ချယ်လ်ဆီးအသင်းနှင့် နိုက်ဂျီးရီးယားအသင်း ကွင်းလယ် ကစားသမားဟောင်း ဂျွန် အိုဘီ မီခေးလ် က စတန်းဖို့ဒ် ဘရစ်ချ်အသင်းမှာ ပွဲစဉ် (၄) ပွဲယှဉ်ပြိုင်အပြီးတွင် ပေးဂိုးများ ဆက်တိုက်ခွင့်ပြုနေရသော်လည်း နည်းပြဇာဘီ အလွန်ဆို ၏ လမ်းပြမှုအောက်တွင် မှန်ကန်သည့်လမ်းကြောင်းပေါ် ရှိနေသည်ဟု ယုံကြည်နေသည့် အကြောင်းရင်းများအား ပုံမှန်တင်ဆက်နေကျ The Obi One Podcast အစီအစဉ်မှတဆင့် ယခုလိုသုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။
ခရစ် မက်ခ်ဟာဒီ – အိုဘီ ရေ.. ခင်ဗျားတို့အသင်းဟာ ပရီးမီးယားလိဂ်မှာ ဖျော်ဖြေမှုအပြည့်အဝ ပေးနိုင်တဲ့ အသင်းသစ် ဖြစ်လာပြီ ထင်တယ်နော…
ဂျွန် အိုဘီ မီးခေးလ် – ဟားဟား… ကျနော်တို့က ဖျော်ဖြေသူတွေ မဖြစ်ချင်ပါဘူးဗျာ။ ကျနော်တို့ကပွဲတွေကို အနိုင်ရရှိချင်တာပါ။
ခရစ် မက်ခ်ဟာဒီ – ဒါဆိုရင် အာဆင်နယ်အသစ် ဖြစ်ချင်တယ်ပေါ့…။ ဂိုးတွေဒလဟော သွင်းယူနေကြတယ်.. အိုဘီ..။ ဒါပေမယ့် ခင်ဗျားတို့ ဂိုးတွေ ခွင့်ပြုပေးနေရတယ်။ ဟူးလ် စီးတီးနဲ့ ၂ - ၂ သရေကျတယ်၊ ကြားရက်.. လိဂ်ဖလားပွဲစဉ်မှာ လိဒ် ယူနိုက်တက်ကို ၆ - ၃ နဲ့ အနိုင်ရခဲ့ပေမယ့် (၃) ဂိုး ပေးလိုက်ရပါတယ်..။ အရင်အပါတ် အာဆင်နယ်နဲ့ပွဲမှာလည်း (၂) ဂိုး ပေးခဲ့ရတာပဲ..
ဂျွန် အိုဘီ မီးခေးလ် – ဟုတ်ပါတယ်၊ ကျနော်တို့ ဂိုးတွေအများကြီး ခွင့်ပြုနေရပါတယ်။ အချိန်တော့ ယူရပါလိမ့်မယ်ဗျ..။ ဇာဘီ အလွန်ဆို ဟာ ဒီအသင်းအတွက် မှန်ကန်တဲ့နည်းပြဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ သူ့ဆီမှာ တကယ်ကိုကောင်းမွန်တဲ့ နည်းဗျူဟာတွေ၊ နည်းစနစ်ပိုင်း အယူအဆတွေ ရှိနေတယ်လို့ ကျနော်ထင်ပါတယ်။ သူဘာလုပ်ချင်နေလဲ? ကျနော်မြင်နိုင်ပါတယ်။ ဒါပေမယ့် အချိန်နည်းနည်း ယူရပါလိမ့်မယ်..။
ကျွန်တော်တို့ ထိပ်တန်းဂိုးသမား တစ်ယောက် ခေါ်ယူထားခဲ့ပါတယ်..။ သူဟာတကယ်ကို အတွေ့အကြုံရင့် ဂိုးသမားတစ်ယောက်ပါ။ ဟုတ်ပါတယ်… ပေးလိုက်ရတဲ့ဂိုးတွေနဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကို မေးခွန်းထုတ်စရာတွေ ရှိနေတာမှန်ပါတယ်။ ကျနော်တို့ ခံစစ်ကာကွယ်မှု မာကျော၊ ကျစ်လျစ်မှု မရှိဘူး ဆိုပြီး ပြောနေကြတာတွေကလည်း အမှန်ပါပဲ။ ကျနော်တို့ဟာ ခံစစ်ကြောင်းကိုပဲ ဝေဖန်နေကြပေမယ့် တောင့်တင်းတဲ့ ခံစစ်ကြောင်း ဖြစ်လာဖို့ဆိုရင် ကွင်းလယ်အဖျက် ကစားသမား (holding midfielder) ကောင်းကောင်း တစ်ယောက်ရှိနေဖို့ လိုအပ်ပါတယ်။

