ပြင်သစ်ကွင်းလယ် ကစားသမား အန်ဂိုလို ကန်တေး ဆိုတာနဲ့ ‘ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အဖျက် ကစားသမား’ တစ်ယောက်..၊ သူဟာဘောလုံးလုယူတဲ့ နေရာမှာ တစ်ဘက်ကမ်းခတ် ကောင်းမွန်တယ်..၊ လုပ်အားနှုန်း အင်မတန် ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်အဖြစ် လူသိများပြီး မန်နေဂျာအများစုဟာ box to box ကွင်းလယ်ကစားသမား..၊ ဒါမှမဟုတ် ဘောလုံးဖျက်ထုတ်ဖို့ အဓိကထားတဲ့ ball winning ကွင်းလယ်ကစားသမားအဖြစ် သုံးစွ့ဲခဲ့တာများပါတယ်..။ ဒါပေမယ့် ဖရန့် လမ်းပတ် ကတော့ သူ့ကိုအသုံးပြုတဲ့ ပုံစံဟာ အရင်မန်နေဂျာတွေ သုံးစွဲခဲ့တဲ့ပုံစံနဲ့ အတော်လေး ကွာခြားနေပါတယ်..။
အင်္ဂါနေ့က လိုင်လီအသင်းနဲ့ ချန်ပီယံ လိဂ်ပွဲမှာဆိုရင် ကန်တေး ဟာ ခုနက box to box ကွင်းလယ် ကစားသမား..၊ ball winning ကွင်းလယ်ကစာသမား.. တာဝန်တွေအပြင် အကူတောင်ပံ ကစားသမား (auxiliary winger)..၊ ကွင်းလယ်ဖန်တီးရှင် (playmaker) စတာတွေအပြင် နောက်ချန်တိုက်စစ်မှူး.. စသဖြင့် တစ်ကွင်းလုံးအနှံ့ ရွှေ့လျား၊ လှုပ်ရှားနေပါတယ်..။ အတိုချုပ်ပြီး တစ်လုံးတည်း ပြောရမယ်ဆိုရင် အဲဒီနေ့ကပွဲ၊ ကွင်းထဲက ကစားသမားတွေထဲမှာ ‘အကောင်းဆုံး ကစားသမား’ ပါပဲ..။
ဖရန့် လမ်းပတ် အရင်က မော်ရစ်စ်ဇီယို ဆာရီ ဟာ ကန်တေး ကို သူ့ရဲ့အားအသာဆုံး နေရာဖြစ်တဲ့ ကွင်းလယ်အဖျက် ကစားသမား (holding midfielder) အဖြစ် အသုံးမပြုပဲ ညာတောင်ပံ ကွင်းလယ် ကစားသမားအဖြစ် နေရာချထားခဲ့တဲ့အပေါ် အဝေဖန်ခံခဲ့ရပါတယ်..။ ဒါ့ကြောင့်အခု ဖရန့် လမ်းပတ် လက်ထက်မှာ ကန်တေး ကို နေရာချထားခဲ့တဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် ဆာရီ ရဲ့ တွေးခေါ်ပုံဟာ မှန်ကန်ခဲ့ပုံ ရပါတယ်..။ အထူးသဖြင့် ဖရန့် ဟာ ကွင်းလယ်ကစားသမား နှစ်ယောက်ထားရှိပြီး ကစားခဲ့တောင်မှ ကန်တေး ရဲ့ အခန်းကဏ္ဍကို ခံစစ်ပိုင်း ကူညီဖို့..၊ ဘောလုံးဖျက်ထုတ်ဖို့သက်သက်ပဲ ကစားစေဖို့ စိတ်ဝင်စားခဲ့ပုံ မရပါဘူး..။ ဖရန့် ရဲ့ အယူအဆကတော့ ရှင်းပါတယ်..။ ကန်တေး ဟာ တစ်ကွင်းလုံးအနှံ့ လှုပ်ရှားပြေးလွှားနိုင်တဲ့သူ ဖြစ်နေတဲ့အတွက် သူ့ကိုဘာကြောင့် ဧရိယာသေးသေးလေးထဲမှာပဲ လှုပ်ရှားခိုင်းပြီး ထိန်းချုပ်ထားရမှာလဲ..? ဆိုတဲ့သဘော ဖြစ်ပါတယ်..။
