ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းသစ် ချုပ်ဆိုနိုင်ခဲ့သည့် ပေါ်တူဂီတောင်ပံ ကစားသမား ပီဒရို နက်တို မှာ ချယ်လ်ဆီးအသင်း Official website နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်း အစီအစဉ်တွင် စတန်းဖို့ဒ် ဘရစ်ချ်သို့ ရောက်ရှိလာပြီး သူ့ရဲ့တိုးတက်လာမှု၊ အသင်းနှင့်အမှတ်တရ အခိုက်အတန့်များနှင့် စာချုပ်သစ် သက်တမ်းတိုးခဲ့ရခြင်း အကြောင်းများကို အောက်ပါအတိုင်း ပြောပြခဲ့ပါသည်..။
မေး - ပီဒရို… အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် အများကြီးဝမ်းသာ၊ ဂုဏ်ယူမိပါတယ်ဗျ..။ အသင်းမှာ ခင်ဗျားရဲ့အနာဂတ်ကို အသင်းမှာဆက်ပြီးရှိနေဖို့ ဆုံးဖြတ်လိုက်ခဲ့တာကို ဘယ်လိုခံစားရလဲ?
ပထမဦးဆုံးအနေနဲ့ အများကြီးကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်။ တကယ်ကို မယုံနိုင်စရာ ကောင်းလှတဲ့ အခိုက်အတန့်ပါပဲ။ ကျနော် ဒီကိုစပြီးရောက်တုန်းက အသင်းမှာရှိတဲ့သူအားလုံး ကျနော့်ကို အများကြီးကူညီပေးခဲ့ကြတယ်လို့ အမြဲခံစားခဲ့ရပါတယ်။ ပရိသတ်တွေ၊ ခင်ဗျားတို့တွေ၊ အသင်းဖော်တွေ အားလုံးပါပဲ။ ဒါတွေဟာ ကျနော့်အတွက် တကယ်အရေးကြီးပါတယ်။ ဒီအသင်းမှာ ကိုယ့်ရဲ့အိမ်လိုပဲ ခံစားနေရပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေအများကြီး ဆက်လက်ရယူချင်ပါသေးတယ်။ ချယ်လ်ဆီးအသင်းမှာ အသင်းလိုက်အနေနဲ့ရော တစ်ဦးချင်းအနေနဲ့ပါ အမှတ်တရကောင်းတွေ ရရှိခဲ့ဖူးပြီး အဲဒီလို ခံစားချက်တွေ ထပ်ပြီးရရှိချင်ပါသေးတယ်။
မေး - အခုအချိန်ဟာ ခင်ဗျားအတွက် စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဘာဖြစ်လို့ သင့်တော်တဲ့အချိန် ဖြစ်ခဲ့တာလဲ။?
ကျနော့်ဘက်ကရော အသင်းဘက်ကပါ အခုအချိန်ဟာ သင့်တော်တဲ့အချိန် ဖြစ်တယ်လို့ သဘောချင်းညီခဲ့ပါတယ်။ ကျနော်ဒီမှာ တကယ်ကို ပျော်ရွှင်နေပါတယ်။ ဒါ့အပြင် ကျနော်တို့ဒီမှာ တည်ဆောက်ချင်နေတဲ့ အရာတွေကလည်း တကယ်ကိုကောင်းမွန်ပါတယ်။ ဒါကြောင့် ကျနော်ဟာ အဲ့ဒီဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်ချင်ပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေ ဆွတ်ခူးချင်ပါတယ်။

မေး - ပြီးခဲ့တဲ့ပွဲတွေမှာ ခင်ဗျားဟာမျက်နှာပေါ်မှာ အပြုံးတွေနဲ့ ကစားနေတာ မြင်တွေ့ရပါတယ်။ အဲ့ဒါက ကွင်းထဲမှာ ခင်ဗျားရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ဖော်ထုတ်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါသလား?
