ချယ်လ်ဆီးအသင်းမှာ စပိန်အက်တလက်တီကို မက်ဒရစ်အသင်းမှ အာဂျင်တီးနား တိုက်စစ်မှူး ဆာဂျီယို အဂွဲရိုး အား မန်ချက်စတာ စီးတီးအသင်း မတိုင်မီ ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း အသင်းခေါင်းဆောင် ဂျွန် တယ်ရီ ၏ ကန့်ကွက်မှုကြောင့် ပျက်ပြယ်ခဲ့ရကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့သည်..။
အာဂျင်တီးနား တိုက်စစ်မှူးမှာ မန်ချက်စတာ စီးတီးအသင်းသို့ ၂၀၁၁ ခုနှစ်တွင် ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး (၁၇၃) ဂိုး ရရှိထားပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု (၄) ကြိမ်၊ FA ဖလား တစ်ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ပြီးဖြစ်သည်..။ သို့သော် အဂွဲရိုး မှာ စတန်းဖို့ဒ် ဘရစ်ချ်သို့ ရောက်ရှိရန် အလွန်နီးစပ်ခဲ့သည့် အခြေအနေသို့ ရောက်ရှိခဲ့သေးသည်..။
ချယ်လ်ဆီးအသင်းမှာ ၂၀၀၉ ခုနှစ် အစောပိုင်း ကာလတွင် ဆာဂျီယို အဂွဲရိုး အား ခေါ်ယူနိုင်ရန် အက်တလက်တီကို အသင်းထံ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သေးသည်..။ သို့သော်အက်တလက်တီကို အသင်းက တောင်းဆိုသော ပြောင်းရွှေ့ကြေး ပမာဏနှင့် လစာနှုန်းထားအပေါ် ပေးချေခြင်း မပြုလိုသောကြောင့် နောက်ဆုတ်ခဲ့သည်..။
ထို့နောက်ကာလို အန်စလော့တီ တာဝန်ယူချိန်တွင် ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ခဲ့သည်..။ သို့သော်အသင်းခေါင်းဆောင် ဂျွန် တယ်ရီ က အခြားဘုတ်အဖွဲ့မှ တာဝန်ရှိသူများထံသို့ ဆက်သွယ်ပြီး သူ၏သဘောထား ထင်မြင်ချက်ကို ပေးခဲ့ပြီး အဂွဲရိုး အား ခေါ်ယူရန် ပြင်ဆင်နေမှုကို အပြီးသတ်စေခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်..။
တယ်ရီ မှာ သူနှင့်ချန်ပီယံလိဂ် ပြိုင်ပွဲတွင် နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ထားခဲ့ဖူးသည့် အဂွဲရိုး ၏ ခြေစွမ်းအပေါ် နှစ်ခြိုက်မှု မရှိခဲ့သောကြောင့် အဂွဲရိုး နှင့် ပတ်သက်သော သူ၏သဘောထားကို ဘုတ်အဖွဲ့အား အသိပေးခဲ့ခြင်းဖြစ်ပြီး သူ့အစား ဗလင်စီယာအသင်းမှ ဒေးဗစ် ဗီလာ အား ခေါ်ယူရန် မှတ်ချက်ပေးခဲ့ကြောင်း၊ ချယ်လ်ဆီးအသင်းကလည်း ၂၀၀၉ ခုနှစ်၊ FA ဖလား ဗိုလ်လုပွဲအပြီးတွင် ဗလင်စီယာ အသင်းထံမှ ဒေးဗစ် ဗီလာ အား ခေါ်ယူနိုင်ရန် စုံစမ်းမှုများ ပြုလုပ်သေးသည်..။
သို့သော် ဒေးဗစ် ဗီလာ က ဘာစီလိုနာ အသင်းကို ရွေးချယ်လိုက်ချိန်တွင် ချယ်လ်ဆီးအသင်းမှာ အဂွဲရိုး အား ခေါ်ယူနိုင်ရန် ထပ်မံကြိုးစားခဲ့သေးကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်..။ ဆာဂျီယို အဂွဲရိုး မှာ ချယ်လ်ဆီးအသင်းနှင့် တွေ့ဆုံခဲ့သည့် (၁၈) ပွဲအတွင်း (၁၅) ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး ယခုလာမည့်စနေနေ့တွင် ယှဉ်ပြိုင်မည့် မန်ချက်စတာ စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ပွဲစဉ်တွင်လည်း ပါဝင်လာနိုင်ဖွယ် ရှိနေပါသည်..။