feature-image

စနေနေ့ Match of the Day စကားဝိုင်း (အဲဗာတန် vs ချဲလ်ဆီး)

ချဲလ်ဆီးအသင်းက အဲဗာတန်အသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၇) တွင် မော်ဂန် ရော်ဂျားစ် နှင့် ဂျိမ်းစ် ဂါနာ တို့၏ အငြင်းပွားဖွယ်ရာ ဖျက်ထုတ်မှု၊ ပီဒရို နက်တို ၏ သွင်းဂိုးအပေါ် သုံးသပ်ချက်နှင့် (၂၃) ပွဲအတွင်း ပထမဆုံးအကြိမ် clean sheet ရရှိခဲ့သည့် ချဲလ်ဆီးအသင်းအပေါ် လီဗာပူးလ်အသင်း ကွင်းလယ် ကစားသမားဟောင်း ဒယ်နီ မာဖီ နှင့် မန်ချက်စတာ စီးတီးအသင်း ဂိုးသမားဟောင်း ဂျိုး ဟတ် တို့က BBC Sports သတင်းဌာန၏ Match of the Day စကားဝိုင်း အစီအစဉ်တွင် ယခုလိုသုံးသပ် ပြောကြားခဲ့ပါသည်..။  

ကယ်လီ ကိတ်စ် - အဲဗာတန်အသင်း မန်နေဂျာ ဒေးဗစ် မိုးယက်စ် ကတော့ ဂျိမ်းစ် ဂါနာ နဲ့ ဘောလုံးဆိုင် ဖျက်ထုတ်ခဲ့တဲ့ မော်ဂန် ရော်ဂျားစ် ကို အဝါကတ်ဒ် ပြသင့်တယ်လို့ ပြောသွားပါတယ်..။ အဲဒီအကြောင်းမဆွေးနွေးခင် အရေးအကြီးဆုံး အနေနဲ့ ကွင်းထဲကနေ ထမ်းစင်နဲ့ သယ်ထုတ်သွားရလောက်အောင် ထိခိုက်မှု ဖြစ်ပွားပြီးနောက်မှာ အီမီ မာတီးနက်ဇ် ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပြီလို့ ဇာဘီ အလွန်ဆိုက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်ရှင့်..။ ဆေးရုံကို သယ်ဆောင်သွားချိန်မှာ သတိကောင်းကောင်း ရှိနေတယ်.. လို့လည်း သိရပါတယ်။ ကဲ.. မိုယက်စ် ပြောခဲ့တဲ့ ဖျက်ထုတ်မှု (tackle) နဲ့ ပတ်သက်ပြီး ဂျိုး… ရှင်ကရော 50/50 ဖျက်ထုတ်မှုလို့ပဲ မြင်မိလား?

ဂျိုး ဟတ် - ကျနော်ကတော့ အဲ့ဒီဖျက်ထုတ်မှုကို 50/50 လို့ပဲ မြင်ပါတယ်။ ဒီဖျက်ထုတ်မှုကို အစွန်းနှစ်ဘက်ကနေ ရှုမြင်နိုင်တယ်ဆိုတာ ကျနော်နားလည်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ရော်ဂျားစ် က အဝါကတ်ဒ် အပြခံရပြီးသား ဖြစ်နေပါတယ်။ အရင်ဆုံး ကွင်းလယ်ဒိုင်လူကြီး ပေါလ် တီယာနေး ရဲ့ မြင်ကွင်းထောင့်ကနေ အရင်ကြည့်ပါမယ့်။



အခုပြထားတဲ့ပုံ (ပုံ- ၁) မှာ ဆိုရင် ဂျိမ်းစ် ဂါနာ က ပိုပြီးရန်လိုနေတဲ့ပုံ (aggressivity) မြင်ရမယ်လို့ ကျနော် ထင်ပါတယ်။ တကယ်တမ်း ဖြစ်သွားတာက သူတို့နှစ်ယောက်စလုံးက ဘောလုံးကို တစ်ချိန်တည်းမှာ ကန်မိသွားကြပြီး အဲ့ဒီနောက် တစ်ယောက်နဲ့ တစ်ယောက် ဝင်တိုက်မိသွားကြတာပါ။

