feature-image

အင်္ဂါနေ့ ဘောလုံးစကားဝိုင်း (ချယ်လ်ဆီး Vs လိုင်လီ)

ချန်ပီယံ လိဂ်ပြိုင်ပွဲ..၊ အုပ်စု (H) နောက်ဆုံး၏ပွဲစဉ်အဖြစ် စတန်းဖို့ဒ် ဘရစ်ချ်ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် လိုင်လီအသင်းတို့၏ ယှဉ်ပြိုင်ကစားခဲ့သော ပွဲဝင်အပေါ် အင်္ဂလန်အသင်း တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာ၊ အင်္ဂလန်အသင်းနှင့် ချယ်လ်ဆီးအသင်း မန်နေဂျာဟောင်း ဂလင်း ဟော်ဒယ်..၊ ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျို ကိုးလ် နှင့် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် တို့က BT Sports ရုပ်သံ အစီအစဉ် မှတဆင့် ယခုလိုသုံးသပ် ဆွေးနွေးသွားခဲ့သည်..။

ဂယ်ရီ လိုင်နီကာ - ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းအတွက် ဒီနေ့ပွဲမှာအရေးအကြီးဆုံးက နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ပဲ မဟုတ်ဘူးလားဗျ..။ ဘယ်လိုပဲဖြစ်ဖြစ်ပါ.. နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို တက်ရောက်နိုင်ရင် ပြီးတာပဲလေ..  ဟုတ်တယ်မလားဗျ..

ရီယို ဖာဒီနန် - မှန်တာပေါ့ဗျာ..။ အခုလို နောက်တစ်ဆင့်ကို အောင်အောင်မြင်မြင်နဲ့ တက်ရောက်သွားနိုင်ခဲ့တာဟာ ဖရန့် နဲ့ သူ့ရဲ့အသင်းသားတွေအတွက် စိတ်ဓါတ်နဲ့ ယုံကြည်မှုတွေ ပိုပြီးမြင့်မားသွားစေမှာ အသေအချာပါပဲ..။ အထူးသဖြင့် ဖရန့် နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဟာ ချန်ပီယံ လိဂ်ပြိုင်ပွဲလို ဥရောပအဆင့်မြင့် ပြိုင်ပွဲတစ်ခုရဲ့ ရှုံးထွက်အဆင့်နဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြသနိုင်လိုက်တာပါ..။ တကယ်တော့ ချန်ပီယံ လိဂ်ပြိုင်ပွဲ၊ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး..။ အထူးသဖြင့် သူတို့အသင်းပါဝင်တဲ့ အုပ်စု (H) မှာဆိုရင် အိုင်းယက်စ် အသင်းဟာ မနှစ်က ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့အသင်း ဖြစ်သလို ဗလင်စီယာ အသင်းဟာလည်း အသင်းကောင်းတစ်သင်းပါ..။ ဒါ့ကြောင့်အခုလို ခက်ခဲတဲ့ အုပ်စုကျပ်တစ်ခုမှာ နောက်တစ်ဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တာဟာ ကျေနပ်စရာ ကောင်းလောက်တဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုလို့ ပြောရမှာပါ..။

ဂယ်ရီ လိုင်နီကာ - ဂျိုး ရေ.. ဘယ်လိုလဲ..? ပျော်တယ်မလား…?

ဂျိုး ကိုးလ် - ၁၀၀% ရာနှုန်းပြည့်ပေါ့ဗျာ..။ အရမ်းကိုပျော်ပါတယ်..။ သူတို့အတွက် ဖြစ်သင့်တာထက် ပိုပြီးခက်ခဲတဲ့ပုံ ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လိုချင်တဲ့ရလဒ်ကို ရရှိခဲ့တာပဲလေဗျ..။

