ယခုအချိန်တွင် အသက် (၁၉) နှစ်အရွယ်ရောက်ရှိနေပြီဖြစ်သော ပြင်သစ်တိုက်စစ်မှူး ကိုင်လီယန် အမ်ဘတ်ပီ မှာ ပီအက်စ်ဂျီ အသင်းနှင့်အတူ လီဂူး (၁) အမှတ်ပေးချန်ပီယံနှစ်ကြိမ်..၊ ပြင်သစ် စူပါဖလား၊ ပြင်သစ် ရှုံးထွက်ဖလားများကို ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်စွဲခဲ့သည့် ပြင်သစ်အသင်းတွင် အဓိက တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည်..။ ထို့ကြောင့် ပီအက်စ်ဂျီ အသင်းက သူ့အား ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၈၀) ပေးပြီး မိုနာကို အသင်းမှ ခေါ်ယူခဲ့သည့် ဆုံးဖြတ်ချက်မှာ ပြောင်မြောက်သည့် ဆုံးဖြတ်ချက်တစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်..။
သို့သော် ချယ်လ်ဆီးအသင်းမှာ လူငယ်ကစားသမားဘဝက ကိုင်လီယန် ကို ခေါ်ယူနိုင်ရန် အခွင့်အရေး ရခဲ့သေးသော်လည်း လက်လွှတ်ခဲ့ရသည်..။ ၂၀၁၂ ခုနှစ်က ချယ်လ်ဆီးအသင်း ကင်းထောက်ဟောင်း ဆာ့ဂျ် ဒယ်နီရယ် ဘိုဂါ က သူ့အား ချယ်လ်ဆီးအသင်း၏ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းသို့ စမ်းသပ်လေ့ကျင့်ရန် ခေါ်ဆောင်လာခဲ့ဖူးသည်..။ ထိုသို့စမ်းသပ်လေ့ကျင့်စဉ် လူငယ်တိုက်စစ်မှူးလေး၏ ခြေစွမ်းကို ချယ်လ်ဆီးအသင်းက ကျေနပ်ခဲ့သော်လည်း သူ့အားနောက်တစ်ကြိမ် ထပ်မံစမ်းသပ်ရန် ဆုံးဖြတ်ခဲ့ချိန်တွင် သူ၏မိခင်ဖြစ်သူက သဘောမတူခဲ့သောကြောင့် ခေါ်ယူနိုင်ခွင့် ပျက်ပြယ်ခဲ့ရသည်..။
ထိုစဉ်က ချယ်လ်ဆီးအသင်းနှင့် ကိုင်လီယန် အမ်ဘတ်ပီ တို့ကြားမှ ဖြစ်ပွားခဲ့သည့် အကြောင်းအရာ အသေးစိတ်ကို ကင်းထောက်ဟောင်း ဆာ့ဂျ် ဘိုဂါ က ယခုလိုပြောပြခဲ့သည်..။
“ချယ်လ်ဆီးအသင်းက သူ့ကို (အမ်ဘတ်ပီ) ပထမဆုံး ခေါ်ယူ၊ စမ်းသပ်ခဲ့တဲ့အသင်းပါ..။ ရီးရဲလ် မက်ဒရစ် ထက် စောပါတယ်..။ Nike ကုမ္ပဏီနဲ့ အလုပ်လုပ်နေတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဒင်းနစ် ချန်ထရန် က ကျွန်တော်နဲ့ ဆုံဖြစ်ခဲ့တဲ့အချိန်မှာ ‘အမ်ဘတ်ပီ ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်း မင်းကြားဖူးလား..? သူကပါရီမြို့ ဆင်ခြေဖုံးမှာရှိတဲ့ ဘွန်ဒီ အသင်းမှာ ကစားနေတယ်’ လို့ ပြောပါတယ်..။ ကျွန်တော်က မကြားဖူးသေးဘူးလို့ ပြန်ဖြေတဲ့အခါ သူက ‘မင်းသွားကြည့်သင့်တယ်’ ဆိုပြီး အကြံပေးပါတယ်..။ ဒီလိုနဲ့ ကျွန်တော်သွားကြည့်ပါတယ်..။ ချက်ချင်းပဲ သူ့ကိုဆက်သွယ်ပြီး ကျွန်တော့်သူငယ်ချင်းကို ‘မင်းပြောတာ မှန်တယ်ကွ..၊ ဒီကောင်လေးက ဖြစ်ထွန်းမယ့် ကလေးပဲ’ လို့ ပြန်ပြောလိုက်ပါတယ်..။
