Sky Sports သတင်းဌာနမှ ယနေ့တင်ဆက်ခဲ့သော တွေ့ဆုံ၊ မေးမြန်းခန်းတစ်ခုတွင် ချယ်လ်ဆီးအသင်း၏ နည်းစနစ်ပိုင်း အယူအဆများ၊ အားသာချက်၊ အားနည်းချက်များအပေါ် အစီအစဉ်တင်ဆက်သူ လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ် က မေးမြန်းခဲ့ရာ နည်းပြ ဖရန့် လမ်းပတ် က အောက်ပါအတိုင်း သုံးသပ်၊ ဖြေကြားခဲ့သည်..။
ဂျေမီ ရက်ဒ်နပ် - ခင်ဗျားဟာ ချယ်လ်ဆီးအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့တာ (၁၇) ပွဲ ရှိပြီပေါ့..၊ ဘယ်လိုနေလဲဗျ..?
ဖရန့် လမ်းပတ် - ကောင်းပါတယ်..၊ ဒါပေမယ့် ဒီထက်ပိုပြီး ရလဒ်တွေ ကောင်းမွန်ချင်တာပေါ့..။ ရာသီအစပိုင်းမှာ ခက်ခဲခဲ့ပါတယ်..။ ဒါကလည်း ကျွန်တော်ကြိုတင် မျှော်လင့်ပြီးသားပါ..။ ဘာဖြစ်လို့လဲဆိုတော့ ရာသီကြိုကာလတွေမှာ နည်းစနစ်အစုံ၊ ကစားကွက်အစုံ စမ်းသပ်၊ လေ့ကျင့်ခဲ့သလို လေ့ကျင့်ခန်းတွေကလည်း အရမ်းကို ပြင်းထန်ခဲ့တာကြောင့် ဖြစ်ပါတယ်..။ အဲဒီကာလကို ဖြတ်ကျော်ခဲ့ပြီးတဲ့နောက်မှာ နိုင်ပွဲဆက်တဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရတယ်..၊ ကစားပွဲတွေမှာ ပွဲချိန်တော်တော်များများကို ထိန်းချုပ်နိုင်ခဲ့တယ်.၊ ဖျော်ဖြေမှု ပေးနိုင်တဲ့ တိုက်စစ်ဦးစားပေး ကစားဟန်နဲ့ နိုင်ပွဲတွေဆက်ခဲ့ပါတယ်..။
အခုလောလောဆယ်မှာတော့ ခက်ခဲ့တဲ့ ကာလတစ်ခုပေါ့ဗျာ..။ ဒါဟာကျွန်တော့်အတွက် စိန်ခေါ်မှုပါ..၊ ဒါမျိုးကြုံလာနိုင်တယ်ဆိုတာ မျှော်လင့်ပြီးသားပါ..။ ကောင်းတဲ့အချက်ကို ပြောရမယ်ဆိုရင် အခုလိုကာလမျိုးမှာ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို ပိုမိုပြီးလေ့လာနိုင်မှာ ဖြစ်တာကြောင့် နောက်ထပ်အဆင့်တစ်ခုအတွက် အင်အားတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်..။
ဂျေမီ ရက်ဒ်နပ် - မကြာသေးတဲ့ ပွဲစဉ်တွေမှာ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ ဘုန်းမောက်အသင်းတွေကို ခင်ဗျားတို့ ရှုံးနိမ့်ခဲ့ရတယ်..။ သူတို့ဟာ ခံစစ်ကိုအသေထိုင်ပြီး ဂိုးဧရိယာထဲကနေ ပိတ်ဆို့ (low block) ကစားခဲ့ကြပါတယ်..။ ခင်ဗျားတို့အနေနဲ့ အဲဒီလိုအသင်းတွေကို ထိုးဖောက်နိုင်ဖို့ ဘာကြောင့်ခက်ခဲနေခဲ့ရတာလဲ..?
