ယခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဩဂုတ်လအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုရ ဘရာဇီးလ် တိုက်စစ်မှူး ဂျာအို ပီဒရို မှာ Sky Sports သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းအစီအစဉ်တွင် ယခုဘောလုံးရာသီတွင် တာထွက်ကောင်းခဲ့သော သူ၏ခြေစွမ်းနှင့် တိုးတက်မှု၊ အင်္ဂလန်ဘောလုံးလောက၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုဦးစားပေး ကစားဟန်နှင့် အသားကျအောင် ကြိုးစားခဲ့ပုံနှင့် လက်ရှိအသင်းဖော်များနှင့် အဆင်ပြေစွာ တွဲဖက်ကစားနိုင်ခဲ့ရသည့် အကြောင်းရင်းများကို အောက်ပါအတိုင်း ပြောပြခဲ့ပါသည်..။
မေး - ဂျာအို… ပထမဆုံးအနေနဲ့ ကျွန်မတို့ကို အခုလိုအချိန်ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ရှင်တို့အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သက်ပြီးတော့ရော ရှင်တို့သွင်းယူနေတဲ့ ဂိုးအရေအတွက်တွေနဲ့ ပတ်သက်ပြီး အများကြီးပြောဆို၊ ဆွေးနွေးနေကြတာ တွေ့ရပါတယ်။ ဒီရာသီမှာ ချယ်လ်ဆီးဟာ ပရိသတ်ကို အဖျော်ဖြေနိုင်ဆုံး အသင်းတစ်သင်း ဖြစ်နေတယ်လို့ ခံစားရပါသလား။
ဂျာအို ပီဒရို - ကျွန်တော် ထင်ပါတယ်… ကျွန်တော်တို့ရဲ့ တိုက်စစ်အတွဲ သုံးယောက်ဟာ တကယ်ကို အစကောင်းခဲ့ပါတယ်၊ အဲဒီအပြင် ဂျာအို ပီဒရို လည်း ပါတာပေါ့၊ သူကအရင်တုန်းကနဲ့ မတူညီတဲ့နေရာမှာ ကစားရတာ ဖြစ်ပေမယ့် မြန်မြန်ဆန်ဆန်ပဲ အသားကျသွားခဲ့ပါတယ်။ လူတွေအနေနဲ့ ကျွန်တော်တို့ဆီက ထူးခြားတဲ့ အောင်မြင်မှုတစ်ခုခု လုပ်ပြနိုင်မယ်လို့ မျှော်လင့်ထားကြပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ လုပ်ဆောင်ရမယ့်အရာပေါ်မှာ အပြည့်အဝ အာရုံစိုက်ထားကြလို့ပါပဲ။ အဲ့ဒါကြောင့်လည်း ကျွန်တော်တို့ ထက်ထက်မြက်မြက်နဲ့ အစကောင်းခဲ့တာလို့ ထင်ပါတယ်။
မေး - ဟုတ်ကဲ့ပါ..။ တိုက်စစ်မှူးတစ်ယောက် အနေနဲ့ရော ပျော်စရာ ကောင်းခဲ့ရဲ့လား?
ဂျာအို ပီဒရို - ဒါပေါ့၊ သေချာတာပေါ့။ အခုလိုဂိုးတွေအများကြီး သွင်းယူနိုင်တဲ့အခါ သိပ်ကိုကောင်းပါတယ်။ လူတိုင်းလည်း ပါဝင်ကစားခွင့်ရဖို့ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားနေကြတာပါ။ အထူးသဖြင့် အခုဆိုရင် ဂိုးတွေ ပိုပြီးသွင်းယူနိုင်ဖို့ အခွင့်အရေးတွေပိုရနိုင်မယ့် လိဂ်ဖလားပွဲစဉ်တွေလည်း ရှိနေတော့ လူတိုင်းဟာ တကယ်ကို ရင်ခုန်နေကြမယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး - နည်းစနစ်ပိုင်း အယူအဆနဲ့ ပတ်သက်ပြီး နည်းပြက အခုထိ ရှင်တို့ကို ပေးထားတဲ့ အဓိကညွန်ကြားချက် ဘာလဲ?
