feature-image

လွန်ခဲ့တဲ့ ဆယ်နှစ်က အကြွေးကို ဖြည့်ဆည်းပေးခဲ့တဲ့ ‘ဒီဒီယာ ဒရော့ဘာ’

မနေ့ကကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ်အတွက် Ballon d’Or အခမ်းအနားတွင် ချယ်လ်ဆီးအသင်း ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာ မှာ ပီအက်စ်ဂျီအသင်းမှ လူငယ်တိုက်စစ်မှူး ကိုင်လီယန် အမ်ဘတ်ပီ နှင့်အတူ selfie ဓါတ်ပုံတွဲရိုက်ခဲ့ပြီး လွန်ခဲ့သည့် ဆယ်နှစ်က အကြွေးတင်ခဲ့သည့် ကတိကို ဖြည့်ဆည်းပေးခဲ့သည်..။

၂၀၀၉ ခုနှစ်၊ ချန်ပီယံ လိဂ်ပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်၊ ဒုတိယအကျော့ ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနှင့် ဘာစီလိုနာအသင်းတို့ ပွဲစဉ်မယှဉ်ပြိုင်မီ (၁၀) နှစ်သား အရွယ် အမ်ဘတ်ပီ နှင့်အတူ ဓါတ်ပုံတွဲရိုက်ပေးရန် သူငယ်ချင်းတစ်ယောက်၏ ကြားဝင်ပြောကြားချက်ကို သဘောတူညီထားခဲ့သည်..။

သို့သော် အိုင်ဗရီကို့စ် တိုက်စစ်မှူးမှာ ဒိုင်လူကြီး တွမ် ဟမ်းနင်း အော့ဘ်ရီဘို ၏ အငြင်းပွားဖွယ် အဆုံးအဖြတ်များဖြင့် ရှံးနိမ့်ခဲ့ရသည့် ပွဲစဉ်အပြီးတွင် အဆိုပါတောင်းဆိုချက်အား ဖြည့်ဆည်းပေးရန် ငြင်းဆန်ခဲ့သည်..။ မနေ့က ကျင်းပခဲ့သော Ballon d’Or အခမ်းအနားတွင် ချယ်လ်ဆီးအသင်း ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာ မှာ အခမ်းအနားတင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး ပြင်သစ်လူငယ် တိုက်စစ်မှူး အမ်ဘတ်ပီ အား ဆုချီးမြှင့်ခွင့်ရချိန်တွင် ယခုလို ပြောကြားခဲ့သည်..။



“လွန်ခဲ့တဲ့ဆယ်နှစ်က ချယ်လ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်မှာ ကလေးတစ်ယောက်က ကျွန်တော်နဲ့အတူ ဓါတ်ပုံတွဲပြီး ရိုက်ခွင့်ရချင်တယ်လို့ ပြောလာပါတယ်..။ ဒါပေမယ့် အဲဒီနေ့မှာတော့ ဒိုင်လူကြီးရဲ့ စိတ်ပျက်ဖွယ် ဆုံးဖြတ်ချက်တွေကြောင့် သူ့ရဲ့တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပါတယ်..။ နောက်တော့ အဲဒီကလေးငယ်လေးဟာ ကိုင်လီယန် အမ်ဘတ်ပီ မှန်း သိခဲ့ရပါတယ်..။ ဒါ့ကြောင့်ဒီနေ့မှာ သူ့အပေါ် တင်နေတဲ့အကြွေးကို ပြန်လည်ပေးဆပ်ဖို့ပဲ ဖြစ်ပါတယ်..။”

ထို့နောက် ဒီဒီယာ ဒရော့ဘာ မှာ အခမ်းအနားသို့ တက်ရောက်လာခဲ့သည့် ပရိသတ်အား မတ်တတ်ရပ်ခိုင်းပြီး အမ်ဘတ်ပီ၊ တွဲဖက်အခမ်းအနား တင်ဆက်သူ ဆန်ဒီ ဟယ်ရီ ဘတ် တို့နှင့်အတူ selfie ဓါတ်ပုံတွဲဖက် ရိုက်ခဲ့သည်..။



၂၀၀၉ ခုနှစ်က ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းမှာ ပင်နယ်တီ ရရှိနိုင်သည့် အခွင့်အရေး လေးကြိမ်ကို ပယ်ချခံခဲ့ရသလို ပွဲအပြီးတွင် ဒိုင်လူကြီး အော့ဘ်ရီဘို အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ဒီဒီယာ ဒရော့ဘာ မှာလည်း ချန်ပီယံ လိဂ်ပြိုင်ပွဲတွင် ခြောက်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်..။