ဖရန့် လမ်းပတ် - အခုလောလောဆယ် ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အဓိကပြသနာဟာ ခင်ဗျားပြောတဲ့အချက် ဖြစ်နိုင်ပါတယ်..။ အထူးသဖြင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ကစားရတဲ့ ကျွန်တော်တို့ရဲ့ အိမ်ကွင်းရလဒ်တွေဟာ သိပ်မကောင်းပါဘူး..။ ကျွန်တော်တို့ကွင်းကို ရောက်လာပြီဆိုရင် အသင်းတွေဟာ low block နဲ့ အသေပိတ်၊ ခံစစ်ထိုင်ပါတယ်..။ သူတို့ကို ထိုးဖောက်ဖို့ ကျွန်တော်တို့ရဲ့ ကစားကွက်မှာ များသောအဖြင့် တိုက်စစ်မှူး တန်မီ အေဘရာဟမ် နဲ့ ဘယ်၊ ညာတောင်ပံ ကစားသမားနှစ်ယောက်တို့က တိုက်စစ်ပိုင်းကို ဦးဆောင်ပါတယ်..။ ပြိုင်ဘက်အသင်းရဲ့ အနေအထားပေါ် မူတည်ပြီး အပြောင်းအလဲတစ်ချို့ ရှိတတ်ပါတယ်..။ ဒါကအသင်းမှာ ပါဝင်တဲ့ ကစားသမားတွေ အခြေအနေအရ မေဆန် မောင့် ကို ‘No.10’ နေရာမှာ ကစားခိုင်းပြီး သူတို့အသင်း ကွင်းလယ်ခံစစ်ကြောင်းရဲ့နောက်ကနေ လှုပ်ရှားခိုင်းမယ်..။ ဒါမှမဟုတ် ကွင်းလယ်သုံးယောက်မှာ ဂျော်ဂင်ဟို ကို ‘one pivot’ ထားပြီး box to box ကစားသမားနှစ်ယောက်နဲ့ တောင်ပံတွေဘက်ကနေ ပိုပြီးအားစိုက် ထိုးဖောက်မယ်.. စသဖြင့် စီမံပါတယ်..။
ကျွန်တော်ကတော့ ကစားကွက်အထိုင် ဘယ်လိုပဲဖြစ်ဖြစ် အပေးအယူနဲ့ လှုပ်ရှားမှုပိုင်းမှာ ညက်ညောမှု (fluidity) ရှိစေဖို့ မှာကြားပါတယ်..။ အဲဒီလို ကစားနိုင်ဖို့ အားသာချက်အနေနဲ့ ကျွန်တော့်ရဲ့ ကွင်းလယ်ကစားသမားတွေဟာ နေရာအတော်များများ ကစားပေးနိုင်တဲ့သူတွေ ဖြစ်ကြပါတယ်..။ အားနည်းချက်ကို ပြောရမယ်ဆိုရင် ပြိုင်ဘက်အသင်းရဲ့ ကွင်းလယ်ခံစစ်ကြောင်းနဲ့ နောက်တန်းခံစစ်ကြောင်း (two lines) ကို ထိုးဖောက်တဲ့ပုံစံ ဖြစ်ပါလိမ့်မယ်..။ ကျွန်တော့်ကစားသမားတွေကို ခံစစ်ကြောင်းတွေရဲ့ရှေ့မှာ စွန့်စားမှု မပါတဲ့ ပေးပို့မှုတွေနဲ့ပဲ အချိန်ကုန်နေမယ့်အစား (safe phase of playing) ပြိုင်ဘက်အသင်း ခံစစ်ကြောင်းတွေနဲ့နောက်ကို မြန်နှုန်းမြင့် ရောက်ရှိနိုင်ဖို့ ဦးစားပေးရပါမယ်..။ ဒီလိုကစားနိုင်ဖို့ဆိုရင် ကစားပုံမြန်ရမယ်..၊ ရွှေ့လျားမှု ကောင်းမွန်ရမယ်..၊ ပေးပို့မှု မြန်ဆန်ရပါလိမ့်မယ်..။ အထူးသဖြင့် တိုက်စစ်ထိုးဖောက်မှုတွေကို လှိုင်းတွေဆင့်လာသလို တစ်လုံးပြီးတစ်လုံး မနားတမ်း (relentess) ထိုးဖောက်စေချင်တာပါ..။
ဂျေမီ ရက်ဒ်နပ် - အရင်တစ်ပါတ်ကလည်း ကစားသမားတွေကို ရဲရင့်တဲ့၊ စွန့်စားမှုပါတဲ့ ပေးပို့မှုတွေ ပြုလုပ်ဖို့ ခင်ဗျားပြောခဲ့သေးတယ်နော်..