ဂျာအို ပီဒရို - နည်းပြက ကျွန်တော်တို့ကို တစ်ယောက်နဲ့တစ်ယောက် အနီးကပ်တွဲဖက် ကစားစေချင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့အချင်းချင်း အချိတ်အဆက်မိမိနဲ့ ပေါင်းစပ်လိုက်နိုင်ရင် တကယ်ကို အန္တရာယ်များလှတဲ့ အသင်းတစ်သင်း ဖြစ်လာနိုင်တယ်ဆိုတာ သူသိထားလို့ပါပဲ။ ဒါကြောင့် သူကကျွန်တော်တို့ကို တစ်ကွင်းလုံးအနှံ့ နေရာလွတ်တိုင်းမှာ လွတ်လွတ်လပ်လပ် ရွေ့လျား၊ ကစားခွင့် ပေးထားပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်တော်တို့ အခုလိုပုံစံမျိုးနဲ့ စတင်နိုင်ခဲ့တာလို့ ထင်ပါတယ်။
မေး - မော်ဂန် ရော်ဂျားစ် နဲ့ ကိုးလ် ပါးမား တို့က ခင်ဗျားရဲ့ကစားဟန်ပေါ် ဘာတွေပေါင်းစပ် ထည့်သွင်းပေးနိုင်ခဲ့လဲ? ဘယ်လိုပုံစံနဲ့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖြည့်ဆည်းပေးနေကြတယ်လို့ ခံစားရလဲ?
ဂျာအို ပီဒရို - ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံတွေက တော်တော်လေး တူညီကြပေမယ့် မတူညီတဲ့ အားသာချက်တွေ ရှိနေကြတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ကြတာလို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့နောက်မှာ ကိုးလ် နဲ့ မော်ဂန် တို့လို 'No. 10' ကစားသမား (၂) ယောက် ရှိနေတာဟာ ကျွန်တော့်အတွက် တကယ်ကို ကောင်းမွန်လွန်းပါတယ်။ ဒါကြောင့် သူတို့နဲ့အတူတူ တွဲဖက်ကစားခွင့်ရခဲ့တဲ့အပေါ် တကယ်ကို ကျေနပ်၊ ဝမ်းမြောက်မိပါတယ်။

မေး - ရှင်တို့အချင်းချင်း အတွေးအခေါ်ပုံစံတွေ တူညီတယ်လို့ ပြောတဲ့အခါ ကွင်းအတွင်း ရွေ့လျားမှုတွေကို ပြောတာလား? ဒါမှမဟုတ် နည်းစနစ်ပိုင်း အယူအဆတွေအပေါ် အမြင်တူညီတာကို ပြောချင်တာလား?
ဂျာအို ပီဒရို - ကျွန်တော်ထင်တာကတော့ ကိုးလ် ဟာ ဘောလုံးပေးပို့မှု တကယ်ကောင်းမွန်သလို ဂိုးတွေလည်း သွင်းယူနိုင်ပါတယ်။ မော်ဂန် လည်း ထို့အတူပါပဲ..။ နည်းစနစ်ပိုင်း အယူအဆတွေအပေါ်မှာ ကျွန်တော်တို့ရဲ့ တွေးတောပုံချင်း တော်တော်လေးတူညီပေမယ့် ကျွန်တော်ကတော့ 'N0. 9' ကစားသမား ပိုပြီးဆန်ပါတယ်။ ကျွန်တော်က ဘောလုံးကို ရှေ့မှာပိုပြီးထိန်းထား ပေးနိုင်ပါတယ်..။ ကိုးလ် က 'No. 10' ပိုဆန်ပြီး မော်ဂန် ကတော့ ဘောလုံးနဲ့အတူ ကျော်ဖြတ်တာ..၊ ဆွဲယူသွားတာမျိုး ပိုလုပ်နိုင်ပါတယ်။ အဲ့ဒါကြောင့်ကျွန်တော်တို့ဟာ တော်တော်လေး တူညီကြပေမယ့် တစ်ချိန်တည်းမှာပဲ မတူညီကြဘူးလို့ ပြောရတာ ဖြစ်ပါတယ်။
မေး - ရှင်က 'No. 9' ကစားသမား ပိုဆန်တယ်လို့ ပြောသွားတာကရော? ရှင်ဟာနေရာစုံ ကစားနိုင်တဲ့သူဖြစ်ပြီး 'No. 9' အဖြစ် ကစားရတာကိုလည်း ကြိုက်နှစ်သက်တယ်ဆိုတာ သိထားပါတယ်။ တိုက်စစ်မှူး တစ်ယောက်အနေနဲ့ ရှင့်ရဲ့တိုးတက်ပြောင်းလဲလာမှုကို ဘယ်လိုမြင်ပါလဲ..?
