feature-image

‘ချယ်လ်ဆီးမှာပဲ နှစ်ပေါင်းများစွာ ဆက်ပြီးရှိနေဦးမယ်..’ ဆိုတဲ့ ကိုးလ် ပါးမား နှင့် တွေ့ဆုံခြင်း

ချယ်လ်ဆီးအသင်းနှင့် ရာသီအစပိုင်းတွင် ခြေစွမ်းကောင်းများ ပြသနေသည့် ကွင်းလယ်ဖန်တီးရှင် ကိုးလ် ပါးမား မှာ ၂၀၃၄ ခုနှစ်ထိ စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုနိုင်ခဲ့သည်..။ ထို့သို့စာချုပ်သစ် ချုပ်ဆိုသည့် အမှတ်တရအနေဖြင့် ချယ်လ်ဆီးအသင်း Official Website နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းတွင် ပါရမီရှင် လူငယ်ကစားသမားက အပြာရောင်တို့နှင့် ဖြတ်သန်းခဲ့သည့် (၃) နှစ်တာကာလအတွင်းမှ အမှတ်ရစရာများ၊ စာချုပ်သက်တမ်းတိုးရခြင်း အကြောင်းရင်းများ၊ ယခုဘောလုံးရာသီတွင် အသင်းမှခေါ်ယူထားသည့် ကစားသမားသစ်များ၏ သက်ရောက်မှုများ အပါအဝင် အသင်းနှင့်အနာဂတ် မျှော်လင့်ချက်များကို အောက်ပါအတိုင်း ဖွင့်ဟခဲ့ပါသည်..။
 
မေး - ကဲ… ဒီနေ့ကတော့ နည်းနည်းထူးခြားတဲ့ အခင်းအကျင်းလေး တစ်ခုပေါ့ဗျာ..။ ဟုတ်ပါတယ်။ ပုံမှန်ဆိုရင် ခင်ဗျားဟာ ဂိမ်းဆော့တာတို့၊ Live streaming တွေ အပါအဝင် အခြားဗဟီရကိစ္စတွေနဲ့ပဲ အလုပ်များနေမှာပေါ့..။ ဒါပေမယ့် ဒီနေ့မှာတော့ မမျှော်လင့်ပဲ သတင်းအသစ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အသင်းနဲ့ စာချုပ်သစ် သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ် ခင်ဗျားအနေနဲ့ ဘယ်လို ခံစားခဲ့ရပါသလဲ?

ဟုတ်ကဲ့ပါ..။ ကျွန်တော် တကယ်ကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဒီမှာရှိရတာကို ပျော်ရွှင်သလို အသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်။ ဒါကြောင့်အသင်းနဲ့ စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုရတာကို ဝမ်းမြောက်မိပါတယ်။

မေး - ဘာကြောင့် အခုအချိန်မှာ စာချုပ်ချုပ်ဆိုချင်ခဲ့တာလဲ? ဘယ်အရာက ဒီအချိန်မှာ စာချုပ်ချုပ်ဖို့ ခင်ဗျားကို ဆုံးဖြတ်စေခဲ့တာလဲ?

အသင်းပိုင်ရှင်တွေ၊ အားကစား ဒါရိုက်တာတွေ၊ ပြီးတော့ မန်နေဂျာနဲ့ပါ ကျွန်တော် ဆွေးနွေးခဲ့ပါတယ်။ သူတို့က ကျွန်တော့်အပေါ် အပြည့်အဝ ယုံကြည်ပေးခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော့်အမြင်အရဆိုရင် ဒီမှာပဲ ဆက်ပြီးရှိနေတာဟာ အမှန်ကန်ဆုံးပါပဲ။ ကစားသမားတွေနဲ့လည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ လူတိုင်းမှာ ရည်မှန်းချက် တူညီကြပြီး ကျွန်တော်ကလည်း အမြင့်မားဆုံးအဆင့် ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ရချင်တာ သေချာပါတယ်။



မေး - "ဇာဘီ နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်ဆိုတော့… ခင်ဗျားကို စည်းရုံးနိုင်ဖို့ သူဘာတွေပြောပြခဲ့သေးလဲ?