ဂလင်း ဟော်ဒယ် - အခုလို ချန်ပီယံ လိဂ်ပြိုင်ပွဲ၊ ရှုံးထွက်အဆင့်ဆိုတာ သူတို့တွေ အရမ်းကို ရောက်ရှိချင်နေတဲ့နေရာ ဖြစ်ပါတယ်..။ သူတို့အသင်းဟာ တဖြည်းဖြည်းနဲ့ တိုးတက်နေတဲ့ အသင်းတစ်သင်းပါ..။ ဒါပေမယ့် လိုအပ်နေတာက ပြိုင်ဘက်အသင်းကို ပြန်မလာနိုင်အောင် အသေအကျေ ထိုးနှက်မယ်ဆိုတဲ့စိတ် ‘killer instinct’ မရှိဘူးပေါ့ဗျာ..။ ပထမပိုင်းမှာ အက်ဇ်ပီလီကွဲတား ခေါင်းတိုက်ပြီး ဒုတိယဂိုး သွင်းပေးလိုက်တဲ့အချိန် ကျွန်တော့်ရဲ့စိတ်ထဲမှာ အဲဒီဂိုးဟာ ဒီနေ့ပွဲစဉ်ရဲ့ အဆုံးအဖြတ်ဂိုး ဖြစ်လာလိမ့်မယ်လို့ မထင်မိခဲ့ဘူးဗျ..။ အနည်းဆုံး သုံးဂိုး၊ လေးဂိုးလောက်တော့ သွင်းနိုင်လိမ့်မယ်လို့ ထင်မိခဲ့ပါတယ်..။ ဒါ့အပြင် အုပ်စုဗိုလ်လည်း မဖြစ်ခဲ့ဘူးပေါ့ဗျာ..။ အဲဒီအချက်က နောက်တစ်ဆင့်ကျရင် သူတို့ကို ဒုက္ဓပေးသွားနိုင်ပါတယ်..။

ဂယ်ရီ လိုင်နီကာ - ရီယို ရေ.. ခုနက ကျွန်တော်တို့ ဖရန့် နဲ့ စကားပြောခဲ့ကြပါတယ်..။ သူဟာမန်နေဂျာတစ်ယောက်အဖြစ် စတင်တာဝန်ယူခဲ့တာ အခုထိဆိုရင် စုစုပေါင်း (၁၈) လလောက်ပဲ ရှိနေပါသေးတယ်..။ ဒီလောက်ကာလတိုလေးအတွင်းမှာ ချန်ပီယံ လိဂ်ပြိုင်ပွဲ နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်ဆိုတော့ သူဟာတကယ့်ကို ထူးချွန်တဲ့ မန်နေဂျာတစ်ယောက်လို့ ကျွန်တော်ပြောချင်ပါတယ်..။ ဟုတ်တယ်မလားဗျ…



ရီယို ဖာဒီနန် - သေချာတာပေါ့ဗျာ..။ သူ့လိုအတွေ့အကြုံ မရှိသေးတဲ့ လူငယ်မန်နေဂျာ တစ်ယောက်အတွက် ချယ်လ်ဆီးအသင်းလို ဖိအားများတဲ့ အခြေအနေမျိုးကို တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး..။ ဒါ့အပြင်သူ့ရဲ့အသင်းအပေါ်နဲ့ သူကိုယ်တိုင်အပေါ် ထားရှိတဲ့ ယုံကြည်ချက်..၊ မီဒီယာတွေနဲ့ တွေ့ဆုံစကားပြောတဲ့အချိန်တိုင်းမှာ အသင်းအနာဂတ်နဲ့ ပတ်သက်ပြီး အမျှော်အမြင်.. စတာတွေဟာ သူ့ကိုဝန်းရံနေတဲ့ နည်းပြတွေနဲ့ ကစားသမားတွေအတွက် ယုံကြည်မှုကို တိုးပွားစေမှာပါ..။ တကယ်တော့ အသင်းတစ်သင်းမှာ အသင်းသားတွေ ကြိုးစားအားထုတ်မှု၊ ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်မှုတွေဆိုတာ သူတို့ကို ကိုယ်တွယ်နေတဲ့ အသင်းမန်နေဂျာရဲ့ လုပ်ရည်ကိုင်ရည်ကို ကိုယ်စားပြုနေတာပါပဲ..။ နောက်ပြီးဖရန့် ဟာ ကစားသမား တစ်ယောက်အနေနဲ့ ရရှိခဲ့တဲ့ သူ့ရဲ့တစ်ဦးချင်းအောင်မြင်မှုတွေ..၊ ချယ်လ်ဆီးအသင်းက သူ့ရဲ့အရှိန်အဝါ..၊ ပုံရိပ်တွေဟာ မန်နေဂျာ တစ်ယောက်ဖြစ်လာတဲ့အချိန် သူ့အတွက် အများကြီးအကျိုး ဖြစ်ထွန်းစေခဲ့ပါတယ်..။

ဂယ်ရီ လိုင်နီကာ - ဂျိုး ရေ.. ခင်ဗျားက အခုအချိန်မှာ ဖရန့် နဲ့ အနီးကပ်ဆုံး ရှိနေတဲ့သူ တစ်ယောက်ပေါ့..။ ခင်ဗျားအနေနဲ့ကရော သူဟာအသင်းပရိသတ်တွေ တောင့်တနေတဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့်သူလို့ ခင်ဗျားတို့ ယုံကြည်နေရဲ့လား…?