ဂျာအို ပီဒရို - ကျွန်တော် ကိုယ်တိုင်လည်း လိုချင်စိတ်အပြည့်နဲ့ နေ့စဉ်နေ့တိုင်း ပိုမိုတိုးတက်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်။ ကျွန်တော် အစကောင်းခဲ့ပေမယ့် လက်ရှိခြေစွမ်းကို အချိန်အကြာကြာ ထိန်းသိမ်းသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ ပွဲတိုင်းဂိုးသွင်းယူနိုင်ဖို့ အလွန်ခက်ခဲတယ်ဆိုတာ သိပါတယ်..။ ဒါပေမယ့် လေ့ကျင့်ခန်းအစီအစဉ်တိုင်းမှာ ပွဲအတွင်း အခွင့်အရေးတစ်ကြိမ်ရခဲ့ရင် အဲဒီအခွင့်အရေးကို ဂိုးအဖြစ်ပြောင်းလဲနိုင်အောင် ကျွန်တော်အစွမ်းကုန် ကြိုးစားပါတယ်။
ဒါကြောင့်ဟုတ်ပါတယ်..။ ကျွန်တော်တကယ်ကို တိုးတက်လာခဲ့တယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ကျွန်တော့်ရဲ့ ချယ်လ်ဆီးအသင်း ပထမဆုံးရာသီဟာ ခက်ခဲခဲ့ပေမယ့် အခုဆိုရင် အသင်းဖော်တွေကလည်း ကျွန်တော့်ရဲ့အကြောင်း ပိုပြီးသိလာကြပါပြီ..။ ဒါကြောင့်ကျွန်တော်တို့ဟာ တစ်ယောက်အကြောင်းတစ်ယောက် ပိုပြီးနားလည်လာကြပြီ ဖြစ်တာကြောင့် ဂိုးတွေအများကြီး သွင်းယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေး - အင်္ဂလန်ကို ရှင်စပြီး ရောက်ရှိလာစဥ်ကအကြောင်းတွေကို ပြောဖြစ်ခဲ့ပါသေးတယ်..။ အဲ့ဒီတုန်းက ဂျာအို ပီဒရို ဆိုတဲ့ တိုက်စစ်မှူးနဲ့ အခုရှင့်ရဲ့ကစားဟန်ကို ပြန်ကြည့်မယ်ဆိုရင် ဘယ်လိုနေရာတွေမှာ အဓိက ကွာခြားသွားတယ်လို့ မြင်မိလဲ..? ဘယ်လိုအပိုင်းတွေမှာ အများဆုံး တိုးတက်လာခဲ့တယ်လို့ ခံစားရလဲ?