ဟုတ်ကဲ့၊ သူရောက်လာကတည်းက ကျွန်တော့်ကို ပေးအပ်ထားတဲ့ တာဝန်တွေကို သဘောကျ၊ နှစ်သက်မိပါတယ်။ ဒါကြောင့် သူနဲ့အတူ ဆက်လက် လက်တွဲသွားဖို့နဲ့ အသင်းအတွက် ပြန်လည်တုံ့ပြန် ပေးဆပ်ဖို့ ကြိုးစားတာက အကောင်းဆုံး ဖြစ်ပါတယ်။

မေး - အသင်းရဲ့တိုက်စစ်ပိုင်း တိုးတက်၊ ကောင်းမွန်လာတာကို ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ ပြီးတော့ ခင်ဗျားကလည်း မျက်နှာပေါ်မှာ အပြုံးပန်းတွေနဲ့ ကစားနေတာပေါ့..။ ပြီးခဲ့တဲ့နွေရာသီတုန်းက ကျွန်တော်တို့ စကားပြောဖြစ်ခဲ့ကြစဉ်က လွန်ခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေအကြောင်း ခင်ဗျားပြောပြခဲ့ဖူးပါတယ်။ ဒါကြောင့် အခုရာသီမှာ ကစားသမားသစ်တွေ၊ အသင်းသစ်ကို ရောက်လာကြတဲ့ ကစားသမားအများစုနဲ့ တွဲဖက်ကစားရတဲ့အခါ ဘယ်လောက်အထိ ကွာခြားတယ်လို့ ခံစားရပါသလဲ?

ဟုတ်ကဲ့၊ အများကြီး ကွာခြားတယ်လို့ ခံစားရပါတယ်။ ကိုယ့်ကိုယ်ကို အရင်ကလိုပဲ ပြန်ပြီးခံစားလာရပါပြီ။ အရင်ကလို ပုံစံမျိုး လှုပ်ရှားနိုင်ပါပြီ ဖြစ်သလို ဂိုးကန်သွင်းနိုင်တယ်ဗျာ..။ အဓိကကတော့ ကျွန်တော် ကျွမ်းကျင်တဲ့ အရာအားလုံးကို ပြန်လည်လုပ်ဆောင်နိုင်နေတဲ့အပေါ်မှာ ကျေနပ်မိပါတယ်..။ ပြီးတော့ အခုမှ အသင်းကို ရောက်လာကြတဲ့ ကစားသမားကောင်းတွေနဲ့ အတူတွဲဖက် ကစားရတာကလည်း သိပ်ကိုကောင်းမွန်ပါတယ်။"

မေး - ဒါဆို ကွင်းပြင်ပမှာရော…? အခုဆိုရင် မော်ဂန် ရော်ဂျားစ် က ခင်ဗျားနဲ့အတူ အဝတ်လဲခန်းထဲမှာ ရှိနေတာဟာ ခင်ဗျားအတွက် ဘယ်လောက်အထိ အရေးပါနေလဲ?

ကောင်းပါတယ်။ သူဟာကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တစ်ယောက် ဖြစ်တာကြောင့် သူဒီမှာ ရှိနေတာ အကောင်းဆုံးပါပဲ။ ပြီးတော့ ဟန်ဒို လည်း အသင်းကိုရောက်လာတယ်၊ ဝဲလ်ဘက် လည်း ပါတာပေါ့။ အဲ့ဒီကစားသမားသစ်တွေ အားလုံးက အသင်းအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိစေခဲ့ပါတယ်။



မေး - ဟန်ဒို နဲ့ ဒယ်နီ တို့က အသင်းရဲ့အဝတ်လဲခန်းထဲမှာ ဘယ်လိုပုံစံမျိုး သက်ရောက်မှုတွေ ပေးစွမ်းခဲ့လဲ? ကိုးလ်..?

အပြင်ကနေ ကြည့်တဲ့အခါ လူတိုင်းက သူတို့တွေကို ခေါ်ယူခဲ့တာ ‘အပိုပါပဲ..’ ဘာညာ အဲ့ဒီလို ထင်ကြတာပေါ့။ ဟန်ဒို ကို ကျွန်တော်တို့ စာချုပ်ချုပ်လိုက်တုန်းကလည်း လူတိုင်းက 'အလုပ်ပိုတာပဲ အဖတ်တင်မှာပါ' လို့ ပြောကြတယ်။ ဒါပေမယ့် တကယ်တမ်းက အဲ့ဒီလိုမဟုတ်ပါဘူး။ သိသာတာကတော့ သူကအသင်းထဲမှာ စံနှုန်းတွေ သတ်မှတ်ပေးတယ်ပေါ့ဗျာ..။ ဒါပေမယ့် သူဟာ ဟာသဉာဏ်ရှိပြီး ရယ်စရာကောင်းတဲ့သူပါ။ တကယ့်ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်ပါတယ်..၊ ဝဲလ်ဘက် လည်း အလားတူပါပဲ။

မေး - "ဟုတ်ကဲ့ပါ..။ အတွေ့အကြုံတွေ အများကြီးရှိခဲ့ပြီး အခက်အခဲတွေအများကြီး ဖြတ်သန်းခဲ့ဖူးတဲ့ ကစားသမားတွေ အသင်းမှာ ရှိနေတာကရော ခင်ဗျားတို့အတွက် နောက်ထပ်အကျိုးသက်ရောက်မှုတွေ ထပ်ပြီးရနိုင်သေးလား?