အောက်ကပုံ (ပုံ- ၂) မှာ တွေ့ရတဲ့အတိုင်း နောက်ထပ်တခြားရှုထောင့်က ပြန်ကြည့်ရင်တော့ ရော်ဂျားစ် က ဂျိမ်းစ် ဂါနာ ရဲ့ ဘယ်ဘက်ခြေထောက်ကို ကန်မိသလို ဂါနာ ဘက်ကလည်း ဘောလုံးကနေတဆင့် မော်ဂန် ရော်ဂျားစ် ရဲ့ ဘယ်ဘက်ခြေထောက်ဆီကို ပြန်ပြီးတိုက်မိသွားပါတယ်။



ဒါကြောင့် ဒီအခြေအနေမှာ ပွဲကိုကိုင်တွယ်တဲ့ ဒိုင်လူကြီးတွေအတွက် တကယ်ကိုခက်ခဲပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးက အဲ့ဒီဖျက်ထုတ်မှုကို 50/50 ဖျက်ထုတ်မှုအဖြစ် သတ်မှတ်ပြီး ဆက်ကစားခွင့် ပေးလိုက်တာကို ကျနော်သဘောကျပါတယ်။

ကယ်လီ ကိတ်စ် - ဟုတ်ကဲ့ပါ..။ ဒါပေမယ့် အဲဒီရှုထောင့်၊ မြင်ကွင်းတွေမှာလည်း နှစ်ယောက်စလုံးမှာ ရန်လိုနေတဲ့ပုံတွေ ရှိနေသေးတယ်.. လို့ မထင်မိဘူးလား?

ဒယ်နီ မာဖီ - အဲဒီလိုထင်စရာပေါ့..။ ဒါပေမယ့် လူငယ်ကစားသမား နှစ်ယောက်ဟာ ဘောလုံးရဖို့ကိုပဲ ဦးတည်ပြီး ယှဉ်ပြိုင်လုယူဖို့ ကြိုးစားခဲ့ကြတာပါ။ နှစ်ယောက်စလုံးဟာ တစ်ယောက်နဲ့တစ်ယောက် အကွက်ဆင်တာ.. ဒါမှမဟုတ် မြေပေါ်မှာ လူးလှိမ့်၊ အော်ဟစ်နေတာမျိုး မကြားခဲ့ရပါဘူး။ အဲ့ဒီအတွက်တော့ သူတို့ကို ချီးကျူးရမှာပဲဗျ..။

အခြားတစ်ဘက်မှာလည်း ဒိုင်လူကြီးတွေ အမှားလုပ်မိတဲ့အခါ ကျနော်တို့က အမြဲတမ်းပဲ သူတို့ကို မြန်မြန်ဆန်ဆန် အပြစ်ပြောကြပါတယ်။ ဒီနေ့ပွဲမှာတော့ ပေါလ် တီယာနီ နဲ့ ဒိုင်အဖွဲ့သားတွေဟာ ပွဲကိုအကောင်းဆုံး ကိုင်တွယ်၊ ထိန်းကျောင်းသွားနိုင်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ သူတို့တွေဟာ ပွဲကြည့်နေတဲ့ ကျနော်တို့တွေနဲ့ ကွင်းထဲကပရိသတ်တွေ ဘောလုံးပွဲတစ်ပွဲရဲ့ အနှစ်သာရကို အပြည့်အဝ ကြည့်ရှုခံစားနိုင်အောင် ကူညီပေးခဲ့ကြပါတယ်..။ အခုလိုပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြိတ်အနယ်ရှိခဲ့တဲ့ ပွဲကောင်းတစ်ပွဲကို မြင်တွေ့ခဲ့ရတာဟာ ဒိုင်အဖွဲ့ရဲ့ ကိုင်တွယ်မှု ကောင်းမွန်တာကြောင့်လည်း အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ကို ချီးကျူးရမှာပါ။



ကယ်လီ ကိတ်စ် – ဟုတ်ကဲ့ပါရှင့်..။ ချဲလ်ဆီးအသင်းအတွက်တော့ (၂၃) ပွဲအတွင်း ပထမဆုံးအကြိမ် ပေးဂိုးမရှိ (clean sheet) ရခဲ့တဲ့ပွဲ ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်ခံစစ်ကာကွယ်ပိုင်းမှာ တိုးတက်ခဲ့တယ်.. ဆိုပေမယ့် သူတို့တွေရဲ့ တိုက်စစ်ပိုင်းမှာတော့ အရင်ပွဲတွေအတိုင်း ထက်မြက်မှုဆဲပဲ.. ဂျိုး ရေ..