ချယ်လ်ဆီးမှာ ကစားစဉ်တုန်းက ကျနော့်ရဲ့တာဝန်ကတော့ နောက်တန်း (၄) ယောက်ကို အကာအကွယ် ပေးထားနိုင်ဖို့၊ တစ်ဖက်အသင်းရဲ့ ကစားကွက်ကို ဖျက်ဆီးနိုင်ဖို့ ဖြစ်ပါတယ်..။ နောက်တန်း (၄) ယောက်ကို လုံခြုံမှုရှိအောင် စောင့်ရှောက်ပေးဖို့အတွက် အခုအချိန်မှာ မွိုင်ဆက်စ် ကိုင်ဆီဒို ဒဏ်ရာရရှိနေတာကြောင့် ရိစ် ဂျိမ်းစ် က အစားထိုး တာဝန်ယူပေးနေပါတယ်။ ဒါပေမယ့် သူဟာ ကွင်းလယ် ကစားသမား တစ်ယောက် မဟုတ်ပါဘူး။ ညာနောက်ခံလူ ပါ။ အဲ့ဒီနေရာဟာ သူ့ရဲ့အကောင်းဆုံးနေရာလို့ ကျနော်တို့သိထားကြပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနေပါတယ်။
ဒါပေမဲ့သူ့ရဲ့ မူလနေရာ မဟုတ်ဘူးဗျ..။ ခံစစ်အမြင်နဲ့ ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့မူလနေရာမဟုတ်ဘဲ ကစားပေးရတဲ့အခါ အန္တရာယ်ရောက်ရှိလာတော့မယ်ဆိုတာ ကြိုတင် အာရုံခံစား သိရဲ့လား..? ဆိုတာ သံသယရှိပါတယ်..။ ကွင်းလယ်အဖျက် ကစားသမား တစ်ယောက်ဟာ အန္တရာယ်ကို ကြိုတင်၊ ခံစား သိရှိရပါမယ်..။ တစ်ဘက်ကစားသမားဟာ ဘယ်နေရာကနေ ရောက်ရှိလာတာလဲ? ခင်ဗျားက အဲ့ဒါကိုတန်းပြီး အာရုံခံမိလိုက်တာနဲ့ သူတို့ရဲ့ကစားကွက်တွေကို ဖျက်ထုတ်ဖို့ အဲ့ဒီနေရာဆီ တန်းပြီးရောက်ရှိနေရမှာပါ။ လက်ရှိအချိန်ထိတော့ ကျနော်တို့ဆီမှာ အဲ့ဒီလို မစွမ်းဆောင်နိုင်သေးပါဘူး။ မွိုင်ဆက်စ် ကိုင်ဆီဒို မပါဝင်နိုင်တာကြောင့်ပါ။
ကျနော်တို့အသင်းမှာ မွိုင်ဆက်စ် ကိုင်ဆီဒို ပြန်ပြီးပါဝင်လာနိုင်တဲ့အခါ ပိုပြီးခိုင်မာ၊ တောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်လာမယ်လို့ ကျနော်ထင်ပါတယ်။ သူဟာကျနော်တို့အတွက် တစ်ဖက်အသင်းရဲ့ ကစားကွက် ပျက်ပြယ်သွားအောင် ဖျက်ထုတ်ပေးနိုင်တဲ့လူ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နောက်တန်း (၄) ယောက်ကို စနစ်တကျ အကာအကွယ် ပေးထားနိုင်အောင် လုပ်ဆောင်ပေးတဲ့သူ ဖြစ်ပါတယ်။ ကျနော်တို့ အသင်းအတွက် မွိုင်ဆက်စ် ဘာတွေစွမ်းဆောင်ပေးနိုင်လဲ? ဆိုတာ သိကြပါတယ်။ သူ့ရဲ့လုပ်အားနှုန်း၊ မကုန်နိုင် မခမ်းနိုင်တဲ့ ခွန်အားတွေတွေ၊ ပြိုင်ဘက်အသင်းရဲ့ ကစားကွက်ပျက်သွားအောင် ဖျက်ထုတ်နိုင်စွမ်းတွေအပြင် ခံစစ်ကနေ တိုက်စစ်ကို အမြန်ဆုံးပြောင်းနိုင်ဖို့ ဘောလုံးနဲ့အတူ သယ်ဆောင်၊ ထိုးဖောက်နိုင်စွမ်းတွေပေါ့ဗျာ..