ခင်ဗျား ပြောခဲ့သလိုပါပဲ၊ အဲ့ဒါက အရေးကြီးဆုံးပါပဲ။ ခက်ခဲတဲ့ အခိုက်အတန့်တွေမှာတောင် လူတိုင်းဟာ ဘောလုံးကစားရတာကို ပျော်မွေ့နေကြတာကို မြင်တွေ့နိုင်ပါတယ်။ ကျနော်တို့ ခက်ခဲတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရတယ်ဆိုတာ အားလုံးသိကြပေမယ့် မျက်နှာမှာ အမြဲတမ်းအပြုံးတွေ ရှိနေကြပြီး အဲ့ဒီခက်ခဲတဲ့ ကာလတွေကို ပျော်ရွှင်မှုတွေ၊ ကျနော်တို့ ကစားနေတဲ့ခြေစွမ်း၊ ပုံစံကောင်းတွေနဲ့အတူ ကျော်ဖြတ်နေကြပါတယ်..။ ပြီးခဲ့တဲ့ လိဒ် ယူနိုက်တက်အသင်းနဲ့ပွဲစဉ်ဟာ စံနမူနာ တစ်ခုဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။
မေး - ခင်ဗျားရဲ့ ချယ်လ်ဆီး ကစားသမားဘဝခရီးလမ်းကို ပြန်ကြည့်မယ်ဆိုရင် ကစားသမား တစ်ယောက်အနေနဲ့ ဘယ်လောက်အထိ တိုးတက်၊ ပြောင်းလဲလာခဲ့လဲ?
ရိုးရိုးသားသား ပြောရရင် ကျနော်အများကြီး တိုးတက်လာခဲ့ပါတယ်..။ ဒီအသင်းမှာ ကျနော်ဟာ တာဝန်တွေအများကြီး ယူခဲ့ရပါတယ်။ နေရာအများကြီးမှာလည်း ကစားခဲ့ဖူးပါတယ်..။ ဒါကြောင့် ကစားသမား တစ်ယောက်အနေနဲ့ အများကြီးတိုးတက်လာခဲ့ပါတယ်..။ ဒီထက်ပိုပြီး အရေးကြီးတာက ကျနော်ဟာ ရင့်ကျက်တဲ့ လူတစ်ယောက်အနေနဲ့ပါ ကျနော့်ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေဆီကနေ အများကြီးသင်ယူ၊ လေ့လာခွင့် ရခဲ့ပါတယ်။ အဲဒီအချက်တွေဟာ ဒီအသင်းမှာ ဆက်ပြီးရှိနေဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းအရင်းတွေထဲကတစ်ခု ဖြစ်ခဲ့ပါတယ်..။
မေး - ပြန်ပြီးစဉ်းစားကြည့်တဲ့အခါ ခင်ဗျားအတွက် အထူးခြားဆုံး ထင်ကျန်နေခဲ့တဲ့ အခိုက်အတန့်တွေက ဘာတွေဖြစ်မလဲ?