ဂျိုး ဟတ် - သူတို့က ရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးစလုံး တကယ်ကိုကောင်းမွန်ခဲ့ပါတယ်။ ဒုတိယပိုင်းအစ (၄၅) စက္ကန့်မှာ သွင်းယူခဲ့တဲ့ ပထမဆုံးဂိုးကို သုံးသပ်ကြပါမယ်..။ အဲဒီဂိုးဟာ သူတို့ကစားနေကျ ပုံစံကနေ ရရှိခဲ့တဲ့သွင်းဂိုးလို့ ပြောနိုင်ပါတယ်။ ဂိုးသမားမာတီးနက်ဇ် က ရော်ဂျားစ် ဆီကို တိုက်ရိုက်ကန်တင်ပေးပြီး တိုက်စစ်လမ်းကြောင်းဖွင့်.. ပေးပို့ခဲ့ပါတယ်။ အခုအောက်ကပုံ (ပုံ- ၃) မှာ မြင်တွေ့ရတဲ့အတိုင်း ရော်ဂျားစ် က မိတ်လန်း-နိုင်းလ်စ် ကို ကာထားပြီး ဘောလုံးဆွဲထုတ်သွားပုံကလည်း ကောင်းမွန်တယ်ဗျ..။ သူ့ရဲ့သန်မာမှုနဲ့ အမြင့်ဘောထိန်းသိမ်းနိုင်စွမ်းအပြင် ဘေးကနေ overlap လုပ်ပြီး ပြေးတက်သွားခဲ့တဲ့ ဂျိုရယ်လ် ဟာတို ရဲ့ ပြေးလမ်းထဲကို နောက်ပေါက်ပေးပို့ချက်နဲ့ ပါးပါးနပ်နပ် ဖန်တီးပေးပါတယ်။



အဲဒီဂိုးပေးလိုက်ရတဲ့ အဓိကအချက်ကတော့ မာလင် ရောလ် ဟာ အတင်းဝင် ဖျက်ထုတ်ဖို့ ကြိုးစားခဲ့တာ မှန်ပေမယ့် ဟာတို ရဲ့နောက်ကို တောက်လျှောက်လိုက်ပါ၊ ပိတ်ဆို့နိုင်ခြင်း မရှိခဲ့ပါဘူး။ အဲ့ဒီအချက်ကတော့ ဒေးဗစ် မိုယက်စ် ကို စိတ်ပျက်စေပါလိမ့်မယ်..။ အဲဒီဂိုးမှာ ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ် ကာကွယ်နိုင်သင့်လား..? ဆိုပြီး မေးခွန်းထုတ်စရာ ရှိလာမယ်ဆိုတာ ကျနော်သိပါတယ်..။ ဒါပေမယ့် ဂိုးသမားတစ်ယောက်ရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သိပ်တော့မလွယ်ကူလှပါဘူး။

ပထမဆုံးအနေနဲ့ ဟာတို က ဘေးစည်းကနေ ဂိုးရှေ့ကိုပြန်ပြီး ဖြတ်တင်ပေးလိုက်တာကို ဖျက်တ်ထုတ်နိုင်မလား? မရပါဘူး..။ ဒါဆိုရင်အနီးဆုံးမှာ ရှိနေတဲ့ ပါးမား က ကန်သွင်းရင်ရော…? ဒါပေမယ့် ကိုးလ် ပါးမား က ပါးပါးနပ်နပ်နဲ့ပဲ ဘောလုံးကို အသာလေး ‘ဟ’ ပေးလိုက်ပါတယ်။ အခုပြထားတဲ့ပုံ (ပုံ- ၄) မှာတော့ ဂျော်ဒန် ပစ်ခ်ဖို့ဒ် မြင်တွေ့ရတဲ့ ရှုထောင့်ပါ။



