစားသမားတွေထဲက တစ်ယောက်' လို့ အစောပိုင်းကတည်းက တင်စား၊ ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီလို မှတ်ချက်မျိုးတွေက သူ့အတွက် အားတက်စရာ အားဆေးတစ်ခွက် ဖြစ်စေတယ်လို့ အီကွေဒေါ ကွင်းလယ် ကစားသမားက ရှင်းပြပါတယ်။ 

“ဇာဘီ နဲ့အတူဆိုရင် ကျနော်ဟာ ဆက်လက်တိုးတက်လာမှာ သေချာပေါက်ပါပဲ..။ သူဘာကြောင့် ကျနော့်ကို ယုံကြည်၊ အားကိုးရလဲ? ဆိုတာကိုပါ သက်သေပြသွားမှာပါ” လို့ ဆိုပါတယ်။

ကိုင်ဆီဒို ရဲ့ ချဲလ်ဆီးအသင်းမှာ ရှိနေတဲ့ကာလအတွင်း အပြောင်းအလဲတွေ အများအပြား ရှိခဲ့ပါတယ်..။ ဒါပေမယ့် သူဟာအိမ်ကွင်းပဲဖြစ်ဖြစ်၊ နိုင်ငံရပ်ခြားမှာပဲဖြစ်ဖြစ် ချဲလ်ဆီးပရိသတ်တွေဆီက ရရှိခဲ့တဲ့ အားပေး၊ ထောက်ခံမှုကတော့ အမြဲတမ်း တစ်သမှတ်တည်း ရှိနေခဲ့ပါတယ်။

အကျိုးဆက်အနေနဲ့ သူ့ရဲ့မွေးရပ်မြေ အီကွေဒေါနိုင်ငံမှာ အပြာရောင်တွေရဲ့ လူကြိုက်များမှု ပိုမိုကြီးထွား၊ များပြားလာတာကို သူသတိထားမိခဲ့ပြီး ချဲလ်ဆီးအသင်းက နိုင်ငံရဲ့အနောက်ပိုင်း ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ ဂွါယာကီးလ်မြို့လေးမှာ ဘောလုံးကွင်းလေးတစ်ခု (community football pitch) ကို အောင်အောင်မြင်မြင် ပြုပြင်၊ မွမ်းမံ ပေးခဲ့အပြီးမှာတော့ အီကွေဒေါ ပရိသတ်တွေနဲ့ အသင်းရဲ့ကြားက ဆက်ဆံရေး ပိုမိုခိုင်မာလာခဲ့ပါတယ်။

"ဒါဟာ ကျနော့်အတွက် တကယ်ကို ဂုဏ်ယူစရာ အကောင်းဆုံး အခိုက်အတန့်တွေထဲ တစ်ခုပါပဲ..။ ဘာဖြစ်လို့လဲဆိုတော့ ချဲလ်ဆီးအသင်းက ကျနော့်ရဲ့ဇာတိမြေ.. အီကွေဒေါနိုင်ငံမှာပါ လူငယ်ဘောလုံးလောက ဖွံ့ဖြိုး၊ တိုးတက်ရေး လုပ်ငန်းတွေကို လုပ်ဆောလာပြီ ဖြစ်သလို အသင်းဘက်က အဲဒီလိုလုပ်ဆောင်နိုင်ဖို့ ကျနော်တို့က တံခါး ဖွင့်ပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။" ဆိုပြီး ကိုင်ဆီဒိုက ပီတိအပြည့်နဲ့ ဖွင့်ဟခဲ့ပါတယ်။



"အီကွေဒေါ ပရိသတ်တွေနဲ့ စတန်းဖို့ဒ် ဘရစ်ချ်က ပရိသတ်တွေဟာ ကျနော့်ကို အများကြီး အားပေး၊ ကြပါတယ်။ အီကွေဒေါကလူတွေကို ပွဲတိုင်းလိုလို ကွင်းထဲမှာ ကျနော်မြင်တွေ့ရနေပါတယ်။ ပြီးတော့ ချဲလ်ဆီးပရိသတ်တွေက ကျနော့်အတွက် သီးသန့်သီချင်းဆိုပြီး အားပေးကြတဲ့အခါ တကယ့်ကို အံ့မခန်း ပီတိဖြစ်ရတဲ့ခံစားချက် ရရှိပါတယ်။

သူတို့တွေက ကျနော့်အပေါ် အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်ကြပါတယ်။ ဒါ့ကြောင့်ကျနော်ဟာ သူတို့အတွက် အပါတ်စဉ်တိုင်းမှာ အကောင်းဆုံးခြေစွမ်း ပြသပြီး ပြန်လည်ပေးဆပ်ချင်ပါတယ်။ အဲ့ဒီလို အကြောင်းရင်းကြောင့်ပဲ ကျနော်တို့ဟာ နေ့စဉ် လေ့ကျင့်ခန်းဆင်းကြတာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေဟာ ကျနော့်တို့ရဲ့ စိတ်ထဲမှာ အမြဲရှိနေကြပြီး သူတို့တွေဟာ အကောင်းဆုံးသော အရာတွေနဲ့ ထိုက်တန်လို့ပါပဲ။”