ဂျိုး ကိုးလ် - အထူးကို ယုံကြည်ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ သူဟာအခုအချိန်မှာ အသင်းကို အကောင်းဆုံး မောင်းနှင်ပေးနေနိုင်တာပဲလေ..။ အမှားအယွင်း ကြီးကြီးမားမားလည်း ဘာမှမလုပ်မိသေးပါဘူး..။ မနှစ်က သူကိုင်တွယ်ခဲ့တဲ့ ဒါဘီအသင်း မန်နေဂျာ ဆိုတာ လွယ်ကူခဲ့တဲ့ အလုပ်တစ်ခု မဟုတ်ခဲ့ပါဘူး..။ ဒါဘီအသင်းကို Play off final အထိ တက်ရောက်ခွင့်ရအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့အပေါ် ဂုဏ်ပြုသင့်ပါတယ်..။ ဒီနှစ်မှာတော့ ကျွန်တော်တို့အသင်းကို ရောက်လာခဲ့တယ်..၊ ကစားသမားသစ် ဝယ်ယူခွင့် ပိတ်ပင်ခံထားရတဲ့ အခြေအနေမှာ ဖီကာရို တိုမိုရီ ကို ယုံကြည်ပြီး ဒေးဗစ် လူးဝစ်ဇ် လို အရှိန်အဝါကြီးတဲ့ သမ္ဘာရင့် ကစားသမားတစ်ယောက်ကို ပြောင်းရွှေ့ခွင့်ပြုလိုက်ပါတယ်..။ အဲဒီဆုံးဖြတ်ချက်ဟာ အင်မတန်မှ ကြီးမားပြီး ရဲရင့်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ..။

နောက်ပြီးအခုအချိန်မှာ အသင်းပရိသတ်တွေ..၊ အသင်းနဲ့ ပတ်သက်နေတဲ့သူတွေ အားလုံးရဲ့စိတ်ထဲမှာရှိနေတဲံ ခံစားချက်… အထူးသဖြင့် အသင်းကနေ ပေါက်ဖွားလာတဲ့ လူငယ်ကစားသမား၊ ငယ်မွေးခြံပေါက်လေးတွေ အပြိုင်အဆိုင် နေရာရနေတယ်ဆိုတဲ့ ခံစားချက်ဟာ ဘယ်တုန်းကနဲ့မှ မတူခဲ့ပါဘူး..။ ဒါ့ကြောင့်အခုအချိန်ထိ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ဆုံးဖြတ်ချက်တွေအပေါ် သုံးသပ်ပေးရမယ်ဆိုရင် သိပ်ကိုကောင်းမွန်တယ်..၊ မှန်ကန်တယ်..၊ ကြီးမားတဲ့ မှားယွင်းမှုတွေ မရှိသေးပါဘူး လို့ပဲ ပြောချင်ပါတယ်..။ ဒီနေ့မှာဆိုရင်လည်း ချန်ပီယံ လိဂ်ပြိုင်ပွဲမှာ အနည်းဆုံး ဖေဖော်ဝါရီအထိ ဆက်လက်ပြီး အသက်ဆက်နိုင်အောင် ဆွဲဆန့်ပေးနိုင်ခဲ့တဲ့အပေါ် ဂုဏ်ပြု ချီးကျူးရမှာပါပဲ..။

ဂယ်ရီ လိုင်နီကာ - ဂလင်း ရေ.. ခင်ဗျားကတော့ မန်နေဂျာအဖြစ် ထိပ်တန်းအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့သူပါ..။ မန်နေဂျာတစ်ယောက်အနေနဲ့ ဖရန့် အပေါ် ခင်ဗျားရဲ့ ထင်မြင်ချက်ကို ပြောပြပေးပါဦးလား..