အဲဒါနဲ့ချယ်လ်ဆီးအသင်းကို သူ့ရဲ့အကြောင်း ပြောပြတယ်..၊ ပြီးတော့ ဂျင် ဖရေဇာ အပါအဝင် ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်တဲ့သူအားလုံးကို ဆက်သွယ်ပြီး ကျွန်တော်ကတော့ ကောင်လေးတစ်ယောက် တွေ့ထားတယ်..၊ ခင်ဗျားတို့ စမ်းသပ်ကြည့်သင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်..။ နောက်တော့ ကိုင်လီယန် တို့ မိသားစုကို စတန်းဖို့ဒ် ဘရစ်ချ်ဆီကို ခေါ်ဆောင်လာပါတယ်..။ အဲဒီအချိန်ကတည်းက သူ့ရဲ့ဘောလုံးစွမ်းရည်နဲ့ ခြေစွမ်းဟာ အခုလိုပါပဲ..။ ချာလ်တန်အသင်းကို ၇ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သူဝင်ပြီး ကစားခဲ့ရပါတယ်..။
ချယ်လ်ဆီးအသင်းမှာ တစ်ပါတ်ကြာပြီးတဲ့အခါ ကျွန်တော်တို့အတူတူ အသင်းရဲ့ ရုံးခန်းကို သွားကြပါတယ်..။ ကျွန်တော်တို့ဘက်က ‘ခင်ဗျားတို့သားရဲ့ ခြေစွမ်းကို သဘောကျပါတယ်..။ ဒါပေမယ့် နောက်ထပ်တစ်ကြိမ် ထပ်မံစစ်ဆေးဖို့ ဖိတ်ခေါ်ချင်ပါတယ်..၊ ဒုတိယအကြိမ် ပြီးမှာပဲ အသင်းကနေ ကမ်းလှမ်းမှု ပြု၊ မပြု စဉ်းစားပါ့မယ်’ လို့ ပြောလိုက်ပါတယ်..။
အဲဒီနေ့က သူ့ရဲ့အမေ ပြန်ပြောခဲ့တာကို အခုထိ မှတ်မိနေပါသေးတယ်.။ သူမက ဖရေဇာ ကို ပြင်သစ်လို ပြောပြီး ကျွန်တော်က ဘာသာပြန်ပေးရပါတယ်..။ သူမက ကျွန်တော့်ကိုကြည့်ပြီး ‘ခင်ဗျားတို့ သေချာနားထောင်ပါ..၊ ကျွန်မရဲ့သားက နောက်တစ်ကြိမ် ပြန်လာတော့မှာ မဟုတ်ဘူး..၊ တကယ်လို့ သူ့ကိုခေါ်ချင်တယ်ဆိုရင် အခုတစ်ခါတည်း ခေါ်ထားလို့ရတယ်..၊ ဒါမှမဟုတ်ရင် နောက်ငါးနှစ်မှာ ယူရိုသန်း (၅၀) နဲ့ သူ့ကိုခေါ်ချင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေလိမ့်မယ်’ လို့ ပြန်ပြောပါတယ်..။
အဲဒါနဲ့ ကျွန်တော်က ‘ငါအဲဒီအတိုင်း ပြန်ပြောလို့တော့ မဖြစ်ဘူးထင်တယ်.. သိပ်ပြီးမောက်မာလွန်းပုံ ရနေတယ်’ လို့ပဲ ပြန်ပြောလိုက်ပါတယ်..။
အခုအချိန်မှာတော့ သူ့အမေ ပြောခဲ့တဲ့စကား မှန်သွားတာပေါ့..။ အမ်ဘတ်ပီ ဟာ ယူရိုသန်း (၅၀) တောင်မကဘူး..၊ ယူရိုသန်း (၁၈၀) လောက် တန်တဲ့ ကစားသမား ဖြစ်နေပါပြီ..။ သူမဟာ သူ့ရဲ့သားဖြစ်သူရဲ့ ခြေစွမ်းကို သိနေတဲ့အတွက် သူမမှန်တယ်လို့ ပြောရမှာပါပဲ..။”
အမ်ဘတ်ပီ မှာ အဆိုပါလန်ဒန်ခရီးစဉ်အတွင်း ဒီဒီယာ ဒရော့ဘာ..၊ ဖလောရင့် မာလူဒါ တို့နှင့် တွေ့ဆုံခဲ့သလို သူ့ရဲ့နာမည်နဲ့ ကျောနံပါတ် (၁၁) ပါတဲ့ အကျီ ပြန်ရခဲ့သည်..။ သို့သော် ပါရမီရှင် လူငယ်လေးမှာ ချယ်လ်ဆီးအသင်းနှင့် ဖူးစာဆုံဖို့ လွဲချော်ခဲ့ပါသည်...။