ဂျာအို ပီဒရို - ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားခဲ့ရတုန်းက ခန္ဓာကိုယ်ကြံ့ခိုင်မှု ဦးစားပေးပြီး တွန်းတိုက်ယှဉ်ပြိုင်မှု (physicality) အရမ်းများပါတယ်..။ အဲ့ဒီပြိုင်ပွဲမှာ ရာသီအနည်းငယ်ကြာအောင် ကစားခဲ့ရပြီး ဘောလုံးကို ဘယ်လိုထိန်းထားရမလဲ? ဘယ်အချိန်မှာ ဘောလုံးပေးပို့ ရမလဲ? ဆိုတာတွေကို လေ့လာ၊ သင်ယူခဲ့ရပါတယ်။ ပရီးမီးယားလိဂ် ကို ရောက်လာတဲ့အခါမှာတော့ ကျွန်တော့်အနေနဲ့ ဘောလုံး ထိန်းထားတာရော၊ ကွင်းလယ်ကိုဆင်းပြီး အသင်းဖော်တွေနဲ့ တွဲဖက်ကစားတဲ့ နေရာမှာရော (၂) ခုစလုံးကို လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာ သိခဲ့ပါတယ်။
ချန်ပီယံရှစ်ပြိုင်ပွဲက ကျွန်တော့်ကိုအများကြီး တိုးတက်စေခဲ့ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ဝက်ဖို့ဒ်အသင်းကို စပြီးရောက်တုန်းက ကြံ့ခိုင်မှုအသားပေး၊ တွန်းတွန်းတိုက်တိုက် ယှဉ်ပြိုင်မှုတွေဟာ ကျွန်တော့်အတွက် အခက်တွေ့ခဲ့ပါတယ်..။ ဒါ့ကြောင့်တောင်ပံ ဒါမှမဟုတ် ‘No. 10’ နေရာတွေမှာ ပိုပြီးကစားခဲ့ရပါတယ်..။ ဒါကြောင့် အရာရာတိုင်းက အခုလို နေရာမျိုး ရောက်ရှိလာအောင် ကျွန်တော့်ကို ကူညီပေးခဲ့တာလို့ ထင်ပါတယ်။
မေး - တခြားကစားသမားတွေကလည်း ရှင့်ရဲ့ကစားဟန်ကို ပိုပြီးအသားကျလာကြပြီလို့ ပြောပြခဲ့တယ်နော်။ ဒါပေမယ့်ရှင်ဟာ ပြီးခဲ့တဲ့ရာသီတုန်းကရော၊ အခုလက်ရှိရာသီအစမှာပါ တကယ်ကိုအံ့မခန်း ကောင်းမွန်တဲ့ စတင်မှုမျိုး ရရှိထားပါတယ်..။ ဒါ့အပြင် အခုဩဂုတ်လရဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာကိုလည်း ဂုဏ်ယူတဲ့အကြောင်း တခါတည်း ပြောလိုက်ပါဦးမယ်။ အထူးသဖြင့် နွေရာသီတုန်းက ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ခွင့်မရခဲ့တဲ့ စိတ်ပျက်စရာကိစ္စတွေကို ထည့်စဉ်းစားကြည့်မယ်ဆိုရင် အခုလို ရာသီအစမှာ ထူးခြားတဲ့စတင်မှု ရရှိတာဟာ ရှင့်အတွက် ဘယ်လောက်အထိ အဓိပ္ပာယ်ရှိခဲ့လဲ?
ဂျာအို ပီဒရို - အဓိကကတော့အသင်းဖော်တွေက ကျွန်တော့်ကို အများကြီးယုံကြည်ပေးခဲ့ကြလို့ပါ။ ချယ်လ်ဆီး ဘက်ကလည်း ကျွန်တော့်ကို အရမ်းယုံကြည်ပေးကြပါတယ်။ ကျွန်တော် လိုအပ်တဲ့အရာမှန်သမျှကို ဖြည့်ဆည်း ပေးထားကြပါတယ်..။ ဒါကြောင့် ကျွန်တော်ဒီမှာ အရမ်းကို ပျော်ရွှင်ရပါတယ်။ အဲ့ဒါကြောင့်လည်း ဒီမှာကစားရတာ၊ အသင်းဖော်တွေနဲ့ အတူတူကွင်းထဲမှာ ရှိနေရတာကို သက်သောင့်သက်သာ ခံစားရပြီး ပျော်ရွှင်နေရတာလို့ ထင်ပါတယ်..။
ပြီးခဲ့တဲ့နွေရာသီတုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်ခဲ့ရတာကြောင့် မိသားစုနဲ့အတူအချိန်ဖြုန်းခွင့်၊ ဘရာဇီးမှာ အပန်းဖြေခွင့် ရရှိခဲ့ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းမှာ ရှိနေရတာကို ကျွန်တော်အများကြီး သဘောကျပါတယ်။ အခုအချိန်ဟာ ကျွန်တော့်ရဲ့အရည်အသွေးကို ထုတ်ပြနိုင်ဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီး အခုရာသီဟာ လွန်ခဲ့တဲ့ရာသီကထက် ပိုပြီးကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

မေး - စိတ်ပျက်စရာ ကောင်းခဲ့တဲ့အရာတစ်ခုရဲ့ အပြုသဘောဆောင်တဲ့ဘက်ကနေ ကြည့်ရမယ်ဆိုရင် ရှင်ဟာ အခုရာသီအစမှာ နည်းပြသစ်နဲ့အတူ ရာသီကြို ပြင်ဆင်မှု အပြည့်အဝ လုပ်ဆောင်ခွင့် ရခဲ့ပါတယ်..။ အဲဒီအခွင့်အရေးဟာ ရှင့်အတွက် ဘယ်လောက်အထိ အကျိုးကျေးဇူး ရရှိခဲ့တယ်လို့ ခံစားခဲ့ရလဲ?
