feature-image

'ပီတာ ချက်'..၊ 'ကလော့ဒ် မက်ခလီလီ' တို့နှင့် ချယ်လ်ဆီးအသင်း နှစ်ပတ်လည် နေ့လည်စာ အခမ်းအနား

ချယ်လ်ဆီးအသင်း၏ စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၊ အနောက်ဘက် ပွဲကြည့်စင်ရှိ Great Hall ခန်းမတွင် မနေ့က ကျင်းပပြုလုပ်ခဲ့သော ချယ်လ်ဆီးအသင်း၏ ၂၀၁၉ ခုနှစ်အတွက် နှစ်ပတ်လည် နေ့လည်စာ အခမ်းအနား ကျင်းပခဲ့ရာ အသင်းဂန္ထဝင် ကစားသမားဟောင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်..။

ခရစ်စ်မတ် ကာလနှင့် ပွဲကျပ်ကာလအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခြင်း အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး မနေ့က ပြုလုပ်သော အခမ်းအနားတွင် ၁၉၇၀ ပြည့်နှစ်က FA ဖလား ဆွတ်ခူးခဲ့သော ဂန္ထဝင်ကစားသမားဟောင်းကြီးများဖြစ်သည့် ရွန် ဟားရစ်စ်၊ တွမ်မီ ဘော်လ်ဒွင်၊ ဂျွန် ဟောလင်းစ် နှင့် မာဗင် ဟင်တန် တို့က FA ဖလားနှင့် ဥရောပ ရှုံးထွက်ဗိုလ်များဖလား (Cup Winners’ Cup) ကို ဆွတ်ခူးနိုင်ခဲ့သည့် ၁၉၇၀ ခုနှစ် ဘောလုံးရာသီက အမှတ်တရ ဖြစ်ရပ်များကို ပြန်လည်ပြောပြခဲ့ကြသည်..။



ထို့နောက် အစီအစဉ် တင်ဆက်သူ ဆမ် မက်တာဖေ့စ် က ဂန္တဝင်ကစားသမားဟောင်းကြီးများနှင့် အမေးအဖြေ ကဏ္ဍကို ပြုလုပ်ခဲ့ရာ အသင်း၏ အအောင်မြင်ဆုံး ရွှေရောင်မျိုးဆက်မှ ဂန္တဝင်ဂိုးသမားဟောင်းကြီး ပီတာ ချက် က ဒရမ်တီးခတ်ခြင်းနှင့် ပတ်သက်သည့် မေးခွန်းများကို ယခုလို ဖြေကြားခဲ့သည်..။

“ကျွန်တော်ဒရမ်တီးခတ် ဖြစ်သွားတဲ့ အဓိကအကြောင်းရင်းကို ပြောပြပါဆိုရင် ကာလို ကူဒီစီနီ ကိုပဲ ကျေးဇူးတင်ရမှာပါ..။ ကာလို ဟာ စန္ဒရား ကောင်းကောင်းတီးတတ်ပါတယ်..။ ခင်ဗျားတို့ မသိကြဘူးမလား..? တစ်နေ့ကျတော့ သူနဲ့ကျွန်တော် ညစာသွားစားရင်း သူ့ရဲ့အိမ်မှာ ပြန်နားကြပါတယ်..။ အဲဒီမှာ သူ့ရဲ့ playstation တီဗွီဂိမ်းအတွက် ဆင်ထားတဲ့ Drum set အသေးလေးကို ကျွန်တော်တွေ့မိပါတယ်..။ အဲဒီအချိန်ကစပြီး ဒရမ်တီးခတ်တဲ့ အရသာကို နှစ်သက်သွားရာကနေ တစိုက်မတ်မတ် လေ့ကျင့်ခဲ့တာပါ..။ အခုဆိုရင် အဆင့်တစ်ခုထိတော့ တီးခတ်နိုင်ခဲ့ပြီလို့ ပြောနိုင်ပါတယ်..။”

ပီတာ ချက် မှာ ယခုအချိန်တွင် အသင်း၏ နည်းစနစ်ပိုင်းနှင့် စွမ်းဆောင်ရည် အကြံပေးပုဂ္ဂိုလ် (Technical and Performance Advisor) အဖြစ် တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်သောကြောင့် အပြောင်းအရွှေ့ ပိတ်ပင်ခံရသည့် ပြစ်ဒဏ်အပေါ် အယူခံ အောင်မြင်ခဲ့ပြီးနောက် အသင်း၏ အနာဂတ် အစီအစဉ်များအပေါ် မေးမြန်းမှုကို ယခုလို ဖြေကြားခဲ့သည်..။