ကိုင်ဆီဒို ရဲ့ ချဲလ်ဆီးအသင်းမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေထဲမှာ အသင်းလိုက်နဲ့ တစ်ဦးချင်း ဂုဏ်ပြုဆုတွေ ပါဝင်ခဲ့ပြီး ဖြစ်ပေမယ့် ကမ္ဘာ့အဆင့်မှီကြောင်း ပြသနိုင်ဖို့ဆိုရင် အခုထက်ပိုပြီး ကောင်းမွန်တဲ့ခြေစွမ်း ပြသနိုင်ဖို့ လိုအပ်သလို ဇာဘီ အလွန်ဆိုရဲ့ လမ်းညွှန်မှုအောက်မှာ ဆုဖလားကြီးတွေ ထပ်မံဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ပြောကြားခဲ့ပါတယ်။

အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ..? ဆိုတာ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသေးပေမယ့် အပြာရောင်တွေနဲ့ သူ့ရဲ့ခရီးလမ်းဟာ အခုအချိန်အထိတော့ တကယ့်ကို အံ့မခန်း ကောင်းမွန်နေပါတယ်..။ ကိုင်ဆီဒို ကတော့ အတိတ်က ဖြတ်သန်းခဲ့သမျှအပေါ် ဂုဏ်ယူ၊ ဝင့်ကြွားမှုအပြည့် ရှိနေပြီး အနာဂတ်အတွက် အသစ်တဖန် ဖြစ်ပေါ်လာတဲ့ ရည်မှန်းချက်သစ်တွေ အမြဲတမ်းရှိကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်..။



'ချဲလ်ဆီးအသင်းက ‘ကျနော့်ရဲ့အိမ်’ လို့ ပြောနိုင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ကျနော့်ကို ဒီမှာအကြာကြီး နေလာခဲ့ဖူးသူ တစ်ယောက်လို ဆက်ဆံကြလို့ပါပဲ” လို့ သူကပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပါတယ်။ 

“စတန်းဖို့ဒ် ဘရစ်ချ် ဟာ ကျနော့်အတွက် အထူးခြားဆုံး နေရာတစ်ခုပါ။

သူတို့တွေဟာ ကျနော့်အတွက် အရာရာပြည့်စုံအောင် ဖန်တီးပေးခဲ့ကြတာ ဖြစ်တဲ့အတွက် သူတို့ကိုတွေကို အမြဲတမ်း ပျော်ရွှင်မှုတွေ ပေးစွမ်းချင်ပါတယ်။ ဒီမှာရှိတဲ့ လူတိုင်း… အဝတ်လဲခန်း ဝန်ထမ်းတွေကစလို့ မန်နေဂျာအထိ အသင်းကလူတိုင်းဟာ ကျနော့်အပေါ် အထူးကြင်နာကြပါတယ်။

ကျနော်ပြောနိုင်တဲ့ တစ်ခွန်းတည်းသော စကားကတော့ ‘ဒီအသင်းမှာ အမြဲတမ်း ရှိနေချင်ပါတယ်၊ ကွင်းထဲမှာဆိုရင် တစ်ပွဲထက်တစ်ပွဲ ပိုပြီးကောင်းမွန်တဲ့ ခြေစွမ်းနဲ့ ပေးဆပ်ပြသချင်ပါတယ်။ ကျနော်ဟာ အသင်းဖော်တွေ၊ မန်နေဂျာတွေနဲ့ ပရိသတ်တွေကို အစွမ်းရှိသမျှ အမြဲတမ်းကြိုးစားသွားမှာပါ..။”


အပြောထက်စာရင် ကြိုးစားအားထုတ်မှုတွေနဲ့ စံနမူနာ ပြသွားချင်တဲ့ ကိုင်ဆီဒို ဟာ သူ့ရဲ့ပြောကြားချက်တွေကို သူ့ဘဝရဲ့ လမ်းပြမီးတိုင်အဖြစ် ခိုင်ခိုင်မာမာ ဆက်လက် ကျင့်သုံးသွားလိမ့်မယ် ဆိုတာ ကျနော်တို့အနေနဲ့ ဘယ်လိုနည်းနဲ့မှ သံသယဖြစ်စရာ ရှိနေဦးမှာ မဟုတ်ပါဘူး..။

(Chelsea FC Official Website မှ တင်ဆက်သော 'Moises Caicedo interview: I want to keep improving at ‘my home’ Chelsea' ဆောင်းပါးကို ဆီလျှော်အောင် ပြန်ဆိုပါသည်။)