ကိုးလ် ပါးမား - ဟုတ်ကဲ့၊ သေချာတာပေါ့…။ ကျွန်တော်တို့ လိုအပ်နေခဲ့တာ ‘အဲဒီအရာပဲ’ လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အသံကျယ်ပြီး ကွင်းထဲမှာ ဩဇာညောင်းတဲ့၊ ဦးဆောင်ပြောဆိုတတ်တဲ့ ကစားသမားတွေ ဒါမှမဟုတ် အတွေ့အကြုံရှိတဲ့သူတွေ သိပ်မရှိခဲ့ပါဘူး၊ ဒါပေမယ့် အခုတော့ အဲ့ဒါတွေ ရှိလာပြီဆိုတော့ ကျွန်တော်တို့ကို အများကြီး အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ထင်ပါတယ်။

မေး - မော်ဂန် ရော်ဂျားစ် နဲ့ စာချုပ်ချုပ်ခဲ့တာဘက်ကို ပြန်သွားရရင်… သူမရောက်လာခင်တုန်းက ခင်ဗျားတို့ နှစ်ယောက် စကားပြောဖြစ်ခဲ့ကြတယ်လို့ သူကပြောဖူးပါတယ်။ ဒီကိုလာဖို့ သူ့ကိုစည်းရုံးနိုင်ဖို့ ခင်ဗျားဘာတွေ ပြောပြခဲ့လဲ?

'ငါတို့ဆီကို လာခဲ့ပါ၊ မင်းရောက်လာရင် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာမှာပါ၊ ပြီးတော့ ငါတို့အားလုံးကို အကောင်းဆုံးဖြစ်အောင် လုပ်ကြမယ်' လို့ အဲ့ဒီလိုပုံစံမျိုးနဲ့ ပြောခဲ့တာပါပဲဗျ..။ ဟုတ်ပါတယ်။



မေး - ခင်ဗျား ချယ်လ်ဆီး အသင်းမှာ ရှိနေခဲ့တာ အခုဆိုရင် (၃) နှစ် ရှိသွားခဲ့ပြီပေါ့။ ပြန်ပြီးကြည့်လိုက်တဲ့အခါ ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်အင်္ကျီကို ဆင်မြန်းထားစဉ် ကာလအတွင်း ခင်ဗျားရဲ့ အပျော်ရဆုံး အမှတ်တရတွေက ဘာတွေဖြစ်မလဲ? အနှစ်သက်ခဲ့ဆုံး အမှတ်တရတွေကရော ဘာတွေလဲ?

ကိုးလ် ပါးမား - သိသာတာကတော့ ကျွန်တော့်ရဲ့ ပထမဆုံးရာသီမှာ ခြေစွမ်းအထူးကောင်းမွန်ခဲ့ပါတယ်။ ပြီးတော့ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့တာတွေပေါ့ဗျာ..။ ကလပ်အသင်းများ ကမ္ဘာ့ဖလား နဲ့ ကွန်ဖရင့်လိဂ် ပြိုင်ပွဲတို့ကို အနိုင်ရ ဗိုလ်စွဲခဲ့တာကတော့ ကျွန်တော့်အတွက် အထင်ရှားဆုံး အမှတ်တရတွေ ဖြစ်မှာပါ။

မေး - ဒါဆို အဲ့ဒီ (၃) နှစ်တာ ကာလအတွင်းမှာ ကစားသမားတစ်ယောက် အနေနဲ့ရော၊ လူပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ပါ ဘယ်လောက်အထိ ပြောင်းလဲသွားခဲ့ပြီလဲ?