ဂလင်း ဟော်ဒယ် - ကျွန်တော်ကတော့ သူ့ရဲ့စွမ်းဆောင်ရည်ကို အရမ်းကောင်းမွန်တယ်လို့ မြင်ပါတယ်..။ သူဟာကစားသမားဘဝတုန်းက ခြေစွမ်းကို အကောင်းဆုံးအဆင့်မှာ အမြဲတမ်းထိန်းသိမ်းထားခဲ့သလို အခုမန်နေဂျာ ဖြစ်လာခဲ့တဲ့ အချိန်ကျတော့လည်း အသင်းသားတွေဆီကနေ အကောင်းဆုံးအဆင့် ခြေစွမ်းနဲ့ ပြန်လည်ပေးဆပ်ကြဖို့ အမြဲတမ်း တောင်းဆိုခဲ့ပါတယ်..။ နောက်ပြီးသူဟာ မန်နေဂျာဘဝမှာလည်း မြန်မြန်ဆန်ဆန် သင်ယူနိုင်ခဲ့ပါတယ်..။ တကယ်တော့ (၁၈) လအတွင်း ချန်ပီယံရှစ်ပြိုင်ပွဲအဆင့်ကနေ ချန်ပီယံ လိဂ်ပြိုင်ပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တယ်ဆိုတာ မလွယ်ကူပါဘူး..။ တစ်ခါတစ်လေမှာ ဒီလိုအဆင့်ဆင့် တက်လှမ်းနိုင်ဖို့ ခြောက်နှစ်၊ ခုနှစ်လောက် အချိန်ယူခဲ့ရတာတွေ ရှိတတ်ပါတယ်..။

ဒါ့အပြင် သူ့အသင်းရဲ့ ကစားပုံကိုလည်း ကျွန်တော်သဘောကျတယ်ဗျ..။ ဒါပေမယ့် အခုအချိန်မှာ သူနဲ့သူ့ရဲ့အသင်းဟာ သင်ယူနေဆဲ အဆင့်မှာပဲ ရှိနေတုန်းပါ..။ အထူးသဖြင့် အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီထက်ပိုပြီး ကျစ်ကျစ်လျစ်လျစ် ကစားနိုင်အောင် ပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်..။ ဥပမာ ဒီနှစ်ချန်ပီယံ လိဂ်ပြိုင်ပွဲ၊ အုပ်စုအဆင့် ပွဲစဉ်တွေမှာဆိုရင် ဗလင်စီယာ အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်ဟာ သူတို့ကို အထိနာစေခဲ့ပါတယ်..။

ဂယ်ရီ လိုင်နီကာ - ဟုတ်ကဲ့ပါ. ဂလင်း ရေ.. တကယ်တော့ ဖရန့် တက်လှမ်းလာခဲ့တဲ့ပုံစံနဲ့ လမ်းကြောင်းဟာ တစ်ချိန်တုန်းက အင်္ဂလန်အသင်း မန်နေဂျာအထိ ခင်ဗျားတက်လှမ်းလာခဲ့တဲ့ ပုံစံနဲ့ အတော်လေးကို ဆင်တူနေတာပဲဗျ..။ ကဲ.. ဒီနေ့ချယ်လ်ဆီးအသင်းရဲ့ အနိုင်ဂိုးတွေကို ပြန်ပြီးသုံးသပ်ကြည့်ရအောင်ဗျာ…

ပထမဂိုးကတော့ တန်မီ အေဘရာဟမ် ရဲ့ တိုက်စစ်မှူးစစ်စစ် တစ်ယောက် သွင်းယူခဲ့တဲ့ အနီးကပ် ပိတ်သွင်းချက်စစ်စစ်ပေါ့ဗျာ..