ဂျာအို ပီဒရို - ရာသီကြိုပြင်ဆင်မှုတွေမှာ အစကနေ ပါဝင်ခွင့်ရတာကြောင့် နည်းပြရဲ့ နည်းဗျူဟာ၊ နည်းစနစ်ပိုင်း အယူအဆတွေကို သိရှိခွင့်ရခဲ့ပါတယ်..။ ဒါပေမယ့် ရာသီကြိုပြင်ဆင်မှုတွေမစတင်မီ ဘရာဇီးလ်မှာ ရှိနေတုန်းကလည်း နည်းပြနဲ့ စကားနည်းနည်း ပြောဖြစ်ခဲ့ပါသေးတယ်။ ဒါကြောင့်ရာသီကြိုမှာ သူနဲ့အတူ လက်တွဲခွင့်ရတာဟာ သိပ်ကိုကောင်းမွန်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာကျွန်တော့်ဆီက ဘာတွေလိုချင်လဲ? ဆိုတာ ကောင်းကောင်းနားလည်နိုင်ခဲ့လို့ပါပဲ..။ သူဟာတကယ်ကို အဆင့်မြင့်တဲ့ နည်းပြတစ်ယောက်ပါ။ ကျွန်တော့်ကို ယုံကြည်မှုတွေအများကြီး ပေးအပ်ထားသလို နေ့စဉ်နေတိုင်း အကောင်းဆုံး ကူညီပေးဖို့လည်း ကြိုးစားပေးပါတယ်။
မေး - နည်းပြဇာဘီ အလွန်ဆို ဟာ ဘောလုံးသမားဘဝတုန်းကလည်း နည်းစနစ်ပိုင်း သိပ်ကိုထူးချွန်ခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်..။ ကွင်းထဲမှာ အခုလိုနည်းစနစ်ပိုင်း သိပ်ကိုကောင်းမွန်ခဲ့တဲ့သူ တစ်ယောက်ရှိနေတာဟာ ဘယ်လောက်အထိ အထောက်အကူ ဖြစ်စေပါလဲ?
ဂျာအို ပီဒရို - သူကိုယ်တိုင် ထိပ်တန်းအဆင့်ပွဲတွေမှာ ကစားခဲ့တာကြောင့် ကျွန်တော်တို့အပေါ် အပြည့်အဝ နားလည်တာလို့ ထင်ပါတယ်..။ ကစားသမား တစ်ယောက်အနေနဲ့ ကျွန်တော်တို့တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို သူနားလည်ပါတယ်။ သူကကျွန်တော်တို့ရဲ့ အခြေအနေကို ပိုမိုလွယ်ကူသွားအောင် လုပ်ဆောင်ပေးပါတယ်။ သူဟာတကယ်ကို ကောင်းမွန်ပါတယ်။ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကျွန်တော်တို့နဲ့အတူ သူ ဝင်ကစားတဲ့အခါ သူ့ရဲ့အရည်အသွေးပိုင်းနဲ့ ဘောလုံးအထိန်းအသိမ်း၊ ထိချက်တွေမှာ အခုထိထက်မြက်နေတုန်းပဲ.. ဆိုတာ မြင်နိုင်ပါတယ်..။ ဒါပေမယ့် သူဟာတကယ်ကို ခင်မင်ဖို့ ကောင်းတဲ့သူ တစ်ယောက် ဖြစ်ပါတယ်..။ ဒီမှာရှိတဲ့လူတိုင်း သူ့ကိုသဘောကျကြလိမ့်မယ်လို့ ထင်ပါတယ်။

မေး - ရှေ့တန်း သုံးယောက်နဲ့ ပတ်သက်ပြီး ကျွန်မတို့ အများကြီးပြောခဲ့ပါတယ်..။ ဒါပေမယ့် ရှင်နဲ့ ဒယ်နီ ဝဲလ်ဘက်ခ် တို့ဟာ တတိယအကြိမ်မြောက် ပြန်လည်ဆုံစည်းကြတာ ဖြစ်တာကြောင့် ရှင်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်၊ မခွာရနိုင် ဖြစ်နေသလိုပါပဲရှင့်.. ဟားဟား..။ သူ့နဲ့ ပြန်လည်ဆုံစည်းရတဲ့အပေါ် ဘယ်လောက်အထိ ဝမ်းမြောက်မိပါလဲ?