။ သူမပါဝင်နိုင်ခဲ့တာဟာ ကျနော်တို့အတွက် တကယ်ကိုကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်..။
ပြောရရင်အဲဒါဟာ အပြောင်းအရွှေ့ကာလတုန်းက အသင်းဘက်ကအားဖြည့်ဖို့ ပျက်ကွက်ခဲ့တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အင်ဇို ဖာနန်ဒက်ဇ် အသင်းကနေ ထွက်ခွာချင်နေတယ်ဆိုတာ အားလုံးသိပြီးသားပါ..။ ဟုတ်ပါတယ်… အခုဆိုရင် ကျနော်တို့ရဲ့ဘဏ်ထဲမှာ စတာလင်ပေါင် (၁၂၅) သန်း အသင့်ရှိနေခဲ့ပေမယ့် အစားထိုးမယ့် နောက်ထပ်ကစားသမား တစ်ယောက်ခေါ်ယူဖို့ ပျက်ကွက်ခဲ့ကြပါတယ်..။ အဲ့ဒါကြောင့် အခုလိုရုန်းကန် နေရတာပါ။ ခံစစ်အားနည်းချက်ကို အပြစ်တင်လို့ရပေမယ့် နည်းပြရဲ့ နည်းဗျူဟာစနစ်မှာ နောက်တန်း (၄) ယောက်ကို အကာအကွယ်ပေးဖို့နဲ့ ခံစစ်ကြောင်းရှေ့ကနေ ထိန်းကျောင်းပေးနိုင်ဖို့ အနည်းဆုံး ကွင်းလယ်အဖျက် ကစားသမား (၂) ယောက် လိုအပ်ပါတယ်။

ကိုးလ် ပါးမား နဲ့ မော်ဂန် ရော်ဂျားစ် တို့ကတော့ ခံစစ်ကို အများကြီးလိုက်ပါ၊ ကူညီမှာ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ သူတို့ကို ခံစစ်ကူညီဖို့ နောက်တန်းအထိ တောက်လျှောက် ပြန်ဆင်းလာတာမျိုး မလိုလားပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့တာဝန်က ကွင်းလယ်စည်း တစ်ဝက်အထိပဲ ခံစစ်ကူပေးဖို့ဖြစ်ပြီး ဘောလုံးသူတို့ဆီ ရောက်လာတဲ့အခါ တိုက်စစ်ကိုအာရုံစိုက်.. အခွင့်အရေး ဖန်တီးတာတွေ၊ ဂိုးသွင်းယူတာတွေကိုပဲ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်..။ ဘောလုံးရရှိတဲ့အခါ တိုက်စစ်မှာပဲ အလုံးစုံအာရုံစိုက်ပြီး သူတို့ရဲ့စွမ်းအင်၊ ခွန်အားတွေကို အပြည့်အဝ ရှိနေစေချင်တာကြောင့် တိုက်စစ်ကစားသမားတွေကို ခံစစ်ဇုန်ထဲအထိ လိုက်ပါပိတ်ဆို့ရင်း စွမ်းအင်တွေ ဖြုန်းတီးပစ်တာမျိုး မလိုလားပါဘူး။