ရီယို ဖာဒီနန် - ပထမပိုင်းအပြီးမှာတုန်းကလည်း ဒီဂိုးအကြောင်း ပြောခဲ့ပါသေးတယ်..။ အဲဒီသွင်းဂိုးမှာ အဓိကကျခဲ့တာက ကိုဗာဆစ် ရဲ့ ပေးပို့မှုကို ညာတောင်ပံကနေ ဖြတ်ပြေးလာပြီး ပူလီဆစ် ရဲ့ ပြေးလမ်းကြောင်းထဲကို ရင်ဘတ်နဲ့တားပြီး အတိအကျ ချပေးနိုင်ခဲ့တဲ့ ကန်တေး ရဲ့ အကွက်မြင်မှုနဲ့ လှုပ်ရှားမှုဟာ အဓိကကျခဲ့ပါတယ်..။ ပူလီဆစ် က လိုင်လီအသင်းရဲ့ ခံစစ်ကြောင်းကို ထိုးဖောက်ပြီး ညာတောင်ပံမှာ လွတ်နေတဲ့ ဝီလီယံ ဆီ ထိုးပေးပါတယ်..။ သူ့အနီးနားမှာ ရှိနေတဲ့ နောက်ခံလူကို အရှိန်နဲ့ ကျော်ဖြတ်ခဲ့တဲ့ ဝီလီယံ ရဲ့ တစ်ဦးချင်းကျော်ဖြတ်မှုဟာ သိပ်ကိုကောင်းမွန်ခဲ့ပြီး  သူဟာ ဂိုးပေါက်ရှေ့မှာ အသင့်စောင့်နေတဲ့ တန်မီ ဆီကို အတိအကျ ပေးပို့နိုင်ခဲ့ပါတယ်..။



ဂလင်း ဟော်ဒယ် - တန်မီ အေဘရာဟမ် ရဲ့ အဆုံးသတ်ပိတ်သွင်းနိုင်ဖို့ နေရာယူ ပါးနပ်ခဲ့တာ အရေးပါခဲ့ပေမယ့် အဲဒီဂိုး ရရှိသွားတဲ့နေရာမှာ ဝီလီယံ လည်း အဓိကကျခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်..။ အခုအပေါ်က ပူးတွဲပုံမှာ ပြထားတဲ့အတိုင်း နောက်ခံလူကို ကျော်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကနေ လွတ်ထွက်သွားခဲ့ရင် ဘယ်နေရာကို ဘောလုံးပေးပို့ရမယ်ဆိုတာ သူအတိအကျ နားလည်ထားပြီးသားပါ.။ တိုက်စစ်မှူးတစ်ယောက် ဆိုရင် အဲဒီလို ပေးပို့မှုတွေကို အသုံးချနိုင်အောင် ဘယ်လိုနေရာယူရမလဲဆိုတာ သိရှိပြီးသားဖြစ်မှာပါ.. ဟုတ်တယ်မလား.. ဂယ်ရီ..

ဂယ်ရီ လိုင်နီကာ - အင်းပါ.. ဒါပေမယ့် အခန့်မသင့်ရင် အဲဒီလို အနီးကပ်ပိတ်သွင်းမှုတွေလည်း လွဲချော်တတ်တာတွေ ရှိပါတယ်..။ ကဲ.. ဒုတိယဂိုးပေါ့ဗျာ.. ထူးခြားချက်က ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ရှားရှားပါးပါး တည်ကန်ဘော (set piece) ကနေ ရရှိခဲ့တဲ့ဂိုး ဖြစ်နေခဲ့တာပဲဗျ..။



ဂျိုး ကိုး - အီမာဆန် ရဲ့ ဘယ်ခြေနဲ့ ခုတ်တင်ပေးလိုက်တဲ့ ပေးပို့မှု အရမ်းကိုကောင်းမွန်ခဲ့ပါတယ်..။ ကျွန်တော့်ရဲ့အမြင်အရဆိုရင် အဲဒီသွင်းဂိုးမှာ လိုင်လီအသင်းခံစစ်ကြောင်း ကာကွယ်ပုံ အားနည်းခဲ့ပါတယ်..။ ပထမဆုံးအနေနဲ့ အပေါ်က ပူးတွဲပုံ (ပုံ- ၁) မှာ ပြထားတဲ့အတိုင်း ဝီလီယံ က အနီးတိုင်မှာ ရှိနေတဲ့ နောက်ခံလူတစ်ယောက်ကို ဆွဲခေါ်သွားတယ်..၊ အဲဒီ လွတ်သွားတဲ့ နေရာလွတ် (space) ဆီကို အောက်က ပူးတွဲပုံ (ပုံ - ၂) မှာ ပြထားတဲ့အတိုင်း ဆီဇာ အက်ဇ်ပီလီကွဲတား က ဖြတ်ပြေးပြီး နေရာယူတယ်..၊ အဲဒီအချိန်မှာ လိုင်လီနောက်တန်းက ဘယ်သူမှ ကပ်ပါမလာခဲ့ပါဘူး..။ အီမာဆန် ရဲ့ ပေးပို့မှုလိုမျိုုး အားပါပြီး တိကျတဲ့ ပေးပို့မှုမျိုးကို လွတ်လွတ်ကျွတ်ကျွတ် အဆုံးသတ်ခွင့် ရခဲ့ရင် ဂိုးရဖို့ အခွင့်အရေး အတော့်ကို များပါတယ်..။ ချယ်လ်ဆီးအသင်းသားတွေအနေနဲ့ set pieces တွေကနေ အခုလိုသွင်းဂိုးတွေ ဒီထက်ပိုပြီး ရရှိအောင် ကြိုးစားဖို့ လိုအပ်ပါသေးတယ်..။ ဒါ့အပြင် ကိုယ့်ဘက်က တည်ကန်ဘော ပေးရတဲ့အချိန်မှာလည်း ဂိုးမပေးရအောင် ကာကွယ်မှုတွေ ပိုမိုပြုလုပ်ရပါဦးမယ်..။