ကန်တေး ရဲ့ မကုန်မခမ်းနိုင်တဲ့ စွမ်းအားနဲ့ လုပ်အားနှုန်းဟာ လုပ်အားနှုန်းနည်းပါးပြီး ဖန်တီးမှုပိုင်းကို ပိုမိုအားသန်တဲ့ ကွင်းလယ်ဖန်တီးရှင်မျိုးကို လိုက်ဖက်ညီအောင် တွဲဖက်ပေးနိုင်ဖို့ အခွင့်အရေး ရစေပါတယ်..။ ဒါ့ကြောင့်လည်း လက်စ်တာ အသင်းမှာတုန်းက ဒယ်နီ ဒရင့်ခ်ဝါးတား..၊ ကွန်တီ လက်ထက်တုန်းက ဆက်စ် ဖာဘရီဂတ်စ် တို့ဟာ ကန်တေး ရဲ့ အစွမ်းနဲ့ အထူးတောက်ပြောင်ခဲ့သလို ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းမှာ ပေါလ် ပေါ့ဘာ ဟာလည်း ကန်တေး ရဲ့ ခံစစ်ပိုင်း ကူညီနိုင်မှုနဲ့ လုပ်အားနှုန်းကြောင့် တိုက်စစ်ပိုင်းကိုပဲ အထူးအာရုံစိုက်နိုင်ခဲ့ပါတယ်..။
အခုနှစ်ဘောလုံးရာသီမှာ ဖရန့် လမ်းပတ် ဟာ ၄- ၂- ၃- ၁ ကစားကွက်နဲ့ ၄- ၃- ၃ ကစားကွက်ကို သုံးစွဲတာများပါတယ်.။ ၄- ၂- ၃- ၁ ကစားကွက်မှာဆိုရင် ကန်တေး ဟာ ဂျော်ဂင်ဟို ဒါမှမဟုတ် ကိုဗာဆစ် တို့နဲ့အတူ တွဲဖက်ပြီး ကွင်းလယ်အထိုင် ကစားနိုင်သလို ၄- ၃- ၃ ကစားကွက်မှာဆိုရင်တော့ သူဟာ တိုက်စစ်ပိုင်းကို ပိုမိုလိုက်ပါတဲ့ ကွင်းလယ်ကစားသမားအဖြစ် တာဝန်ယူရပါတယ်..။ ဒါပေမယ့် အခုနောက်ပိုင်း ပွဲစဉ်တွေမှာ လမ်းပတ် ဟာ သူ့ရဲ့ကွင်းလယ်ကစားသမားတွေကို လွတ်လွတ်လပ်လပ် ရွှေ့လျားနိုင်တဲ့ free role ကစားသမားတွေအဖြစ် နေရာစုံ ရွှေ့လျားကစားခိုင်းပါတယ်..။ အဲဒီလို free role ကစားသမားတွေအဖြစ် နေရာစုံ လိုက်လံအားဖြည့်စေတဲ့ ရည်ရွယ်ချက်က ကွင်းရဲ့ဇုန်တိုင်းမှာ လူအင်အား အသာစီးရယူပြီး ဘောလုံးပိုင်ဆိုင်မှု ထိန်းထားနိုင်ဖို့..၊ ကစားသမားတွေအတွက် ပေးပို့နိုင်မယ့်လမ်းကြောင်း (passing lanes) တွေ ဖွင့်ပေးနိုင်ဖို့ ဖြစ်ပါတယ်..။