ဒါကြောင့် လုပ်အားနှုန်း ကောင်းမွန်ပြီး အမောခံနိုင်ရည် အပြည့်အဝရှိတဲ့ မွိုင်ဆက်စ် ကိုင်ဆီဒို ပြန်ပါဝင်လာတဲ့အခါ သူဟာ (၂) နေရာ၊ (၃) နေရာထိ လိုက်ဖြည့်ကစားပေးနိုင်တဲ့အပြင် တစ်ဖက်အသင်းရဲ့ ကစားကွက်ကို ဖျက်ထုတ်ပေးနိုင်တဲ့ သူ့ရဲ့ စွမ်းအင်တွေကြောင့် ကျနော်တို့အသင်းဟာ ဒီထက်မက ပိုပြီးတောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်လာမှာပါ။ ပွဲတွေအနိုင်ရမယ် (၄) ဂိုး၊ (၅) ဂိုးသွင်းရမယ်.. ဆိုတာ မဖြစ်နိုင်ပါဘူး။ (၂) ဂိုးလောက် သွင်းယူထားရုံနဲ့ ပွဲကိုအနိုင်ရရှိပြီး ပွဲပြီးပြတ်သွားအောင် လုပ်ဆောင်နိုင်ရမှာပါ။
ခရစ် မက်ခ်ဟာဒီ – နောက်ထပ် တစ်ခုကတော့… ပွဲချိန်အစောပိုင်းတွေမှာ ခင်းဗျားတို့ကစားသမားတွေဟာ ဦးဆောင်ဂိုးတွေ သွင်းယူပြီး အနိုင်ရဖို့ အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ပွဲကိုအေးအေးဆေးဆေး ထိန်းကစား..၊ ပြီးမှအပိုင်အခွင့်အရေးတွေကို အသုံးချ၊ (၂ )ဂိုး ၊(၃) ဂိုးနဲ့ သက်သက်သာသာ အနိုင်ယူသွားရမှာဖြစ်ပေမယ့် အခုချိန်မှာတော့ ခင်ဗျားတို့အသင်းဟာ ပွဲတွေကို ထိထိရောက်ရောက် ထိန်းချုပ်၊ မကစားနိုင်ကြပါဘူး။ ဒီလိုနဲ့ ချေပဂိုးတွေ ခွင့်ပြုနေရပြီး ပြိုင်ဘက်အသင်းတွေက ပွဲအတွင်း ပြန်လည်ဝင်ရောက် လာကြပါတယ်..။ ဒါဟာ စိုးရိမ်စရာအချက်တစ်ခု ဖြစ်နေပါသလား?
ဂျွန် အိုဘီ မီးခေးလ် - ဟုတ်ပါတယ်၊ ဒါဟာ တကယ်ကို ကြီးမားတဲ့ စိုးရိမ်စရာပါ..။ ခင်ဗျားက ပွဲကိုဘယ ဘယ်လိုထိန်းချုပ် ကစားမယ် (game management) ဆိုတဲ့အကြောင်း ပြောလို့ပါ။ ၁ ဂိုး - ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်တဲ့အခါ ပွဲကိုထိန်းချုပ်ထားနိုင်ရပါမယ်။ ပွဲကိုစနစ်တကျ ထိန်းကျောင်း၊ ကစားနိုင်ရမှာဖြစ်ပြီး ဒါဟာအတွေ့အကြုံနဲ့အတူ ပါလာတဲ့အရာ ဖြစ်ပါတယ်..။ မဟုတ်ဘူးလားဗျ..? ပွဲတွေကို ဘယ်လိုထိန်းချုပ်၊ ကစားနိုင်ရမလဲ..? ဆိုတဲ့ နည်းလမ်းကို ကစားသမားတွေ သိရှိ၊ နားလည်ထားရပါမယ်..။
ဦးဆောင်ဂိုးရပေမယ့် ကိုယ့်ဘက်က ပွဲကိုထိန်းကျောင်း မကစားနိုင်ဘူးဆိုရင် အလကားပါပဲ..။ ဟိုးအရင်တုန်းက ၁ ဂိုး - ဂိုးမရှိ၊ ၂ ဂိုး - ဂိုးမရှိနဲ့ ဦးဆောင်ထားချိန်မှာ ကျနော်တို့လုပ်ဆောင်လေ့ရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်..။ ကျနော်တို့ခေတ်ကနေ အနိုင်ရလဒ်ကို ထိန်းထားပြီး ပွဲကိုထိန်းကျောင်း ကစားခဲ့ကြပေမယ့် အခုအသင်းမှာ အဲ့ဒီအချက်ကို မမြင်တွေ့ရပါဘူး။ ဒါကလည်း အချိန်ပေးရပါတယ်..။ ကစားသမားတွေအချင်းချင်း တွဲဖက်ကစားတာ အချိန်ကြာလာတာနဲ့အမျှ အသင်းလိုက် နားလည်မှု (chemistry) ပိုရှိလာမှာ ဖြစ်သလို ကစားသမားတွေလည်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနားလည် လာကြပါလိမ့်မယ်..။