ကျနော့်မှာ အမှတ်တရကောင်းတွေ အများကြီးရှိပါတယ်။ သွင်းဂိုးတွေထဲက အမှတ်အရဆုံး ဂိုးတွေအကြောင်း ပြောရမယ်ဆိုရင် အာဆင်နယ် နဲ့ ဖူးလ်ဟမ်းတို့နဲ့ ပွဲစဉ်တွေက ကျနော့်အတွက် အထူးခြားဆုံးပါပဲ။ အာဆင်နယ်နဲ့ ပွဲစဉ်ကတော့ ကျနော့်ရဲ့ပထမဦးဆုံးသွင်းဂိုး ဖြစ်ခဲ့တာကြောင့်ပါ။

အဲ့ဒီနောက် ဖူးလ်ဟမ်းအသင်းရဲ့ အဝေးကွင်း ပွဲစဉ်ကတော့ အဲ့ဒီဂိုးရဲ့အရေးပါမှုကြောင့် ဖြစ်ပါတယ်။ ကျနော် ဂိုးသွင်းယူလိုက်တဲ့အချိန် ပရိသတ်တွေရဲ့ အော်ဟစ်၊ အားပေးသံတွေက တကယ်ကို ရူးသွပ်စရာ ကောင်းခဲ့ပြီး အဲ့ဒီ ဂိုးက ကျနော်တို့အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံး အခိုက်အတန့်အထိ တိုက်ပွဲဝင်နိုင်အောင် ဘယ်လောက်အထိ အရေးပါခဲ့လဲ? ဆိုတာ သိလိုက်ရတာ တကယ်ကို ကျေနပ်အားရဖို့ ကောင်းခဲ့ပါတယ်..။
အသင်းလိုက်အောင်မြင်မှုပိုင်းအရ ပြောရမယ်ဆိုရင်တော့ အသင်းနဲ့ ဆွတ်ခူးနိုင်ခဲ့တဲ့ ကွန်ဖရင့်စ်လိဂ် ဖလားနဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားတွေ ရရှိခဲ့တဲ့ အခိုက်အတန့်တွေဟာ ကျနော့်ရဲ့ရင်ထဲမှာ အမြဲတမ်း ကိန်းဝပ် ကျန်ရှိနေမယ့်အရာတွေ ဖြစ်ပါတယ်..။ အဲဒီလို ကြည်နူးဖွယ်.. အမြဲတမ်း အမှတ်ရနေမယ့် အခိုက်အတန့်တွေကြောင့် ကျနော်ဟာ ဒီအသင်းမှာ တကယ်ကိုပျော်ရွှင်ရပါတယ်။
မေး - ဟုတ်ပါတယ်.. အဲ့ဒီ (၂) ပွဲစလုံးကို ကျနော်မှတ်မိ နေပါသေးတယ်။ ပရိသတ်တွေရဲ့ ရူးသွပ်မတပ် အားပေးသံတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုဟာ တကယ်ကို ကြက်သီးထစရာ ကောင်းခဲ့ပါတယ်..။
တကယ့်ကို မယုံနိုင်စရာပဲဗျ,,။ ဂိုးသွင်းပြီးတာနဲ့ ကျနော်ဟာ ရူးသွားသလိုဖြစ်နေပြီး တစ်ကွင်းလုံးပတ် ပြေးလွှားနေချင်စိတ်ပဲ ရှိခဲ့ပါ။

မေး - ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ အကြောင်းကိုလည်း ခင်ဗျားထည့်ပြောသွားခဲ့ပါတယ်။ ခင်ဗျားဟာ ကလပ်အသင်းများ ကမ္ဘာ့ဖလားနဲ့ ကွန်ဖရင့်စ်လိဂ် ဖလားတွေ ရရှိခဲ့ပြီးပြီဆိုတော့ ချယ်လ်ဆီးအသင်းမှာ နောက်ထပ်ဘယ်လို အောင်မြင်မှုတွေ ရယူချင်ပါသေးလဲ?