လိုင်လီအသင်းနဲ့ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာဆိုရင် ကန်တေး ကို ညာအစွန် ကွင်းလယ်ကစားသမားအဖြစ် စာရင်းပေးထားခဲ့ပါတယ်..။ ဒါပေမယ့် တကယ်လည်း ပွဲစရော လေးမိနစ်မှာတင် သူဟာဘယ်တောင်ပံ ကွင်းလယ်ကစားသမားအဖြစ် အီမာဆန် ကို ကူပေးနေတာကို ပူးတွဲပုံ (ပုံ -၁) မှာ တွေ့ရှိနိုင်ပါတယ်..။ နောက်ထပ် နှစ်မိနစ်လောက်လည်းကြာရော သူဟာညာအစွန်မှာ တောင်ပံကစားသမားအဖြစ် ရောက်ရှိသွားပြန်တာကို အောက်က ပူးတွဲပုံ (ပုံ -၂) မှာ တွှေုနိုင်မှာပါ..။
နောက်ထပ်စက္ကန့် (၃၀) လောက်လည်းကြာရော သူဟာဘယ်တောင်ပံ တိုက်စစ်ကစားသမားရဲ့ နေရာကို ရောက်ရှိနေပြန်ပါတယ်..။ ဒါ့အပြင် လိုင်လီအသင်းနဲ့ပွဲမှာ ဖရန့် လမ်းပတ် ရဲ့ ကွင်းလယ်ကစားသမား သုံးယောက်အနက် သူဟာတိုက်စစ်ကို လိုက်ပါမှုအများဆုံးပါပဲ..။ သူ့ရဲ့တစ်ကွင်းလုံးအနှံ့ ရွေ့လျားကစားပုံကို ပူးတွဲပုံ (ပုံ -၃) မှာ ပြထားတဲ့ touch map မှာ တွေ့နိုင်ပါတယ်..။
အဲဒီပူးတွဲပုံ (ပုံ -၃) မှာဆိုရင် ဆာရီ ရဲ့လက်ထက် ကန်တီ ရဲ့ touch map နဲ့ ဖရန့် လမ်းပတ် ရဲ့ လက်ထက်မှာ အန်ဂိုလို ကန်တေး ရဲ့ touch map တွေကို နှိုင်းယှဉ်ပြထားပါတယ်..။ အဲဒီပုံနှစ်ခုမှာဆိုရင် အရင်နှစ်တုန်းက ဆာရီ ဟာ ကန်တေး ကို ကွင်းလယ်ညာဘက်ခြမ်းမှာသာ အများဆုံး နေရာယူတာ များပေမယ့် လမ်းပတ် ရဲ့ လက်ထက်မှာတော့ တစ်ကွင်းလုံးအနှံ့ ရွှေ့လျားလှုပ်ရှားမှုတွေ ပိုမိုများပြားလာခဲ့တာကို တွေ့ရမှာပါ..။ ကန်တေး ကို တိုက်စစ်ပိုင်းမှာ ပိုမိုလိုက်ပါခိုင်းတာကြောင့် တိုက်စစ်ပိုင်းမှာ ပိုမိုအားကောင်းလာစေမှာ ဖြစ်ပေမယ့် ခံစစ်ကူညီတဲ့အပိုင်းနဲ့ ကွင်းလယ်ခံစစ်ပိုင်းမှာ အားနည်းသွားနိုင်တဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားထားရမှာ ဖြစ်ပါတယ်..။
လမ်းပတ်အနေနဲ့ သူ့ရဲ့အသင်းက ကစားသမားတွေကို ကစားနည်းစနစ်တစ်ခုအတွင်းမှာ အသားသေနေအောင် ပုံစံသွင်းထားတဲ့ အခြေအနေမျိုး မဖြစ်လိုပဲ သူတို့ရဲ့ကိုယ်ပိုင် အရည်အချင်းအလိုက် အစွမ်းကုန် ပွင့်လန်းနိုင်အောင် လွတ်လွတ်လပ်လပ် ရွေ့လျားကစားစေခဲ့ပါတယ်..