အသင်းမှာရှိတဲ့ အရှိန်အဝါဩဇာ ကြီးမားသူတွေ၊ စီနီယာကစားသမားတွေက ဂျူနီယာလေးတွေကို ပြောဆို လမ်းညွှန်မှုတွေ ပေးကြရမှာပါ။ အခုကျနော်တို့ ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ပြီ… ကဲ.. ဘာဆက်လုပ်ကြမလဲ? ပွဲကိုထိန်းချုပ်လိုက်ပါ။ လက်ပစ်ဘော ဖြစ်သွားအောင် ကန်ထုတ်ပစ်တာပဲဖြစ်ဖြစ်၊ ကစားကွက်ကို ကျဉ်းမြောင်းစေပြီး ဘောလုံးကိုထိန်းထားတာပဲဖြစ်ဖြစ်၊ သူတို့အသင်းရဲ့ ကွင်းဘက်ခြမ်းတက်ပြီး ဖိအားပေးမှုကို ဆက်လက် ထိန်းသိမ်းထားပြီး ပွဲကိုစနစ်တကျ ထိန်းကျောင်းကစားနိုင်အောင် စီမံရပါမယ်..။ ဒါဟာ ကျနော်တို့ ကိုင်တွယ်၊ ဖြေရှင်းရမယ့်အရာတစ်ခု ဖြစ်ပါတယ်..။
ပြစ်ဒဏ်ကျူးလွန်လိုက်ပါ၊ တစ်ဖက်လူကို ဆွဲလှဲလိုက်ပါ.. ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပွဲကိုထိန်းချုပ်လိုက်ပါ။ ကျနော်တို့က အဲဒီလိုမလုပ်ကြပါဘူး။ တစ်ဂိုးသွင်းပြီးပွဲကို အရှိန်မပျက် ဆက်လက် စီးမျောခွင့် ပေးလိုက်ပါတယ်..။ ဘတ်စကက်ဘော ပွဲတစ်ပွဲနဲ့ တူမနေဘူးလားဗျာ..။ ၁ဂိုး -ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ပြီဆိုရင် အဲ့ဒါမျိုးဖြစ်ခွင့် မပေးရပါဘူး။ ပွဲကိုထိန်းချုပ်လိုက်ပါ။ ပြစ်ဒဏ်ဘောပေးလိုက်ပါ..၊ အဝါကတ်ဒ် ထိချင်ထိပါစေ..။ နောက်တစ်ကြိမ်ကျရင် အဝါကတ်ဒ် ထိထားတဲ့သူက ပြစ်ဒဏ်ဘောမယူမိအောင် သတိထားပြီး တခြားအသင်းဖော်က ပြစ်ဒဏ်ဘောယူလိုက်ပေါ့ဗျာ..။ အဲ့ဒီလိုနည်းနဲ့ တာဝန်တွေကို ခွဲဝေယူကြရတာပါပဲ..။
ဒါတွေဟာ အတွေ့အကြုံနဲ့အတူ ပါလာတာပါ။ နှစ်ပေါင်းများစွာကြာအောင် ကျနော်တို့အပြည့်အဝ ကျွမ်းကျင်၊ ပိုင်နိုင်ခဲ့တဲ့အရာလည်း ဖြစ်ပါတယ်။ အခုအချိန်မှာ အာဆင်နယ် ကစားနေတာကို ကြည့်တဲ့အခါ သူတို့တွေလည်း ပွဲကိုထိန်းချုပ်တဲ့နေရာမှာ ကျွမ်းကျင်၊ ပိုင်နိုင်နေပါတယ်..။ သူတို့တွေဟာလည်း အတူတူရှိနေခဲ့ကြတာ (၅) နှစ်၊ (၆) နှစ် မကတော့ပါဘူး။ ၁ဂိုး - ဂိုးမရှိနဲ့ ဦးဆောင်ထားတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ သိကြပါတယ်။ လက်ရှိအချိန်မှာ ကျနော်တို့မလုပ်နိုင်သေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