ကျနော် ထင်တာကတော့ ဒီလိုအသင်းမှာ ရှိနေပြီဆိုရင် ပါဝင်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတိုင်းမှာ အနိုင်ရရမယ်.. ဆိုတဲ့ စိတ်ဓာတ်မျိုးရှိနေဖို့ အရေးကြီးပါတယ်။ FA ဖလားပြိုင်ပွဲမှာ အနိုင်ရချင်တယ်၊ Carabao ဖလားပြိုင်ပွဲမှာ အနိုင်ရချင်ပါတယ်..။ အထူးသဖြင့် ‘ပရီးမီးယားလိဂ်’ ပေါ့ဗျာ..။ ဒါဟာကစားသမားတိုင်ရဲ့ အိပ်မက်တစ်ခုပါပဲ။ အနိုင်ရရှိဖို့ ဘယ်လောက်အထိ ခက်ခဲလဲ.. အားလုံးသိကြပါတယ်။ ကျနော်တို့အားလုံး အင်မတန်မှကို တည်ငြိမ်တဲ့ခြေစွမ်း ရှိနေရမှာဖြစ်သလို သေချာတာကတော့ ကျနော်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲထဲ ပြန်လည်ရောက်ရှိချင်တာပါပဲ။ လက်ရှိအချိန်မှာတော့ အဲဒီရည်မှန်းချက်တွေဟာ ကျနော့်ရဲပန်းတိုင်တွေ ဖြစ်ပါတယ်။
မေး - ခင်ဗျားဟာ အမြဲတမ်းအခြေအနေနဲ့ အံဝင်ခွင်ကျ လိုက်လျောညီထွေ ပြောင်းလွယ်၊ ပြင်လွယ်ရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဘယ်တောင်ပံ၊ ညာတောင်ပံနဲ right wing- back နေရာတွေမှာ ကစားခဲ့ပါတယ်..။ ခင်ဗျားဟာ အားကိုးလို့ရတဲ့သူဖြစ်ပြီး နည်းပြအနေနဲ့ ခင်ဗျားကို ဘယ်နေရာမှာမဆို ထည့်ကစားဖို့ ရနိုင်တယ်.. ဆိုပြီး သိထားရတာ ခင်ဗျားအတွက် အရေးပါခဲ့လား? ခင်ဗျားဟာ တိုက်စစ်မှူး နေရာမှာတောင် ကစားခဲ့ဖူးပါတယ်..။
ပွဲထွက် (၁၁) ယောက်မှာ ပါဝင် ကစားနေရဖို့က အရေးကြီးဆုံးပါပဲ။ ခင်ဗျားပြောသလိုပေါ့၊ သေချာတာက ကျနော့်မှာ ပိုပြီးကစားချင်တဲ့ နေရာတစ်ခု ရှိပေမယ့် ဘယ်တောင်ပံ၊ ညာတောင်ပံ..၊ တိုက်စစ်မှူးပဲ ဖြစ်ဖြစ် ကစားနေရမယ်ဆိုရင် အသင်းကိုကူညီပေးနိုင်ပါမယ်..။ ဒါ့ကြောင့်ကျနော်ဟာ ကစားခွင့် အမြဲတမ်းရချင် နေခဲ့တာဖြစ်ပြီး ကစားသမား တစ်ယောက်အနေနဲ့ ကစားခွင့်ရရှိနေမှသာ တိုးတက်လာဖို့အတွက် ဆက်လက် လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ကျနော်ကတော့ အသင်းကို တတ်နိုင်သမျှ အများဆုံး ကူညီပေးချင်ပါတယ်။

မေး - ကော့ဘ်ဟမ်လေ့ကျင့်ကွင်းက ခင်ဗျားရဲ့အကြောင်းကိုလည်း နည်းနည်းပြောပြပါဦး။ နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေနဲ့ ခင်ဗျားတို့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးတွေဟာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဘယ်လောက်အထိ အရေးပါခဲ့လဲ?