ကျွန်တော်တို့ဟာ အသင်းရဲ့အနာဂတ်အတွက် ခိုင်မာတဲ့ အုတ်မြစ်ကောင်းတွေ ချမှတ်နိုင်ခဲ့ပြီလို့ ယုံကြည်ပါတယ်..။ ဒါပေမယ့် မန်နေဂျာက သူ့ရဲ့အသင်းကို ဒီထက်တောင့်တင်းအောင် ပြုလုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့အတွက် အခွင့်အရေး ရှိသွားပြီပေါ့..။ အရေးကြီးဆုံးက မှန်ကန်တဲ့အရာကို မှန်ကန်တဲ့အချိန်မှာ ပြုလုပ်မိဖို့ပါပဲ..။ ကျွန်တော်တို့ကတော့ အနာဂတ်အတွက် ပြင်ဆင်မှုတွေကို transfer ban အကြောင်း လုံးဝတည့်သွင်း စဉ်းစားခြင်းမရှိပဲ ပြုလုပ်နေတာ ဖြစ်သလို အဲဒီအတိုင်းပဲ ရှေ့ဆက်သွားမှာပါ..။ ဒါ့ကြောင့်သူ့အနေနဲ့ (ဖရန့် လမ်းပတ်) အသင်းရဲ့ လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ချင်ခဲ့ရင် ကျွန်တော်တို့ အတူတကွ ဆွေးနွေးပြီး အသင်းရဲ့ အနာဂတ်အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့်အရာတွေကို ကြိုးစား ဆောင်ရွက်သွားမှာပါ..။”




ဂန္တဝင်ကွင်းလယ် ကစားသမားကြီး ကလော့ဒ် မက်ခလီလီ ကတော့ ချယ်လ်ဆီးအသင်းအတွက် သူ၏ပထမဆုံးဂိုး သွင်းယူပေးစဉ်က အမှတ်တရ အကြောင်းများကို ယခုလိုပြောပြခဲ့သည်..။

“၂၀၀၄/ ၀၅ ဘောလုံးရာသီရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ချာလ်တန်အသင်းနဲ့ ပွဲစဉ်မှာ ပင်နယ်တီ ရပါတယ်..။ အသင်းဖော်တွေက ကျွန်တော့်ကို အတင်းပေးကန်ခိုင်းနေတာကြောင့် ကန်ရမလား..၊ မကန်ရဘူးလားဆိုပြီး ဆုံးဖြတ်ရတာ သုံးမိနစ်လောက် ကြာသွားပါတယ်.။ နောက်ဆုံးတော့ မထူးပါဘူးဆိုပြီး ဘောလုံးလည်း ကိုင်ပြီးရော ဂိုးပေါက်ကိုကြည့်..၊ ဘာဆက်လုပ်ရမှာလဲ..? လို့ ခဏစဉ်းစားလိုက်ရပါသေးတယ်..။ ဒါပေမယ့် အဲဒီဂိုးဟာ ဘယ်လိုပဲ ဝင်သွားသည် ဖြစ်ပါစေ..၊ (သူ၏ကန်ချက်ကို ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး ပြန်ထွက်လာသည့် ဘောလုံးကို ထပ်မံပိတ်သွင်းခဲ့ရသည်..) ချယ်လ်ဆီးအသင်းအတွက် ကျွန်တော့်ရဲ့ ပထမဆုံးဂိုးပါပဲ..။”





၁၉၇၀ ခုနှစ်က FA ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် ချယ်လ်ဆီးအသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည့် ဂန္တဝင်ကစားသမားကြီး ရွန် ဟားရစ်စ် က အိုးလ် ထရက်ဒ်ဖို့ဒ် ကွင်းတွင် ယှဉ်ပြိုင်ခဲ့ရသည့် ဗိုလ်လုပွဲ ပြန်ကန်ပွဲစဉ် (replay) မတိုင်မီညက အမှတ်တရ ဖြစ်ရပ်များကို ယခုလို ပြန်ပြောပြခဲ့သည်..။

“ကျွန်တော်တို့ဟာ ဗိုလ်လုပွဲ ပြန်ကန်ပွဲစဉ်အတွက် ရထားနဲ့ မန်ချက်စတာကို တစ်ညကြိုပြီး သွားခဲ့ပါတယ်..။ ဟိုတယ်ကိုရောက်ပြီး အဲဒီညမှာ ခွေးပြိုင်ပွဲတစ်ခု ရှိတယ်ဆိုတာနဲ့ အားလုံးသွားပြီး အားပေးကြပါတယ်..။ ဟိုတယ်ကို ပြန်ရောက်တော့ ည (၁၀) နာရီ ကျော်နေပါပြီ..။ ဘယ်သူကမှ အဲဒီလို အိပ်ရာဝင် နောက်ကျတဲ့ကိစ္စကို စိတ်အနှောင့်အယှက် မဖြစ်ခဲ့ကြပါဘူး..။ အဲဒီအချိန်က ကျွန်တော်တို့ အသင်းသားတွေရဲ့ စုစည်းမှုနဲ့ စိတ်ဓါတ် အရမ်းကောင်းမွန်ခဲ့ပါတယ်..။ ကစားသမား ခြောက်ယောက်၊ ခုနှစ်ယောက်လောက်ဟာ လူငယ်အသင်းကတည်းက အတူတူ တွဲဖက်ကစားခဲ့ကြတာပါ..။ ဒီလိုအသင်းရဲ့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းတစ်သင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့် ရရှိခဲ့တာ ကျွန်တော့်အတွက် အင်မတန် ဂုဏ်ယူဖို့ကောင်းတဲ့ အရာတစ်ခုဖြစ်ပါတယ်..။ ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းကို အောင်မြင်မှု လမ်းစတစ်ခုပေါ် ပြန်လည်လျှောက်လှမ်းပေးနိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်..။”