ယခုအချိန်တွင် ချယ်လ်ဆီးအသင်းမှာ ကြီးမားသည့် အမှားအယွင်းတစ်ခုကို ပြုလုပ်ခဲ့သည်ဟု ပြောနိုင်သော်လည်း ထိုအချိန်က အသင်းမှနည်းပြများနှင့် ကင်းထောက်များမှာ အမ်ဘတ်ပီ ၏ ခံစစ်ပိုင်းလိုက်ပါ ကူညီနိုင်စွမ်းကို သံသယရှိသောကြောင့် နောက်တစ်ကြိမ် ထပ်မံစမ်းသပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဘိုဂါ က ယခုလိုပြောပြခဲ့သည်..။
“သူ့ရဲ့ဘောလုံးစွမ်းရည် အရမ်းကောင်းပါတယ်..။ ဒါပေမယ့် အင်္ဂလန်မှာကျတော့ ခံစစ်ဇုန်အထိ လိုက်ပါတတ်တဲ့ လုပ်အားနှုန်းကောင်းမွန်တဲ့ ကစားသမားတွေ လိုချင်တာ များပါတယ်..။ အဲဒီအချိန်တုန်းက သူ့ရဲ့ခံစစ်ပိုင်း ကူညီမှု လုပ်အားနှုန်းဟာ သိပ်မကောင်းပါဘူး..။ သူ့ဆီကို ဘောလုံးရောက်လာတဲ့အချိန်မှာ ကစားပုံ အရမ်းကောင်းပေမယ့် without the ball မှာ သူဟာသိပ်ပြီး အားရစရာ မကောင်းသေးပါဘူး..။
ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဘက်က သူ့ရဲ့လုပ်အားနှုန်း တိုးတက်လာအောင် လုပ်ပေးလို့ ရ၊ မရ ဆန်းစစ်ချင်တဲ့အတွက် ထပ်မံစမ်းသပ်ဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်..။ သူဟာတစ်ဦးချင်း စွမ်းရည်ကောင်းမွန်သလို ပြိုင်ဘက်တွေကို တစ်ယောက်ချင်း ကျော်ဖြတ်နိုင်စွမ်း ကောင်းမွန်ပါတယ်..။
အခုအချိန်မှာတော့ ချယ်လ်ဆီးအသင်းက သူ့ကိုခေါ်ယူခဲ့သင့်တယ်လို့ ပြောရတာ လွယ်ပါတယ်..။ ဒါပေမယ့် အဲဒီအချိန်က ချယ်လ်ဆီးရဲ့ အသင်းကြီးရော၊ လူငယ်အသင်းတွေမှာ ကစားသမားကောင်းတွေ အများကြီးရှိနေခဲ့ပါတယ်..။”
ဆာ့ဂျ် ဘိုဂါ မှာ ချယ်လ်ဆီးအသင်း ကင်းထောက်အဖြစ် ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအချိန်တွင် Quality and Prestige Management Ltd (QPM Group) အမည်ရှိ ကိုယ်ပိုင် ဘောလုံးအေဂျင်စီတစ်ခု ထူထောင်ခဲ့သည်..။ သို့သော် အိုင်ဗရီကို့စ်ဖွား ကစားသမားဟောင်းက အမ်ဘတ်ပီ မှာ သူရှာဖွေ တွေ့ရှိဖူးခဲ့သည့် လူငယ်ကစားသမားများအနက် အကောင်းဆုံးဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်..။
“အခုအချိန်ထိတော့ အမ်ဘတ်ပီ ဟာ ကျွန်တော်တွေ့ဖူးသမျှထဲမှာ အကောင်းဆုံး ကျောက်ရိုင်းပွင့် လူငယ်ကစားသမားပါ..။ အဲဒီအတွက် ကျွန်တော်အရမ်းဂုဏ်ယူခဲ့သလို သူ့ရဲ့အောင်မြင်မှုတွေအတွက်လည်း ပီတိဖြစ်ရပါတယ်..။ သူ့ရဲ့ကစားပုံဟာ ပရိသတ်တိုင်းကို ဆွဲဆောင်မှုရှိပြီး အခုအချိန်မှာ မော်ဒန်ကစားသမား တစ်ယောက်အတွက် ရှိသင့်တဲ့ အရည်အသွေးတွေ အကုန်လုံးရှိနေပါတယ်..။ သူဟာလျှင်မြန်ပြီး အဆုံးသတ် ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်သလို အနည်းဆုံး နောက်ထပ် (၁၀) နှစ်လောက်အထိတော့ အကောင်းဆုံးဆိုတဲ့ အဆင့်မှာ ရှိနေမှာပါ..။”