feature-image

ချယ်လ်ဆီးအသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေတယ်ဆိုတဲ့ 'ဝီလီယံ'

ဘရာဇီးလ် တောင်ပံကစားသမား ဝီလီယံ မှာ ဘရာဇီးလ် သတင်းဌာန Globo Esporte နှင့် တွေ့ဆုံခန်းတွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းမှာ ယခုနှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းနှင့် ကာလရှည် သက်တမ်းတိုးလိုသော သူ၏ဆန္ဒအား အသင်းအား အသိပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ အသက် (၃၀) နှစ်ကျော် ကစားသမားများအား စာချုပ်သက်တမ်း တစ်နှစ်စီသာ သက်တမ်းတိုးလေ့ ရှိသော်လည်း ယခင်နှစ် မေလက ဘရာဇီးလ် နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ် နှင့် စာချုပ်သက်တမ်းတိုး ချုပ်ဆိုရာတွင် ထုံးတမ်းအစဉ်အလာကိုဖျက်ပြီး နှစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သည်..။

ဝီလီယံ မှာ ယခုနှစ်အစောပိုင်းတွင် အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်တိုးခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် ဆက်လက်သက်တမ်းတိုးလိုသည့် ဆန္ဒရှိကြောင်းကိုလည်း အသိပေးထားခဲ့ပြီးဖြစ်သည်..။ ထို့ကြောင့် သူ၏ကမ်းလှမ်းမှုအပေါ် အသင်းဘက်က တုံ့ပြန်လာမှု ရှိ၊ မရှိ မေးမြန်းချက်ကို ယခုလို ဖြေကြားခဲ့သည်..။

"No... အခုထက်ထိတော့ ဘယ်လိုတုံ့ပြန်မှုမျိုးမှ ပြန်လည်မရရှိသေးပါဘူး..။ ချယ်လ်ဆီးအသင်းမှာလည်း ကျွန်တော်ပျော်ရွှင်ပါတယ်..။ ဒါပေမယ့် အခြေအနေတွေဟာ ကျွန်တော့်ရဲ့လက်ထဲမှာ မရှိသလို ကျွန်တော့်ဘက်က ဘာမှစီမံ၊ ခန့်ခွဲနိုင်ခွင့် မရှိပါဘူး..။

အသင်းဘက်က တုံ့ပြန်လာမယ့်အချိန်ကို ကျွန်တော်စောင့်မျှော်နေပါတယ်..။ ကျွန်တော့်ဘက်က လိုချင်တဲ့ဆန္ဒကို သူတို့ကိုလည်း အသိပေးထားပြီးပါပြီ..။"

ဝီလီယံ မှာ အသင်းဘက်က တုံ့ပြန်လာမှုကို မရရှိသေးသော်လည်း ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းသစ် တိုးနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ထို့ကြောင့်လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် အခြားအသင်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ဦးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်..။

"အခုလက်ရှိအချိန်မှာ တခြားအသင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မရှိပါဘူး..၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ အခုနှစ်ကုန်ထိ အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်..။ ကျွန်တာ်ဟာ ချယ်လ်ဆီးကစားသမားအဖြစ် ရှိနေသေးသလို ကျွန်တော့်ဘက်က ဖြစ်ချင်တဲ့ဆန္ဒကို အသင်းကို သိစေချင်တဲ့ သဘောပဲ ရှိပါတယ်..။"