ချယ်လ်ဆီးအသင်းမှာ စနေနေ့က ဝက်စ်ဟမ်းအသင်းနှင့် ပွဲစဉ်တွင် တိုက်စစ်ပိုင်း အားနည်းခဲ့မှုကြောင့် နည်းပြ ဖရန့် လမ်းပတ် မှာ လာမည့်ပွဲစဉ်တွင် အပြောင်းအလဲ ပြုလုပ်ရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်..။
Goal.com သတင်းဌာန၏ ဖော်ပြချက်အရ ဖရန့် လမ်းပတ် မှာ အိုလီဗီယာ ဂျီရူးဒ် အတွက် အားပေးစကား ပြောကြားခဲ့သော်လည်း ခရစ်စ်တီယန် ပူလီဆစ် အနေဖြင့် အထောင်တိုက်စစ်မှူးအနေဖြင့် ကစားနိုင်စွမ်းရှိမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်..။
ချယ်လ်ဆီးအသင်းမှာ စနေနေ့က ဝက်စ်ဟမ်းအသင်းနှင့်ပွဲစဉ်တွင် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သည့် အဓိကတိုက်စစ်မှူး တန်မီ အေဘရာဟမ် အစား ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် ကို ထည့်သွင်းခဲ့သော်လည်း ရာသီအဖွင့်ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂိုးပေါက်ပျောက်ဆုံးခဲ့ရသည်..။ အထောင်တိုက်စစ်မှူးအဖြစ် ပါဝင်ခဲ့သော အိုလီဗီယာ ဂျီရူးဒ် မှာ ခြေစွမ်းမပြနိုင်သောကြောင့် ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း အား ထည့်သွင်းခဲ့ပြီး ပူလီဆစ် ကို ‘No.9’ အဖြစ် ပြောင်းလဲကစားစေခဲ့သည်..။
အမေရိကန် တောင်ပံကစားသမားမှာ ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးကစားခဲ့သည့် ရှစ်ပွဲအတွင်း ခြောက်ဂိုးသွင်းယူပေးထားသလို နည်းပြဖရန့် လမ်းပတ် ကလည်း ပူလီဆစ် မှာ တိုက်စစ်မှူး (No.9) နေရာတွင် ကစားပေးနိုင်မည့်သူတစ်ယောက်အဖြစ် ယုံကြည်ကြောင်း ယခုလိုပြောကြားခဲ့သည်..။
“ပူလီဆစ် ဟာ ခံစစ်ကစားသမားတွေရဲ့ နောက်ထဲက နေရာလွတ်တွေကို ရှာဖွေတတ်တဲ့သူ ဖြစ်သလို ဂိုးဧရိယာထဲမှာလည်း အဆုံးသတ်ပိုင်း၊ လှုပ်ရှားမှုပိုင်း ကောင်းမွန်ပါတယ်..။ ဒါ့ကြောင့်လည်း သူဟာသွင်းဂိုးတွေရရှိဖို့ ပင်ကိုယ်ပါရမီ ထူးချွန်တဲ့သူပါ..။ ဒါပေမယ့် အခုအချိန်မှာ သူ့ကိုအထောင်တိုက်စစ်မှူးအဖြစ် ထားရှိမယ်ဆိုတာ ကျွန်တော်တို့ရဲ့ တိုက်စစ်ပိုင်း အခက်အခဲအတွက် အဖြေလို့ ပြောတာမဟုတ်ပါဘူး..။ စောင့်ကြည့်ရဦးမှာပါ..။”
ထို့အပြင် ဖရန့် လမ်းပတ် က မစ်ချီ ဘတ်ရှူအားယီ အစား ပွဲထွက်ခွင့်ရခဲ့သည့် ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် ၏ ခြေစွမ်းအပေါ် ယခုလိုသုံးသပ်ပြောဆိုခဲ့သည်..။
“သူ့အတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီကို ဘောလုံးတွေ များများစားစား ရောက်မလာခဲ့သလို ရရှိခဲ့တဲ့ အခွင့်အရေး နှစ်ကြိမ်လောက်ကို အသုံးမချနိုင်ခဲ့ပါဘူး..။ သူ့အတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပေမယ့် ကစားခွင့်မရတဲ့ အချိန်ကြာသွားတဲ့အခါမှာ အခက်အခဲကြုံရတာ သူတစ်ယောက်တည်း မဟုတ်ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုပွဲစဉ်တွေဆိုတာ လွယ်ကူတဲ့ပွဲစဉ်တွေ မဟုတ်တဲ့အတွက် ဖြစ်ပါတယ်..။
ကျွန်တော်တို့အားလုံးဟာ အစွမ်းကုန် ကြိုးစားခဲ့ကြသလို တစ်ချို့ကစားသမားတွေအတွက် အခုခေတ် ကစားပွဲတွေအတွက် လိုအပ်တဲ့ စိတ်ဓါတ်၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုတွေ ရရှိနိုင်ဖို့ သူများတွေထက်ပိုပြီး ကြိုးစားရတာ ရှိတတ်ပါတယ်..။
မစ်ချီ ဟာ လူစားဝင်ကစားသမား အနေနဲ့ ခြေစွမ်းပြခဲ့တဲ့ပွဲစဉ် အများအပြား ရှိခဲ့သလို ပွဲအဖြေပြောင်းလဲ ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ပေမယ့် အဲဒီပွဲမှာတော့ ရွေးချယ်စရာ တစ်ခုအဖြစ်နဲ့ပဲ သူ့ကိုစဉ်းစားထားခဲ့တာပါ..။”