ဒီအသင်းကို ရောက်လာတဲ့ အခိုက်အတန့်တိုင်းဟာ တကယ်ကို အရေးပါခဲ့ပါတယ်။ ကျနော်အမြဲတမ်း ပြုံးရွှင်ပြီး စနောက်နေတတ်တာကို ဒီမှာရှိတဲ့သူတိုင်း သိကြပါတယ်။ ကျနော် ဒီကလူတွေနဲ့ စနောက်ရတာကို သဘောကျသလို သူတို့ကို ကူညီပေးရတာကိုလည်း နှစ်သက်ပါတယ်။ ဒါကြောင့်အဲဒီအချက်တွေဟာ ကျနော့်အတွက် အရေးကြီးတဲ့အရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ အပါအဝင် ဒီမှာရှိနေတဲ့ ပတ်ဝန်းကျင်အဝန်းအဝိုင်းကြောင့် ကျနော်ဟာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ခဲ့ပါတယ်..။ အဲဒီအချက်ကလည်း ကျနော့်အတွက် တကယ်ကို အရေးပါခဲ့ပါတယ်။
မေး - အခုဘောလုံးရာသီမှာတော့ ခင်ဗျားဟာ ရာသီအစ.. တာထွက်ကောင်းခဲ့တယ်.. လို့ ပြောရမှာပါ။ ဇာဘီ အလွန်ဆို ရဲ့ လက်အောက်မှာ ခင်ဗျားတို့ဘယ်လိုအောင်မြင်တွေရရှိအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်ပါသလဲ?
ကျနော်တို့ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူနိုင်ပါလိမ့်မယ်။ ကျနော့်ရဲ့ခေါင်းထဲ ရောက်လာတဲ့ အရာတစ်ခုကတော့… သူအလုပ်လုပ်တဲ့ပုံစံပါပဲ..။ အခက်ခဲဆုံး အခိုက်အတန့်တွေမှာတောင် သူ့ရဲ့တည်ငြိမ်မှုကို မြင်တွေ့နိုင်ပါတယ်။ အဲဒီအရာဟာ လွန်ခဲ့တဲ့ရာသီတွေတုန်းက ကျနော်တို့တိုးတက်အောင် ပြုလုပ်ရမယ့် အရာတစ်ခု ဖြစ်ခဲ့ပြီး သူ့နဲ့အတူတူဆိုရင် ကျနော်တို့အဲ့ဒီအဆင့်ကို ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်..။ သေချာတာကတော့ ကျနော်တို့ဆုဖလားတွေ ဆွတ်ခူးရရှိချင်တာပါပဲ။

မေး - ဒီရာသီမှာ ချယ်လ်ဆီးအသင်း အောင်မြင်ဖို့အတွက် အပြာရောင်ပရိသတ်တွေက ဘယ်လောက်အထိ အရေးပါလာမလဲ?
အရမ်းကို အရေးပါလာမှာပါ။ ခုနကတင် ကျနော်တို့ ပြောနေကြသလိုပါပဲ။ ဖူးလ်ဟမ်းနဲ့အဝေးကွင်းမှာ အရေးပါတဲ့ အနိုင်ဂိုးသွင်းယူခဲ့တုန်းက တကယ်ကို မယုံနိုင်စရာကောင်းတဲ့ အောင်ပွဲခံမှုမျိုး ဖြစ်ခဲ့တာကို ကျနော်မှတ်မိနေပါသေးတယ်။ ဥပမာအားဖြင့် လိဒ် ယူနိုက်တက်နဲ့ ပွဲစဉ်တုန်းကလည်း ကျနော်တို့ ရှုံးနိမ့်နေခဲ့တာပါ..။ ဒါပေမယ့် ပရိသတ်ရဲ့ အားပေးမှု၊ ပံ့ပိုးမှုတွေဟာ တကယ်ကို မယုံနိုင်စရာ ကောင်းခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့အောင်မြင်မှုတွေ ရရှိဖို့အတွက် သူတို့တွေဟာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမှာ သေချာပါတယ်။
မေး - နောက်ဆုံးအနေနဲ့ ချယ်လ်ဆီးပရိသတ်တွေအတွက် ပေးချင်တဲ့ သတင်းစကားလေးများ ရှိသေးလား?
ဟုတ်ကဲ့… စောင့်ကြည့်ပြီး အားပေးနေကြပါဦး..။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်ကိုပျော်စရာ ကောင်းလာတဲ့ အချိန်ကာလတွေ ရောက်ရှိလာတော့မှာမလို့ပါ.. ဟားဟား… [ရယ်မောလျက်]။