ကစားသမားတစ်ယောက်ထက် လူပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ ပိုပြီးပြောင်းလဲသွားတယ်လို့ ခံစားရပါတယ်။ သိသာတာကတော့ အခုဆိုရင် ကျွန်တော်ဟာ အသက်အများကြီး ပိုကြီးလာပါပြီ။ အသင်းကို ရောက်တုန်းက (၂၁) နှစ်၊ အခုတော့ (၂၄) နှစ်ပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်ဟာ ပိုပြီးရင့်ကျက်လာတယ်လို့ ခံစားရပါတယ်။

မေး - ဒါဆို ချယ်လ်ဆီး ကစားသမား တစ်ယောက်အနေနဲ့ ရှိနေရတာကို ဘယ်လောက်အထိ နှစ်သက်ပျော်ရွှင်ခဲ့ရလဲ?

ကောင်းပါတယ်။ သိသာတာကတော့ ကျွန်တော် ဒီကိုရောက်ပြီး (၃) လလောက် အကြာမှာပဲ တာဝန်ယူမှု၊ တာဝန်ဝတ္တရားတွေ ကြီးကြီးမားမားတွေ ရရှိလာခဲ့ပါတယ်..။ အဲ့ဒီအချိန်ကစပြီး ကျွန်တော် ကောင်းကောင်းစတင် ကစားနိုင်ခဲ့သလို လူတွေလည်း ကျွန်တော့်အကြောင်း စတင်ပြောဆို လာကြတာပါ။ ဒါကြောင့် ကျွန်တော်အရမ်းကို နှစ်သက်၊ ပျော်ရွှင်ခဲ့ရပါတယ်။



မေး - ခင်ဗျားဟာ လန်ဒန်မှာ နေထိုင်နေသလို အခုဆိုရင် အသင်းနဲ့စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုခဲ့ပြီပေါ့။ ခင်ဗျားရဲ့ ရေရှည်အနာဂတ်ကို ဒီမှာပဲ ဆက်ပြီးမြင်နေဆဲပဲလား?

ဟုတ်ကဲ့၊ သေချာတာပေါ့ဗျာ..။ အဲ့ဒါကြောင့်လည်း ကျွန်တော် စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ..။ ရှေ့ဆက်လာမယ့် နှစ်တွေအတွက်ကိုလည်း မျှော်လင့်ချက် ကြီးကြီးမားမားနဲ့ စောင့်မျှော်နေပါတယ်။"

မေး - ပြီးတော့ ခင်ဗျားဟာ အောင်မြင်မှုတွေအများကြီး ဆွတ်ခူး၊ ရရှိခဲ့ပြီးပါပြီ။ ရှေ့ဆက်ဘယ်လို အောင်မြင်မှုတွေ ထပ်ပြီးရရှိလိမ့်ဦးမယ်လို့ ခံစားရပါလဲ?

ကျွန်တော်တို့ ဒီမှာ အဓိကဆုဖလားကြီးတွေကို ပုံမှန်.. ဆက်တိုက် ဆွတ်ခူးနိုင်လိမ့်မယ်လို့ ခံစားရပါတယ်..။ ပြီးတော့ အခုနှစ်နဲ့ နောင်လာမယ့်နှစ်တွေမှာလည်း အဲ့ဒီအရာတွေကိုပဲ ကျွန်တော်တို့ လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..။



မေး - ပရိသတ်တွေနဲ့ ခင်ဗျားရဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိလဲ? 

အသင်းကိုစပြီးရောက်တဲ့ ပထမဆုံးနေ့ကတည်းက ချယ်လ်ဆီးပရိသတ်တွေက ကျွန်တော့်ကို နွေးနွေးထွေးထွေးနဲ့ အကောင်းဆုံး ကြိုဆိုခဲ့ကြတယ်လို့ ခံစားခဲ့ရပါတယ်..။ သူတို့တွေနဲ့ ရစ်နှောင်ထားတဲ့ ရင်းနှီးမှု၊ နှောင်ကြိုးတွေဟာ ရှေ့ဆက်ပိုပြီး ခိုင်မြဲလာဖို့ပဲ ရှိပါတယ်လို့ ခံစားရပါတယ်။

မေး - ပရိသတ်တွေအတွက် ပြောချင်တဲ့ သတင်းစကားလေး ဘာများ ရှိပါသေးလဲ?

အားပေးမှု အားလုံးအတွက် အထူးကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက အရာရာတွေဟာ ဖြစ်သင့်တဲ့ ပုံစံမျိုး မဟုတ်ခဲ့ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်း အရင်လို အခြေအနေကောင်းဆီ ပြန်လည်ရောက်ရှိသွားလိမ့်မယ်ဆိုတာကို ကျွန်တော်ရော၊ အသင်းသားအားလုံးကပါ အပြည့်အဝ ယုံကြည်မှု ရှိနေပါတယ်။