အခု အခြေအနေမှာ သူကရှေ့ကိုပိုပြီး ရောက်နေသင့်လား? No.. မဖြစ်နိုင်ပါဘူး.. ဘာဖြစ်လို့လည်းဆိုတော့ မိုင်ကိုလင်ကို က သူ့ရဲ့လမ်းကြောင်းမှာ ပိတ်ဆို့ထားလို့ပါ။ ဒါကြောင့်ဘောလုံးကိုပဲ မျက်ခြည်မပြတ် စိုက်ကြည့်နေရပါတယ်။ နောက်တော့ ပီဒရို နက်တို ကန်သွင်းလိုက်ချိန်မှာ သူ့အနေနဲ့ ဆုံးဖြတ်ချက်တစ်ခု ခပ်မြန်မြန်ပဲ ချလိုက်ပါတယ်..။ ‘ဘယ်ဘက်ကိုပဲ လှဲအိပ်ကာကွယ်..လိုက်တော့မယ်။’

နေတို ဟာ အဆုံးသတ်ကောင်းမွန်တဲ့ ကစားသမားကောင်း တစ်ယောက် ဖြစ်ပါတယ်..။ ဒါဆိုရင် ဘောလုံးက ပစ်ခ်ဖို့ဒ် ရဲ့ လက်အောက်ထဲကနေ ဘာကြောင့်လွတ်ထွက်သွားခဲ့လဲ..? ကျနော်ရှင်းပြပေးပါမယ်။ နက်တို က သူ့ရဲ့ဘယ်ဘက်ခြမ်း (နက်တိုရဲ့ ညာဘက်ခြမ်း) ကို အပြင်းကန်သွင်းလိမ့်မယ်လို့ သူတွက်ဆပါတယ်။ ဒါကြောင့်လည်း ဘယ်ဘက်ကို လှဲအိပ်ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

သူ့ရဲ့လက်အနေအထားဟာ ပင်နယ်တီ ကာကွယ်သလိုပုံစံပါပဲ..။ ပင်နယ်တီကန်ချက်တွေကို ကာကွယ်တဲ့အခါမှာ ဆန့်ထုတ်လိုက်တဲ့ လက်ရဲ့အနေအထားကို မမြင့်လွန်း၊ မနိမ့်လွန်း အလယ်အလတ် (middle height) မှာပဲ ထားရပါတယ်။ ဒါမှသာ ခါးဖြတ်ဘော ကန်လာရင်လည်း ကာကွယ်နိုင်မယ်၊ အမြင့်ဘော ဖြစ်ခဲ့ရင်လည်း အပေါ်ကိုမြှောက်ပြီး ရှင်းထုတ်လို့ ရနိုင်မယ်၊ အနိမ့်ဘောလာခဲ့ရင်လည်း အောက်ဘက်ကို လှမ်းဆွဲလို့မှီနိုင်မယ်.. စသဖြင့် တွက်ဆရတာပေါ့..။ ပီဒရို နက်တို ကန်သွင်းတဲ့အချိန်သူ့ရဲ့ရှေ့မှာ မြင်ကွင်းနည်းနည်း ကွယ်နေပါတယ်..။ နောက်တော့ မြင်လိုက်ရပါပြီ..။ သူ့ရဲ့ လက်ကလည်း အနိမ့်ဘောလာတဲ့ အနေအထားကို ကာကွယ်နိုင်ဖို့ အသင့်ဖြစ်နေပါပြီ..။ အဲ့ဒီစက္ကန့်ပိုင်းလေးရဲ့ အပုံတစ်ရာပုံ တစ်ပုံလောက် အခိုက်အတန့်အတွင်းမှာပဲ သူလက်ကို အောက်ဘက်ကို ဆန့်ထုတ်ရပါတော့မယ်။

