feature-image

လာမယ့်ဇန်နဝါရီမှာ ပြောင်းရွှေ့ကြေးပါင်သန်း (၁၅၀) သုံးစွဲတော့မယ့် ချယ်လ်ဆီး

ဆွစ်ဇာလန်နိုင်ငံရှိ အားကစား အငြင်းပွားမှုများဆိုင်ရာခုံရုံး (Court of Arbittration of Sports) က ချယ်လ်ဆီးအသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) မှ ချမှတ်ထားသော အပြောင်းအရွှေ့ရာသီ နှစ်ရာသီအတွင်း ကစားသမားခေါ်ယူခွင့် ပိတ်ပင်ထားသော ပြစ်ဒဏ်အား မူလပြစ်ဒဏ်မှ တစ်ဝက်လျော့ချ ပေးလိုက်သည်..။ ထို့ကြောင့်လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ကစားသမားသစ် ခေါ်ယူခွင့်ရရှိတော့မည့် ချယ်လ်ဆီးအသင်းမှာ နည်းပြ ဖရန့် လမ်းပတ် အား အသင်း၏လူစာရင်းကို အားဖြည့်နိုင်ရန်အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၁၅၀) ခန့် ခွင့်ပြုသွားနိုင်ဖွယ်ရှိကြောင်း The Telegraph သတင်းဌာနက ဖော်ပြခဲ့သည်..။

ယနေ့တွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အတွက် ခုံအဖွဲ့ဝင်များသည် ချယ်လ်ဆီးအသင်းနှင့် FIFA တို့မှ တင်သွင်းသော အထောက်အထားများကို နှစ်ပါတ်တာ သုံးသပ်၊ လေ့လာခဲ့ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်..။ ယခုဆုံးဖြတ်ချက်ကြောင့် ချယ်လ်ဆီးအသင်းမှာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ကစားသမားသစ်များ ပြန်လည်ခေါ်ယူခွင့် ရရှိတော့မည့်အပြင် FIFA က ချမှတ်ထားသော ဒဏ်ငွေ စတာလင်ပေါင် (၄၆၀,၀၀၀) ၏ တစ်ဝက်ဖြစ်သော (၂၃၀,၀၀၀) ကိုသာ ပေးချေရတော့မည်ဖြစ်သည်..။



ယနေ့ဆုံးဖြတ်ချက်မှာ လူငယ်ကစားသမားများ ခေါ်ယူခဲ့ရာတွင် ချယ်လ်ဆီးအသင်း ချိုးဖောက်ခဲ့သော သက်သေ၊ အထောက်အထားသစ်များကို ထပ်မံတင်သွင်းခဲ့သည့် FIFA အတွက် ထင်မှတ်မထားခဲ့သည့် ရလဒ်တစ်ခု ဖြစ်ခဲ့ရသည်..။ ယခုဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ချယ်လ်ဆီးပရိသတ်အချို့က လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း ကစားသမားသစ်များ ထပ်မံခေါ်ယူခြင်း မပြုပဲ လူငယ်ကစားသမားများနှင့်သာ ဆက်လက်ရှေ့ဆက်လိုနေသော်လည်း လမ်းပတ် အနေဖြင့် သူ၏အသင်းအား ထပ်မံအားဖြည့်ဖွယ် ရှိနေသည်ဟု သိရသည်..။

လာမည့်အပြောင်းအရွှေ့ ကာလတွင် အိုလီဗီယာ ဂျီရူးဒ် နှင့် ပီဒရို တို့ အသင်းမှ ထွက်ခွာရန် အလားအလာများနေသလို ဝီလီယံ အား စာချုပ်သက်တမ်းတိုးရန် ကိစ္စမှာလည်း မပြီးသတ်သေးပဲ ရှိနေခဲ့သည်..။ ထို့ကြောင့် ချယ်လ်ဆီးအသင်းမှာ တိုက်စစ်မှူး၊ တောင်ပံကစားသမား၊ နောက်ခံအစွန်လူ နှင့် ဗဟိုနောက်ခံလူများကို ထပ်မံအားဖြည့်ရန် စီစဉ်နေပြီး လိုင်ယွန်အသင်းမှ တိုက်စစ်မှူး မူဆာ ဒမ်ဘယ်လီ၊ ခရစ်စ်တယ် ပဲလေ့စ်အသင်း တောင်ပံကစားသမား ဝီလ်ဖရက်ဒ် ဇာဟာ..၊ ဒေါ့မွန်အသင်း တောင်ပံကစားသမား ဂျာဒွန် ဆန်ချို တို့ကို စောင့်ကြည့်လျှက်ရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ လက်စ်တာအသင်းမှ ဘယ်နောက်ခံလူ ဘင် ချီဝဲလ် အား စိတ်ဝင်စားနေသော်လည်း လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း ခေါ်ယူနိုင်ဖွယ် မရှိသောကြောင့် ဘုန်းမောက်အသင်းမှ ဗဟိုနောက်ခံလူ နေသန် အက်ကီ အား စာချုပ်ပါ ပေါင်သန်း (၄၀) ဖြင့် ပြန်လည်ဝယ်ယူခွင့် (buy back claus) ကို အသုံးချပြီး ခေါ်ယူနိုင်ဖွယ် ရှိနေသည်ဟု သိရသည်..။

ချယ်လ်ဆီးအသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံ လိဂ်ပြိုင်ပွဲဝင်ခွင့် ပြန်လည်ရရှိခဲ့သလို အီဒင် ဟာဇက်၊ ဒေးဗစ် လူးဝစ်ဇ်၊ အယ်လ်ဗာရို မိုရာတာ တို့ကို ရောင်းချခြင်းများ အပါအဝင် အသင်းမှ နေရာမရသော ကစားသမားများကို ရှင်းထုတ်ခြင်းမှ ရရှိလာသော ဝင်ငွေများကြောင့် ကစားသမားသစ်များ ခေါ်ယူနိုင်ရန်အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၁၅၀) အထိ ခွင့်ပြုနိုင်ဖွယ် ရှိနေသည်..။

ထို့အပြင် အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် ကလည်း ချယ်လ်ဆီးအသင်းအား ရောင်းချရန် လုံးဝစိတ်ဝင်စားတော့ခြင်း မရှိပဲ ယခင်က ဆိုင်းငံ့ထားသော စတန်းဖို့ဒ် ဘရစ်ချ်ကွင်း တိုးချဲ့မှု အစီအစဉ်အား ယခုနှစ်ဘောလုံးရာသီမတိုင်မီ ပြန်လည်စတင်နိုင်ဖွယ် ရှိနေကြောင်း သိရသည်..။