။ သူ့အနေနဲ့ ကစားသမားတွေကို တောင်းဆိုခဲ့တာကတော့ အသင်းအတွက် ကစားနေတဲ့အချိန်တိုင်းမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်..။ အန်ဂိုလို ကန်တေး ဟာ ပြီးခဲ့တဲ့ လိုင်လီအသင်းနဲ့ပွဲစဉ်မှာ အမှားအယွင်း လုံးဝမရှိခဲ့ဘူးလို့ ပြောနိုင်ပါတယ်..။ တခါတရံမှာ သူ့ရဲ့ဆုံးဖြတ်ချက် မှားယွင်းသွားခဲ့တယ်ဆိုရင်တောင် သူ့ရဲ့အမြန်နှုန်း၊ လုပ်အားနှုန်းနဲ့ ဘောလုံးကို အကောင်းဆုံး လုယူနိုင်တဲ့ သူမတူတဲ့ စွမ်းရည်တွေကြောင့် အဲဒီအမှားတွေကို ပြန်လည်ပြီး အဖတ်ဆယ်နိုင်ခဲ့တာပါပဲ..။
ဒါ့အပြင်သူဟာ အသင်းအတွက် အရေးပါတဲ့ အဆုံးအဖြတ် အခိုက်အတန့်တွေအတွက် လိုအပ်တဲ့ နေရာကိုလည်း အချိန်ကိုက် ရောက်ရှိပေးနိုင်သူ ဖြစ်ပါတယ်..။ လိုင်လီအသင်းနဲ့ပွဲမှာဆိုရင် ကန်တေး ဟာ အသင်းရဲ့ အဖွင့်ဂိုးရရှိအောင် အစပျိုးခဲ့သူလည်း ဖြစ်ပါတယ်..။ ကန်တေး ဟာ ကွင်းလယ်မှာတင် ဘူဘာကာရီ ဆိုမာရေး ဆီကနေ ဘောလုံးအရယူပြီး ဝီလီယံ ဆီကို ဖြန့်ပေးခဲ့ပါတယ်..။ ဒါပေမယ့် သူဟာ ကွင်းလယ်ဇုန်မှာတင် ရပ်မနေပဲ တိုက်စစ်ဇုန်ကို ဘောလုံးရောက်ရှိလာရင် အသင့်ဖြစ်အောင် ရှေ့တက်ပြီး နေရာယူပေးခဲ့တာကို ပူးတွဲပုံ (ပုံ -၄) မှာ တွေ့နိုင်ပါတယ်..။ ကွင်းလယ်မှာ အသင့်ရှိနေတဲ့ ကိုဗာဆစ် ဟာ ကန်တေး ရဲ့ နေရာယူထားမှုကို သတိပြုမိပြီး သူ့ရဲ့ပြေးလမ်းထဲကို အတိအကျ ချပေးခဲ့ပါတယ်..။ ပြင်သစ်ကွင်းလယ် ကစားသမားဟာ အဲဒီဘောလုံးကို အရယူပြီး နောက်ကပြေးတက်လာတဲ့ ပူလီဆစ် ရဲ့ ပြေးလမ်းကြောင်းထဲကို ချပေးခဲ့ပါတယ်..။ ပူလီဆစ် ဟာ သူချပေးခဲ့တဲ့ ဘောလုံးကနေ ညာတောင်ပံမှာ ရှိနေတဲ့ ဝီလီယံ ဆီကို ပေးပို့တယ်..၊ ဝီလီယံ က နောက်ခံလူကို ကျော်ဖြတ်ပြီး အသင့်နေရာယူထားတဲ့ တန်မီ အေဘရာဟမ် ဆီကို အတိအကျ ဖြတ်တင်ပေးပို့ခဲံပါတယ်..။ အဲဒီသွင်းဂိုးမှာဆိုရင် ကန်တေး ရဲ့ ဖန်တီးပေးမှုအပေါ် ဂိုးဖန်တီးပေးမှု (assist) ဒါမှမဟုတ် အရေးပါတဲ့ ပေးပို့မှု (key pass) အဖြစ် သတ်မှတ်ခြင်း မခံခဲ့ရပေမယ့်လည်း အဲဒီအဖွင့်ဂိုးမှာ ကန်တေး ရဲ့ လှုပ်ရှားပေးမှု၊ ဖန်တီးပေးမှုဟာ အခရာကျခဲ့တာ အသေအချာပါပဲ..။