ဂယ်ရီ လိုင်နီကာ - ပထမပိုင်းပြီးတဲ့အချိန်ထိ ဒီနေ့ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် သက်တောင့်သက်သာနဲ့ ရရှိခဲ့တဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့အားလုံး တွေးခဲ့ကြပါတယ်..။ ဟုတ်တယ်မလားဗျ.. ဒါပေမယ့် နောက်ထပ်ဂိုးရအောင် မသွင်းနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း လိုရစ် ရီမီ က ချေပဂိုးပြန်သွင်းလိုက်တဲ့အချိန်မှာ မထင်မှတ်ပဲ ရုန်းကန်ခဲ့ရပါတယ်..

ဂလင်း ဟော်ဒယ် - သူ့ရဲ့ဘယ်ခြေနဲ့ကန်သွင်းချက်က တကယ့်ကို တိကျ၊ ကောင်းမွန်ခဲ့တာပဲဗျ..။ တစ်ဘက်က ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းနေရာယူပုံ အားနည်းခဲ့ပါတယ်..။ ဘယ်တောင်ပံက ဂျိုနသန် ဘမ်ဘာ ပြန်ချိုးပေးလိုက်တဲ့အချိန် ရီမီ နားမှာ ချယ်လ်ဆီးကစားသမားတွေ အများကြီးပဲဗျ..။ ဘယ်သူကမှ သူ့ကိုထိထိရောက်ရောက် လူမကပ်ခဲ့ဘူး..။ ရီမီ ကလည်း ဘမ်ဘာ ပြန်ချိုးပေးမယ့်နေရာကနေ အတိအကျ စောင့်နေခဲ့ပြီး ဘယ်ခြေနဲ့ ဂိုးသမား မမှီနိုင်မယ့်နေရာကို ကန်သွင်းခဲ့တာပါ..။ အရမ်းကြီး အပြင်းကန်သွင်းခဲ့တာ မဟုတ်ပဲ တိကျဖို့ကိုပဲ ပိုပြီးဦးစားပေးခဲ့ပါတယ်..။ တကယ့်ကို လှပတဲ့ကန်ချက်ပါပဲ..



အဲဒီနောက်ပိုင်းမှာ နှစ်သင်းစလုံးဟာ အပြန်အလှန် တိုက်စစ်ပြန်ဆင်ခဲ့ကြတာကြောင့် ပြန်ပြိးအသက်ဝင်လာခဲ့ပါတယ်..။ တကယ်တော့ ချယ်လ်ဆီးဘက်က ဒီပွဲကို စောစောစီးစီး အဆုံးသတ်နိုင်ခဲ့သင့်ပေမယ့် ဘာကြောင့်အဲဒီလို မဖြစ်ခဲ့တာလဲဆိုတာ စဉ်းစားစရာ ဖြစ်ခဲ့ရပါတယ်..

ဂယ်ရီ လိုင်နီကာ - အင်းဗျ.. ဘယ်လိုပဲဖြစ်ဖြစ်ပါ.. အခုဆိုရင် ဒီနေ့ပွဲတွေအပြီးမှာ ချယ်လ်ဆီးအသင်း နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်..။ လီဗာပူးလ်အသင်း နောက်တစ်ဆင့်တက်တယ်..၊ မန်ချက်စတာ စီးတီး..၊ တော့တင်ဟမ် အသင်းတွေလည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတော့ အင်္ဂလန်အသင်း လေးသင်းစလုံး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တာဟာ ကျေနပ်စရာပါ..။ ကျွန်တော်တို့ ခရီးတွေပိုပြီး ထွက်ရဦးမှာပေါ့.. ရီယို ရေ.. ဟုတ်တယ်မလားဗျ.. ဟားဟား..