ဖရန့် လမ်းပတ် - ကျွန်တော့်အသင်းဟာ လူငယ်ကစားသမား အများအပြား ပါဝင်တဲ့ နုပျိုတဲ့အသင်းတစ်သင်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်တခါတလေ ပွဲရဲ့အခြေအနေ ဖတ်နိုင်စွမ်းအားနည်းလိမ့်မယ်ဆိုတာ နားလည်ပေးနိုင်ပါတယ်..။ အထူးသဖြင့် ကိုယ့်ရဲ့အိမ်ကွင်းမှာဆိုရင် ပြိုင်ဘက်အသင်းတွေဟာ ခံစစ်ပိုင်းကို အထူးဦးစားပေး ပြင်ဆင်ပြီး ရင်ဆိုင်ကြလိမ့်မယ်ဆိုတာ ကြိုတင်၊ မျှော်လင့်ထားနိုင်ပါတယ်..။ အဲဒီလို ခံစစ်ဦးစားပေးပြီး ပိတ်ဆို့ကစားမယ့် အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ဘက်က ထိရောက်တဲ့ ဂိုးသွင်းခွင့်တွေ အများကြီးဖန်တီးပေးနိုင်ဖို့ လိုအပ်ပါတယ်..။ တစ်ချို့ပွဲတွေမှာ ကျွန်တော်တို့ ဂိုးသွင်းခွင့် အများအပြား ရခဲ့ပေမယ့် အခုနောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ပွဲမှာ လုံလောက်တဲ့ ဂိုးဖန်တီးမှုတွေ ကျွန်တော်တို့ မပြုလုပ်နိုင်ခဲ့ပါဘူး..။ ကျွန်တော့်ကစားသမားတွေဟာ ခံစစ်ကြောင်းအဆင့်ဆင့်ကို ပြေးဝင်၊ ထိုးဖောက်မယ့်အစား ခံစစ်ကြောင်းရဲ့ရှေ့မှာပဲ ဘေးတိုက်ပေး၊ နောက်ပြန်ပေးတွေနဲ့ အချိန်ကုန်နေခဲ့ပါတယ်..။ အဲဒီလိုအခြေအနေမှာ ‘full backs’ ဆီက ထိရောက်တဲ့ ထိုးဖောက်မှုတွေ လိုအပ်လာပါတယ်..။
အခုခေတ် ဘောလုံးလောကမှာ တောင်ပံခံစစ် ကစားသမား (full backs) တွေရဲ့ အခန်းကဏ္ဍ ပိုပြီးကြီးမားလာတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိရှိပြီးသားပါ..။ ဒီနှစ်ပိုင်းတွေအတွင်း လီဗာပူးလ်အသင်းမှာဆိုရင် full backs တွေရဲ့ တိုက်စစ်ပိုင်း ပံံ့ပိုးနိုင်မှု၊ ဂိုးဖန်တီးပေးနိုင်မှုတွေဟာ တကယ့်ကို အရေးပါတဲ့ အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့တာပဲလေ..။ ဒါ့ကြောင့်ကျွန်တော့်အနေနဲ့ ဝီလီယံ၊ ပူလီဆစ် တို့ကို အတွင်းဘက်ကို များများဝင်ပြီး ကစားခိုင်းမယ်..၊ အဲဒီလွတ်သွားတဲ့ နေရာတွေကို full backs တွေက ဝင်ရောက်အားဖြည့်မယ်ပေါ့..။ ကျွန်တော့်ရဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ ခရစ်စ်တီယန် ပူလီဆစ်၊ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ ပီဒရို တို့ဟာ အဲဒီလို အတွင်းကိုဆွဲဝင် ထိုးဖောက်နိုင်တဲ့ တောင်ပံ ကစားသမားတွေ ဖြစ်ကြပါတယ်..။ အဲဒီလို full backs တွေ တိုက်စစ်ဇုန်အထိ လိုက်ပါသွားပေမယ့် နောက်မှာသူတို့ကို ထောက်ပေးမယ့် ဗဟိုနောက်ခံလူနဲ့ ကွင်းလယ်ကစားသမားတစ်ယောက် ကျန်ဦးမယ်ဆိုတော့ တစ်ဘက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို အရမ်းကြီးစိုးရိမ်စရာ မလိုဘူးလို့ ထင်ပါတယ်..။
ဂျေမီ ရက်ဒ်နပ် - အသင်းရဲ့အကောင်းဆုံး ကစားသမားဖြစ်တဲ့ အီဒင် ဟာဇက် ကို ဆုံးရှုံးခဲ့တာကြောင့် ခရစ်စ်တီယန် ပူလီဆစ်၊ ဝီလီယံ တို့မှာ အီဒင် လိုမျိုး ပွဲအဖြေပြောင်းလဲပေးနိုင်တဲ့ အခိုက်အတန့်တွေ ဖန်တီးပေးနိုင်ပေးဖို့ ဖိအားတွေ ရှိလာစေခဲ့လား..?