ခရစ် မက်ခ်ဟာဒီ – ချယ်လ်ဆီး ဟာ တိုးတက်၊ ပြောင်းလဲနေဆဲ ဖြစ်စဉ်တစ်ခုပါ။ တကယ့်ကိုထူးခြားတဲ့ အရာတစ်ခု ဖြစ်လာနိုင်ခြေရှိတဲ့ အရိပ်အမြွက်တွေကို ကျနော်တို့ မြင်တွေ့နေရပါတယ်။ ဟူးလ်အသင်းနဲ့ပွဲမှာ မော်ဂန် ရော်ဂျားစ် ဂိုးသွင်းတယ်၊ ပက်ဒရို ဂိုးဖန်တီးပေးတယ်..၊ ဒုတိယဂိုးကျတော့ ပီဒရို ဂိုးသွင်းတယ်။ ကျနော် ထင်တာတော့ သူတို့သုံးယောက်ရဲ့ တိုက်စစ်အတွဲဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ရှေ့တန်း တိုက်စစ် (၃) ယောက် အတွဲအဖက် ဖြစ်လာနိုင်ပါတယ်။ သူတို့ဂိုးတွေအများကြီး သွင်းယူကြတော့မှာပါ။
ဂျွန် အိုဘီ မီးခေးလ် - ဟုတ်ပါတယ်၊ သူတို့တွေဟာ ဂိုးတွေအများကြီးသွင်း..၊ ဂိုးတွေအများကြီး ဖန်တီးပေးကြမှာပါ။ တကယ်လို့ သူတို့တွေဟာ ကြံ့ခိုင်မှုပြည့်ဝနေမယ်၊ (၃) ယောက်စလုံး ကြံ့ခိုင်မှုအပြည့် ထိန်းထားနိုင်ပြီး ပွဲထွက်ကစားခွင့် ပေးနိုင်မယ်ဆိုရင် သူတို့တွေရဲ့ သွင်းဂိုးတွေကို ဆက်တိုက်မြင်ကြရတော့မှာပါ။ သူတို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ရှေ့တန်း တိုက်စစ် (၃) ယောက် အတွဲအဖက် ဖြစ်လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ သံသယဖြစ်စရာကို မလိုပါဘူး..။
မော်ဂန် ရော်ဂျားစ် က အသင်းသစ်ကို ရောက်ရှိလာခဲ့တာဆိုပေမယ့် မြန်မြန်ဆန်ဆန် အသားကျခဲ့ပါတယ်..။ ကိုးလ် ပါးမား နဲ့အတူတူ သူကစားနေတဲ့ပုံစံ ကြည့်မယ်ဆိုရင် သူတို့ (၂) ယောက်စလုံး အပြည့်အဝ ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ အသင်းရဲ့ ထိပ်တန်းကစားသမားတွေ ပျော်ရွှင်နေကြပြီး ကွင်းထဲမှာ ရှိနေတာကို သဘောကျ ကျေနပ်နေကြတာ မြင်တွေ့ရတာထက် ပိုပြီးကောင်းမွန်တဲ့အရာ မရှိပါဘူး။