ခုနက ဂလင်း ပြောခဲ့တဲ့ ဝေဖန်ချက်ကို ပြန်ပြီးသုံးသပ်ရမယ်ဆိုရင် သူတို့အသင်းဟာ လူငယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ သင်ယူနေဆဲ အသင်းတစ်သင်းပါ..၊ လိုအပ်ချက်တွေ ရှိနေဦးမှာ အသေအချာပဲလေ..



ဂလင်း ဟော်ဒယ် - ဟုတ်ပါတယ်..။ ဒါ့ကြောင့်ဒီနှစ်ပြိုင်ပွဲရဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့တဲ့ အင်္ဂလိပ်အသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းအပေါ် အရမ်းကြီး မျှော်လင့်ချက် မကြီးဖို့တော့ လိုပါလိမ့်မယ်..။ ကျွန်တော့်အနေနဲ့ဆိုရင် သူတို့သာ နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် အဆင့်အထိ ရောက်ရှိနိုင်ခဲ့မယ်ဆိုရင် ဒီနှစ်ဘောလုံးရာသီအတွက် တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုလို့ သတ်မှတ်လို့ရပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အသင်းဟာ သင်ယူနေဆဲ အသင်းတစ်သင်း ဖြစ်သလို လာမယ့်ပွဲစဉ်တွေမှာလည်း ဆက်လက်ပြီး သင်ယူရင်း တိုးတက်အောင် လုပ်ဆောင်သွားရမှာပါ..။

ကျွန်တော်ကတော့ အခုလက်ရှိချယ်လ်ဆီးအသင်းကို နောက်ထပ်အနာဂတ်အသစ်အတွက် အုတ်မြစ်ချနေဆဲ အသင်းတစ်သင်း အနေနဲ့ပဲ မြင်ပါတယ်..။ ဒါ့ကြောင့်အခုလောလောဆယ်မှာ ကြီးကြီးမားမား အောင်မြင်မှုတွေ ရရှိနိုင်လိမ့်မယ်လို့လည်း မမြင်မိပါဘူး..။ ဒါပေမယ့် နောက်ထပ်လာမယ့် တစ်နှစ်၊ နှစ်နှစ်လောက်ဆိုရင် တကယ့်ကို ကြောက်စရာကောင်းလှတဲ့ အသင်းတစ်သင်းအဖြစ် ပေါ်ထွက်လာလိမ့်မယ်လို့ ပြောချင်ပါတယ်..

ဂျိုး ကိုးလ် - ဟုတ်ပါတယ်…. သူတို့လို လူငယ်လေးတွေအနေနဲ့ နူးကမ့်ပ်..၊ ဆန်တီယာဂို ဘာနေဗျူး တို့လို တကယ့်ကွင်းကြီးတွေမှာ ယှဉ်ပြိုင်ရတယ်ဆိုတဲ့ အတွေ့အကြုံဟာ အရမ်းတန်ဖိုးကြီးမားပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာကို ဖရန့် ဟာ သင်ခန်းစာ ကောင်းကောင်းရခဲ့မှာပါ..။ သူတို့အနေနဲ့ ခံစစ်ပိုင်း ကူညီတဲ့နေရာမှာ ဒီထက်ပိုပြီး အားစိုက်သင့်တယ်.၊ စနစ်တကျ ရှိသင့်တယ်. စသဖြင့် လိုအပ်ချက်လေးတွေကို သတိထားမိမှာပါ..

ဂယ်ရီ လိုင်နီကာ - ဟုတ်ကဲ့ပါ.. ဂျိုး.. ရီယို နဲ့ ဂလင်း တို့ရေ.. အခုလို သုံးသပ်ဆွေးနွေးပေး သွားခဲ့တဲ့အပေါ် အထူးကျေးဇူးတင်ရှိပါတယ်..။ ထပ်မံဆုံတွေ့ကြတာပေါ့….

#FRANK