ဖရန့် လမ်းပတ် - သူတို့တင် မဟုတ်ပါဘူး..။ ကျန်တဲ့အသင်းမှာရှိတဲ့ ကစားသမားတိုင်းအပေါ် တောင်းဆိုမှုတွေ ပိုပြီးများပြား လာပါတယ်..။ ဒီနေရာမှာ ကျွန်တော်က ကိုဗာဆစ် ကို ထုတ်ဖော် ချီးကျူးဖို့ လိုအပ်လာပါတယ်..။ သူဟာဒီနှစ်မှာ တစ်ကွင်းလုံးအနှံ့ ရွှေ့လျားကစားပေးနေပြီး အထူးခြေစွမ်းပြနေတာကြောင့် ဖြစ်ပါတယ်..။ ဒီနှစ်မှာ ကျွန်တော်တို့အသင်းရဲ့ အကြီးမားဆုံး လိုအပ်ချက်က ဂိုးသွင်းအဆုံးသတ် သေချာ (clinical) တဲ့နေရာမှာ ဖြစ်ပါလိမ့်မယ်..။ ပွဲစဉ်တော်တော်များများမှာ ကျွန်တော်တို့ဟာ ဘောလုံးကိုင်ထားနိုင်ပြီး ပွဲချိန်တော်တော်များများကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီဘောလုံးပိုင်ဆိုင်မှုတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သလို တခြားဘက်က ပေးဂိုးတွေများနေတဲ့အပေါ်ကိုလည်း ဘဝင်မကျမိပါဘူး..။ ဒါပေမယ့် အခုခေတ် ဘောလုံးလောကမှာ တစ်ပွဲလုံးကို ပေးဂိုးမရှိပဲ (clean sheet) ထိန်းထားနိုင်ဖို့ဆိုတာ အတော်လေးကို ခက်ခဲတယ်လို့ ထင်ပါတယ်..။
ကျွန်တော်တို့ဟာ မနားတမ်း တိုက်စစ်ဆင်နေတယ်..၊ ဂိုးသွင်းခွင့်တွေ ဖန်တီးပေးနေတယ်..၊ ဂိုးဧရိယာထဲကို ဖြတ်တင်ဘောတွေ တစ်လုံးပြီးတစ်လုံး ဆိုပေမယ့် အဲဒီအခွင့်အရေးတွေကို ဂိုးအဖြစ်မပြောင်းလဲနိုင်တာ အချိန်ကြာလာလေလေ တစ်ဘက်အသင်းအတွက် ပိုပြီးစိတ်ဓါတ်တက်ကြွလာလေလေပါပဲ..။ အဲဒီအချက်ဟာ အခုတစ်လော ရှုံးပွဲတွေဆက်နေခြင်းရဲ့ အကြောင်းတရားတစ်ချက်လို့ ကျွန်တော်ထင်ပါတယ်..။
ဂျေမီ ရက်ဒ်နပ် - ခင်ဗျားတို့ရဲ့ အဝေးကွင်းပွဲစဉ်တွေရဲ့ ရလဒ်နဲ့ခြေစွမ်းအကြောင်း ဆက်ပြောကြတာပေ့ါဗျာ..။ မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲမှာဆိုရင် သူတို့ကွင်းမှာတောင် ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားနိုင်ခဲ့ပါတယ်..။ ခင်ဗျားတို့အနေနဲ့ ရရှိတဲ့အခွင့်အရေးတွေကို အဆုံးသတ်ပိုင်းမှာ ပိုပြီးကောင်းမွန်လာအောင် ပြုလုပ်လို့ မရနိုင်ဘူးလားဗျ..