သူတို့တွေဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး အတူတူကြီးပြင်း လာခဲ့ကြပါတယ်..။ သူတို့တစ်ယောက် အကြောင်းတစ်ယောက် သိထားကြတဲ့သူတွေ ဖြစ်ကြပါတယ်။ အခုဆိုရင် ထိပ်တန်းလိဂ်ပြိုင်ပွဲရဲ့ အမြင့်မားဆုံး အဆင့်တစ်ခုအနေနဲ့ အတူတူ ပါဝင် ကစားနေကြတာပါ။ ဒါဟာကလေးဘဝ ကစားသမားဘဝမှာ တကယ့်အိပ်မက် တစ်ခုပါပဲ။ ပြီးခဲ့တဲ့ရက်က ပွဲပြီးချိန်မှာ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ဘယ်သူယူမလဲ.. ဆိုပြီး စနောက် ငြင်းခုံနေကြတာ တွေ့ရပါသေးတယ်။ ဒါဟာတကယ်ကို စိတ်လက်ပေါ့ပါး လန်းဆန်းစေတဲ့ အရာတစ်ခုပါ။ ကျနော်ကတော့ ဒါမျိုးမြင်တွေ့ရတာကို တကယ်ကျေနပ်ပါတယ်။
အရေးကြီးတာက သူတို့ (၃) ယောက် ကစားနေတဲ့ပုံစံပါ…။ ဂျာအို ပီဒရို ဆိုရင်… Wow..! တကယ့်ကို အံ့မခန်း ကစားသမားပါပဲ။ အောက်ကိုဆင်းပြီး ဘောလုံးယူတယ်၊ အပြေးအလွှား ထိုးဖောက်တယ်၊ နောက်ခံလူတွေနောက်က နေရာလွတ်တွေကို ထိုးဖောက်တယ်..၊ နောက်ကိုဆင်းပြီး ကစားကွက်ချိတ်ဆက်မှုတွေ ပြုလုပ်ပါတယ်.. ။ သူဟာ တကယ်ကိုပြောင်မြောက်တဲ့ခြေစွမ်း ပြသနေပါတယ်..။ သူတို့ (၃) ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ဖြည့်ပြီးကစားနေကြတာပါ။

သူတို့တွေဟာ ပုံစံတူကစားသမားတွေ ဖြစ်ကြပါတယ်..။ ဒါပေမယ့် တကယ့်ကို ဉာဏ်ရည်ထက်မြက်တဲ့ သူတွေဖြစ်ကြတာကြောင့် အချိန်တိုလေးအတွင်းမှာတင် ဘာလုပ်ရမလဲ? သိကြပါတယ်။ ခင်ဗျားဆီမှာ ပါးနပ်တဲ့ ကစားသမားတွေ ရှိနေတဲ့အခါ ကစားဟန်ချင်း တူနေနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝ နားလည်ထားကြတဲ့အခါ ဘာလုပ်ရမလဲ? အတိအကျ သိကြပါတယ်။ ဘယ်သူက အောက်ဆင်း ဘောလုံးယူမယ်..၊ ဘယ်သူက ခံစစ်ကြောင်းရဲ့ အနောက်ဘက်ကို ထိုးဖောက်မယ်..။ ဘယ်သူက တွဲလုံးတွေနဲ့ (one-twos) ဆော့မယ်.. စသဖြင့်ပေါ့ဗျာ..။ ခြုံပြီးပြောရရင် သူတို့ဂိုးတွေ သွင်းယူနေကြတယ်..၊ အခွင့်အရေးတွေ ဖန်တီးပေးနေကြပါတယ်..။ ဒါပေမယ့် ကျနော်တို့ ခံစစ်ကာကွယ်နိုင်ဖို့တော့ လိုအပ်ပါတယ်။
အီမီ မာတီနက်ဇ် က တကယ် ကောင်းမွန်တဲ့ ဂိုးသမားပါ။ အချိန်နည်းနည်းတော့ ယူရပါလိမ့်မယ်။ မွိုင်ဆက်စ် ကိုင်ဆီဒို ကတော့ ကွင်းလယ်မှာ ကျနော်တို့အဓိက လိုအပ်နေရတဲ့သူပါပဲ။ သူဟာ ကျနော်တို့ရဲ့ ခံစစ်ပိုင်း ခိုင်မာ၊ တောင့်တင်းနေဖို့ သေချာအောင် လုပ်ဆောင်ပေးတဲ့သူ ဖြစ်ပါတယ်။ တိုက်စစ်မှူးတွေက ပွဲတွေကို အနိုင်ရရှိစေပါတယ်..။ ဒါပေမယ့်ခံစစ်ကြောင်းက ခင်ဗျားတို့ကိုဆုဖလားတွေ ဆွတ်ခူးစေနိုင်မှာပါ။ ကွင်းလယ်ပိုင်းကျတော့ရော..?