ဒါပေမယ့် အချိန်ကိုက်မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဂိုးဝင်သွားတဲ့အချိန် ဂျော်ဒန် ပစ်ခ်ဖို့ဒ် ရဲ့ ဦးနှောက်ထဲမှာ ဘာတွေတွေးနေခဲ့မလဲ..? မြေပြင်ပေါ်မှာ မှောက်ရက်လဲနေရင်းနဲ့ 'Wow..!' လို့ပဲ ပြောပါလိမ့်မယ်။ တကယ့်အံ့မခန်း ကာကွယ်မှုတစ်ခု ဖြစ်လာဖို့ နည်းနည်းပဲ လိုသွားတာပါ။ အဲ့ဒါက ပရီးမီးယားလိဂ်ပါပဲ..။ နောက်ဆုံးမှာတော့ လူအများရှေ့မှာ မျက်နှာမရ ဖြစ်သွားရတယ်.. ဆိုပေမယ့် ကာကွယ်ရခက်ခဲတဲ့ ဂိုးတစ်ဂိုး ဖြစ်ပါတယ်။



ဒယ်နီ မာဖီ - သူ့လိုအရည်အသွေးနဲ့ လက်စွမ်းတည်ငြိမ်တဲ့ ဂိုးသမားတစ်ယောက်အနေနဲ့ အဲ့ဒီလိုဂိုးမျိုး ခွင့်ပြုလိုက်ရတာကို စိတ်ပျက်မိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ဂျိုး ဟတ် - သူစိတ်ပျက်မိမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး.. ဒယ်နီ။ ဒါပေမယ့် အဲဒီလိုကာကွယ်နိုင်ဖို့ ရိုးရိုးရှင်းရှင်း ကျနော်တို့ရဲ့ လူသာမန်မျက်စိနဲ့ မြင်ရတာထက် ပိုပြီးနက်နဲတဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။

ကယ်လီ ကိတ်စ် - ဟုတ်ကဲ့ပါရှင့်..။ ချဲလ်ဆီးအသင်းဟာ အနိုင်ရလဒ်သေချာစေမယ့် ဒုတိယဂိုးကို ပွဲပြီးခါနီးမှာ ပြစ်ဒဏ်ဘောကန်ချက်တဆင့် ထပ်မံရရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအတွက် Clean Sheet ရခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အခုဆိုရင်သူတို့ဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာအထိ တက်လှမ်းနိုင်ခဲ့ပါပြီ။ ဇာဘီ အလွန်ဆို အတွက် အရာရာ အဆင်ပြေချောမွေ့နေပုံ ရပါတယ်။

ဒယ်နီ မာဖီ - ဟုတ်ပါတယ်၊ သူတို့တိုးတက်လာနေပါတယ်..။ အထူးသဖြင့် clean sheet ရရှိခဲ့တာဟာ သူ့အတွက် တကယ်ကို ကြီးမားတဲ့အရာ ဖြစ်ပါတယ်..။ သူတို့ရဲ့ ခံစစ်ပိုင်းလျော့ရဲမှုတွေအပေါ် ဆွေးနွေး၊ ပြောဆိုမှုတွေ အများကြီး ရှိခဲ့ပေမယ့် ဒီနေ့မှာတော့ အဲ့ဒီဝေဖန်မှုတွေကို ချေဖျက်စေနိုင်ခဲ့တာကြောင့် သူတို့တွေ ကျေနပ်မိကြပါလိမ့်မယ်..။

ဒီနေ့ပွဲမှာ ပီဒရို နက်တို..၊ ဂျိုရယ်လ် ဟာတို.. wing-back နှစ်ယောက်စလုံးရဲ့ ကစားပုံ တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ ဒါ့အပြင်ဒုတိယပိုင်းမှာ ကစားပုံပိုပြီး တည်ငြိမ်ခဲ့တာကိုလည်း သတိထားမိပါတယ်..။ သူတို့ဟာ ဒီနေ့ပွဲမှာတော့ ပွဲကိုအကောင်းဆုံး ထိန်းကျောင်းသွားနိုင်ခဲ့ကြပါတယ်။ အသင်းမှာ အရန်အင်အား တောင့်တင်းမှုလည်း ရှိနေပါတယ်။ အခုလိုပေးဂိုးမရှိ (clean sheet) ပြန်လည်ရရှိနိုင်ခဲ့တာဟာ ဂိုးသမားနဲ့ ခံစစ်ကစားသမားတွေအတွက် ကြီးမားတဲ့ စိတ်ဓာတ်ခွန်အား ရရှိစေမှာပါ။