ဖရန့် လမ်းပတ် - သေချာတာပေါ့ဗျာ..။ အဲဒီလို ရရှိတဲ့အခွင့်အရေးတွေကို အဆုံးသတ် ကောင်းမွန်ဖို့ဆိုတာ နည်းပြနဲ့မဆိုင်ဘူးလို့ ကျွန်တော်မပြောပါဘူး..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဂိုးသွင်းအဆုံးသတ်ပိုင်း လေ့ကျင့်ခန်းတွေ အများကြီး ပြုလုပ်လေ့ရှိသလို ကစားသမားဘဝတုန်းကလည်း ကျွန်တော်ဟာ ထပ်ခါထပ်ခါ လေ့ကျင့်တာ၊ မခိုမကပ် ကြိုးစားလေ့ကျင့်တာတွေကြောင့်ပဲ အခုလိုသွင်းဂိုးတွေ အများကြီးရရှိခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရတာပါ..။ ကံကောင်းတယ်ဆိုတာ ကြိုးစားအားထုတ်မှုရဲ့ရလဒ် ဖြစ်သလို ကြိုးစားလေ့ကျင့်ရင်း၊ ထပ်ခါထပ်ခါ လေ့ကျင့်ရင်းနဲ့ပဲ ကျွန်တော်ဟာ တဖြည်းဖြည်းပိုပြီး တိုးတက်လာခဲ့တာပါ..။ အခုလက်ရှိအချိန်မှာ သူတို့တွေကို ကျွန်တော်ကလည်း အထူးကိုတွန်းအားပေးနေပါတယ်..။ ငါတို့ဒီထက်ပိုပြီး ဂိုးသွင်းသေချာပေးလို့ မရနိုင်ဘူးလား..?
မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲစဉ်ဟာ ကျွန်တော်တို့အသင်းရဲ့ အားနည်းချက်ကို ထင်ထင်ရှားရှားကြီး မီးမောင်းထိုးပြလိုက်တဲ့ ပွဲစဉ်တစ်ခုပါ..။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းတစ်သင်းကို ဦးဆောင်ဂိုးရအောင် သွင်းယူနိုင်ခဲ့ပြီး ပွဲကိုလည်း တောက်လျှောက် စိုးမိုးထားနိုင်ခဲ့ပါတယ်..။ နောက်ထပ် အခွင့်အရေးကောင်း တစ်ကြိမ်၊ နှစ်ကြိမ်လောက် ရခဲ့ပါသေးတယ်..။ တကယ်လို့ ၂- ၀ သာ ဖြစ်သွားခဲ့မယ်ဆိုရင် ပွဲရဲ့အဖြေဟာ လုံးဝပြောင်းလဲသွားနိုင်ပါတယ်..။
အဲဒီလိုအနေအထားကနေ သူတို့ချေပဂိုးရသွားခဲ့တယ်..။ တကယ်တော့ ကိုယ့်ကြမ္မာကို ဖန်တီးခဲ့တယ်လို့ပဲ ပြောရမှာပါ..။ ပထမပိုင်းအပြီးမှာ ၂ဂိုး - ၁ဂိုးနဲ့ ရှုံးနေခဲ့ပြီး ကျွန်တော်တို့အတွက် အတော်လေးကို ခက်ခဲသွားပါတယ်..။ ပွဲအပြီး ကျွန်တော်တို့ ပြောနိုင်တာက ကစားပုံကောင်းပါတယ်..၊ ဒါပေမယ့် အနိုင်မရခဲ့ပါဘူး.. ဒါပဲပေါ့ဗျာ..။ ကျွန်တော်တို့ဟာ အဲဒီလိုမဖြစ်ချင်ပါဘူး..၊ ဒါပေမယ့်လည်း ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းတဲ့အခါမှာ အဲဒီလိုအခြေအနေတွေကိုလည်း ဖြတ်ကျော်ရမှာပါ..။
#FRANK