ကွင်းလယ်ဆိုတာ ကျနော် ပါဝင် ကစားခဲ့တဲ့ နေရာပါပဲ။ ကွင်းလယ် ကစားသမားတွေဟာ စည်းကမ်းတကျ ရှိရပါမယ်။ ဘယ်လိုနေရာကနေ အန္တရာယ်တွေ ရောက်ရှိလာမလဲ.. ဆိုတာသိရှိနိုင်ဖို့ အန္တရာယ်ကို ကြိုတင်အာရုံ ခံစားမိနေရပါမယ်။ အဲ့ဒီလိုအရာမျိုးနဲ့ ပတ်သက်လာရင် မွိုင်ဆက်စ် ကိုင်ဆီဒို ဟာ တကယ်ကို အံ့မခန်း ကောင်းမွန်ပါတယ်။ သူဟာ အန္တရာယ်ကို အာရုံခံမိပါတယ်။ ဘယ်နေရာမှာ လိုက်ပါ၊ ကာကွယ်ရမလဲဆိုတာ သိပါတယ်။ အခုလက်ရှိမှာ ကျနော်တို့ အဲဒီအရာတွေ မမြင်တွေ့ရပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ရဲ့ ကွင်းလယ်ဟာ လုံးဝကို ပွင့်ထွက်နေလို့ပါပဲ။ ကွင်းလယ်မှာ ပွင့်ထွက်နေတဲ့အခါ ခံစစ်ပိုင်းမှာ ဟာကွက်တွေ ပေါ်လာတော့မှာပေါ့..။ အခု ကျနော်တို့ မြင်တွေ့နေရတာလည်း အဲ့ဒါပါပဲ။
လက်ရှိအချိန်မှာ ကွင်းလယ်ပိုင်းဟာ ကျနော်တို့ပြဿနာရှိနေတဲ့ နေရာဆိုတာ ဇာဘီ အလွန်ဆို သိပါတယ်။ မွိုင်ဆက်စ် ကိုင်ဆီဒို ပြန်ကစားနိုင်တာနဲ့ သူဘယ်သူနဲ့ တွဲကစားမလဲ ကျနော် မသိပေမယ့် ကျနော့်အထင်ကတော့ ကိုင်ဆီဒို နဲ့ လာဗီယာ ဒါမှမဟုတ် ဂျိမ်းစ် တို့ အတွဲအဖက်ဟာ တကယ်ကို ခိုင်မာတောင့်တင်းတဲ့ ကွင်းလယ် (၂) ယောက် အတွဲအဖက် ဖြစ်လာမှာဖြစ်ပြီး အဲ့ဒီ (၂) ယောက်က ခံစစ်ကြောင်းရဲ့ရှေ့ကနေ အကောင်းဆုံး ကာကွယ် ပေးထားနိုင်ပါလိမ့်မယ်..။
အဲ့ဒီ (၂) ယောက်က နောက်တန်း (၄) ယောက်ရှေ့က အပြည့်အဝ အကာအကွယ် ပေးထားနိုင်တဲ့အချိန် မော်ဂန် ရော်ဂျားစ်၊ ကိုးလ် ပါးမား နဲ့ ဂျာအို ပီဒရို တို့ကိုပဲ အခွင့်အရေးတွေ ဖန်တီးခိုင်းပါ၊ ဖိအားတွေ လျှော့ချပြီး လွတ်လပ်စွာ ကစားခိုင်းလိုက်ပါ။ ခံစစ်ကူဖို့အတွက် စိုးရိမ်မနေပါနဲ့။ ကျနော်တို့အတွက် အခွင့်အရေးတွေကိုပဲ ဖန်တီးခိုင်းကြပါ..။ သူတို့ ဂိုးတွေ သွင်းယူကြမှာဖြစ်သလို အခွင့်အရေးတွေကိုလည်း ဖန်တီးကြမှာမလို့ပါ။ အဓိကအချက်ကတော့ ခံစစ်ပိုင်းမှာ ဘာတွေလုပ်ဆောင်ကြမလဲ? ဆိုတာပါပဲ..။ ကျနော်တို့ မှန်မှန်ကန်ကန် ကိုင်တွယ် ဖြေရှင်းနိုင်မယ်လို့ သေချာပေါက် ယုံကြည်ပါတယ်။ ဇာဘီ အလွန်ဆို က အခုကြုံတွေ့နေရတဲ့ ပြဿနာကို မှန်မှန်ကန်ကန် ကိုင်တွယ် ဖြေရှင်းသွားမှာပါ။
အခုအချိန်ဟာ ရာသီစပြီး (၄) ပွဲပဲ ရှိပါသေးတယ်..။ ပြဿနာဟာ ဘယ်ကနေ လာနေလဲ? ဆိုတာ ကျနော်တို့ သိကြပါတယ်။ ဒါကိုပြင်ဆင်ရပါမယ်။ မွိုင်ဆက်စ် ကပဲ အဲ့ဒီ ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ့်လို့ ကျနော်ထင်ပါတယ်။