ဂန္တဝင်ဂိုးသမားဟောင်းဖြစ်သူ ကာလို ကူဒီစီနီ ကတော့ အဌားချ ကစားသမားများကို ကိုင်တွယ်နေရသည့် တာဝန်သစ်အပေါ် ယခုလို ပြောပြခဲ့သည်..။

“ဒါဟာကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်တစ်ခု ဖြစ်သလို သင်ယူစရာတွေ အများအပြားပါပဲ..။ လူတွေအများကြီးနဲ့ ထိတွေ့၊ ဆက်ဆံရသလို အကျေနပ်မိဆုံးက လူငယ်ကစားသမားလေးတွေရဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေခြင်းကိုပါပဲ..။ ယေဘူယျအားဖြင့် အဌားချ ကစားသမား အများစုဟာ ခြေစွမ်းပြနိုင်နေတယ်ဆိုပေမယ့် ရာသီတစ်ဝက်ပဲ ရှိသေးတာဆိုတော့ စောင့်ကြည့်ရဦးမှာပါ.။”




အဆိုပါအခမ်းအနားတွင် အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သော ဂျာမနီမှ နာမည်ကျော် တင်းနစ်ကစားသမားဟောင်း ဘောရစ်စ် ဘက်ကာ က ချယ်လ်ဆီးအမာခံ ပရိသတ်တစ်ယောက် ဖြစ်လာရခြင်းအကြောင်းကို ယခုလို ပြောပြခဲ့သည်..။

“လန်ဒန်မြို့မှာ ကျွန်တော်အိမ်ခန်းဝယ်ဖြစ်တော့ ချယ်လ်ဆီးအရပ်မှာပါ..။ အဲဒီမှာ ဖရန့် (လမ်းပတ်)..၊ ဂျွန် (တယ်ရီ) တို့နဲ့ ဆုံမိပြီး သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်..။ ကျွန်တော်တို့ အတူတူ သွားကြ၊ လာကြရင်း ဘောလုံးအကြောင်းတွေ အများကြီး ပြောဖြစ်ခဲ့ကြပါတယ်..။ တစ်နေ့မှာတော့ ကျွန်တော်က ဘောလုံးပွဲကြည့်ချင်တယ်..၊ ဘယ်အသင်းရဲ့ပွဲကို ကြည့်ရင်ကောင်းမလဲလို့ သူတို့ကို မေးပါတယ်..။ သူတို့နှစ်ယောက်စလုံးက ‘သွားစရာ တစ်နေရာပဲ ရှိပါတယ်..။ စတန်းဖို့ဒ် ဘရစ်ချ်ကိုပဲ လာခဲ့ပါ’ လို့ တစ်သံတည်း ထွက်ပါတယ်..။ အဲဒီကနေစပြီး စတန်းဖို့ဒ် ဘရစ်ချ်ကို အမြဲတမ်းရောက်တော့တာပါပဲ…။”



နောက်ဆုံးအနေဖြင့် မကြာမီ ယှဉ်ပြိုင်ရတော့မည့် တော့တင်ဟမ် အသင်းနှင့် လန်ဒန်ဒါဘီ ပွဲစဉ်အကြိုအဖြစ် ဂိုးသမားကြီး ပီတာ ချက် က လန်ဒန်အသင်းများကြားမှ ပြိုင်ဆိုင်မှု ပြင်းထန်မှုကို ယခုလို ပြောပြခဲ့ပါသည်..။

“တော့တင်ဟမ် အသင်းနဲ့ပွဲတိုင်းမှာ ထူးခြားတာက အသင်းရဲ့ ပရိသတ်ဟောင်းကြီးတွေဆီကနေ ‘မင်းတို့နိုင်မှကို ဖြစ်မှာနော်’ ဆိုတဲ့ စကားတွေ အမြဲတမ်း ကြးရပါတယ်..။ ဘာဖြစ်လို့ အဲဒီလို အရမ်းနိုင်ချင်ရလဲဆိုတဲ့ အကြောင်းကို ကျွန်တော်မသိပေမယ့် ကျွန်တော်ဟာ လန်ဒန်အသင်း နှစ်သင်းမှာ ကစားခဲ့ဖူးပါတယ်..။ အဲဒီနှစ်သင်းစလုံးမှာ တူညီတဲ့အချက်ကတော့ တော့တင်ဟမ် ကို လူတိုင်းက မုန်းကြတာပဲဗျ..။”