feature-image

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို ဝေဖန်လိုက်တဲ့ ချယ်လ်ဆီးအသင်း

ချယ်လ်ဆီးအသင်းမှာ အားကစားအငြင်းပွားမှုများဆိုင်ရာ ခုံရုံး (Court of Arbitration for Sport) သို့ တင်သွင်းခဲ့သော အယူခံအောင်မြင်အပြီးတွင် တရားဝင် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်အတွက် CAS ကို ကျေးဇူးတင်ရှိကြောင်း၊ သို့သော်လည်း အခြားအင်္ဂလိပ်အသင်း တစ်သင်းဖြစ်သည့် မန်ချက်စတာ စီးတီးအသင်း ကျူးလွန်ခဲ့သော ပြစ်ဒဏ်နှင့် နှိုင်းယှဉ်ပြီး မမျှမတ ဆုံးဖြတ်ခဲ့သည်ဟု ထင်မြင်ခဲ့ရသည့်အပေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အား စိတ်ပျက်မိကြောင်း အပြစ်တင် ပြောကြားခဲ့သည်..။

မန်ချက်စတာ စီးတီးအသင်းမှာ လူငယ်ကစားသမားများ ခေါ်ယူရာတွင် အလားတူ ပြစ်ဒဏ်မျိုး ကျူးလွန်ခဲ့သော်လည်း အပြောင်းအရွှေ့ ပိတ်ပင်ခံရသည့် ပြစ်ဒဏ်ချမှတ်ခြင်း မခံခဲ့ရပဲ ဒဏ်ငွေ စတာလင်ပေါင် (၃၁၄,၆၇၀) ပြစ်ဒဏ်ဖြင့်သာ ပြီးဆုံးခဲ့သည်..။ FIFA ကမူ မန်ချက်စတာ စီးတီးအသင်း အနေဖြင့် ထိုသို့ ဒဏ်ငွေပြစ်ဒဏ်သာ ကျခံရခြင်းမှာ သူတို့၏စစ်ဆေးမှု ပြုလုပ်ခဲ့သည့်အချိန်တွင် အကောင်းဆုံး ပူးပေါင်းပါဝင်ခဲ့သောကြောင့်ဟု အကြောင်းပြခဲ့သည်..။

အဆိုပါ အကြောင်းပြချက်မှာ အခြေအမြစ်မရှိကြောင်း ချယ်လ်ဆီးအသင်းဘက်က ငြင်းဆိုခဲ့ပြီး ချယ်လ်ဆီးအသင်းအနေဖြင့် FIFA မှ ဆောင်ရွက်သော လုပ်ငန်းများ၏ အရေးပါမှုကို နားလည်သဘောပေါက်သောကြောင့် လူငယ်များ၏ အပြောင်းအရွှေ့များနှင့် ပတ်သက်ပြီး စစ်ဆေးမှုများ ပြုလုပ်ချိန်တွင် အစွမ်းကုန် ပူးပေါင်း၊ ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့သည်..။

သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံရှိ အားကစား အငြင်းပွားမှုများဆိုင်ရာ ခုံရုံး (CAS) မှာ ချယ်လ်ဆီးအသင်း၏ အပြောင်းအရွှေ့ ပိတ်ပင်ခံရသည့် ပြစ်ဒဏ်နှင့် ပတ်သက်သည့် ကြားနာမှုအပေါ် အပြီးသတ် ဆုံးဖြတ်ချက်ကို ထုတ်ပြန် ကြေငြာခဲ့ပြီး လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ကစားသမားသစ်များ ခေါ်ယူခွင့်ပြုရန် ပြစ်ဒဏ်လျော့ချ ပေးခဲ့သည်..။ CAS ၏ ကြေငြာချက်တွင် ချယ်လ်ဆီးအသင်းအား စွဲချက်တင်ထားသော အမှုများ၏ သုံးပုံတစ်ပုံတွင်သာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး အဆိုပါချိုးဖောက်မှုများမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စွဲချက်တင်ထားသလောက် ဆိုးရွားမှု မရှိကြောင်း ကြေငြာခဲ့သည်..။