ဂျာအို ပီဒရို - ကျွန်တော် သူ့ကိုပြောပြီးပါပြီ။ သူနဲ့အတူ ကျွန်တော့်အတွက် သိပ်ကိုထူးခြားတဲ့ အမှတ်တရတွေ ရှိခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် အင်္ဂလန်ကို စရောက်တုန်းက အင်္ဂလိပ်စကား မပြောတတ်ခဲ့ပါဘူး..။ သူကကျွန်တော့်ကို အသင်းဖော်တွေနဲ့ ပိုပြီးရင်းနှီးအောင် ကူညီပေးခဲ့တာဖြစ်သလို ဘရိုက်တန်မှာတုန်းကလည်း ကျွန်တော့်ကို အမြဲတမ်းတွန်းအား ပေးခဲ့လို့ပါပဲ။ ဒီကို ရောက်လာတော့လည်း သူက ကျွန်တော့်ကို 'ဟေး..! ဂျာအို… အခုငါလည်း မင်းနဲ့အတူ ချယ်လ်ဆီးအသင်းကို ရောက်နေပါပြီ..၊ ဒါပေမယ့် ငါကတော့ မင်းကိုဆက်ပြီး တွန်းအားပေးနေဦးမှာပဲ..' လို့ ပြောပါတယ်။
ကျွန်တော်ကလည်း 'ပြဿနာ မရှိပါဘူး၊ ရပါတယ်..' လို့ ပြန်ပြောခဲ့ပါတယ်..။ ကျွန်တော့်အတွက်တော့ သူဟာ ထိပ်တန်း ကစားသမားတစ်ယောက် ဖြစ်သလို ထိပ်တန်းလူကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်..။ သူ့ကို ဒီမှာပြန်တွေ့ရတာ တကယ်ကို ပျော်ရွှင်ရပါတယ်။
မေး - လွန်ခဲ့တဲ့ရာသီ ချယ်လ်ဆီးကိုစပြီး ရောက်ရှိလာခဲ့တုန်းကနဲ့စာရင် အခုအချိန်ဟာ ချယ်လ်ဆီးအသင်း ပရိသတ်အတွက် ခံစားချက်တွေကောင်းနေတဲ့ ကာလတစ်ခု ဖြစ်နေတယ်လို့ ခံစားရပါလား..? ဘာဖြစ်လို့လည်းဆိုတော့ အသင်းရဲ့ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့အရာတွေ အများကြီးရှိနေပုံရလို့ပါပဲ?
ဂျာအို ပီဒရို - လူတိုင်းကတကယ်ကို ရင်ခုန်၊ စိတ်လှုပ်ရှားနေကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုရာသီဟာ ရာသီသစ်တစ်ခုပါ။ လွန်ခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ နည်းနည်းရုန်းကန်ခဲ့ကြရပါတယ်။ ဖြစ်ပျက်ခဲ့တဲ့အရာတွေ အများကြီးရှိခဲ့ပေမယ့် အခုရာသီကတော့ ရာသီသစ်ဖြစ်သလို နည်းပြကလည်း အသစ်ဖြစ်ပါတယ်။ လူတိုင်းဟာ လန်းဆန်း၊ တက်ကြွနေကြပြီး အခုရာသီမှာ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင် ပေသွားနိုင်ကြမှာပါ။
မေး - ဒါဆိုရင်အခုရာသီမှာ ရည်မှန်းချက်တွေ ဘယ်လောက်အထိ မြင့်မားနေပါလဲ?
ဂျာအို ပီဒရို - စောင့်ကြည့်ကြတာပေါ့ဗျာ.. ဟားဟား..