အဲဒီအဖွင့်ဂိုးမှာ ညာတောင်ပံကနေ ချိန်သားကိုက် ဖြတ်ပြေးသွားခဲ့တဲ့ ကန်တေး ရဲ့ နေရာယူမှုဟာ အခုနျစ်ဘောလုံးရာသီ၊ မန်ချက်စတာ စီးတီးအသင်းနဲ့ ပွဲစဉ်မှာ သူသွင်းယူပေးခဲ့တဲ့ အဖွင့်ဂိုးမှာ နေရာယူခဲ့တဲ့ ပုံစံမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ..။ တကယ်တော့ လူအများစုရဲ့ စိတ်ထဲမှာ ‘ကန်တေး’ ဆိုတာနဲ့ ကွင်းလယ်အဖျက် ကစားသမားဆိုတဲ့ အစွဲမျိုး ရှိနေတာကြောင့် တိုက်စစ်မှူးတွေရဲ့နောက်ကွယ်ကနေ တိတ်တဆိတ် ရွေ့လျားတတ်တဲ့ ကန်တေး ရဲ့ နေရာယူမှုတွေကို သတိမပြုမိခဲ့တာ များပါတယ်..။
ဒါ့အပြင်သူဟာ ပြိုင်ဘက်လိုင်လီ ကစားသမားတွေဆီကနေ (၉) ကြိမ် ဘောလုံးလုယူနိုင်ခဲ့ပြီး (recoveries) ချယ်လ်ဆီးကစားသမားတွေထဲမှာ ဘောလုံးကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်တဲ့သူ ဖြစ်ခဲ့ပါတယ်..။ အဲဒီအချက်အလက်မှတ်တမ်းအရ လိုင်လီအသင်းနဲ့ ပွဲစဉ်အတွင်း ချယ်လ်ဆီးကစားသမားတွေအနက် recoveries အများဆုံး ပြန်လည်ရယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့သလို ဘောလုံးဖျက်ထုတ်မှု (tackles) လေးကြိမ်..၊ ပြိုင်ဘက်ကွင်းဘက်မှာ ပေးပို့မှု (passes) (၅၃) ကြိမ်စီ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ သူဟာဘောလုံးပေးပို့မှု တိကျတဲ့ရာခိုင်နှုန်း (pass accuracy) မှာ (၈၆%) အထိ ရှိခဲ့ပြီး ချယ်လ်ဆီးကစားသမာတွေထဲမှာ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်..။
ဒါ့ကြောင့်အန်ဂိုလို ကန်တေး ဟာ ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံး ကွင်းလယ်အဖျက် ကစားသမားတစ်ယောက် ဖြစ်ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ တိုက်စစ်ပိုင်းမှာလည်း အသင်းတွက် အတူးအားကိုးနေရသူ ဖြစ်ပါတယ်..။ လိုင်လီအသင်းနဲ့ပွဲရဲ့ မိနစ် (၉၀) ပြည့်ခါနီးအချိန်ထိတောင် သူဟာ ၂ဂိုး - ၁ဂိုးနဲ့ ဦးဆောင်နေနိုင်တာတောင် ခံစစ်ပိုင်းမှာ ကူညီပေးဖို့ အာရုံမစိုက်နိုင်ပဲ တိုက်စစ်ဇုန်အထိ အတင်းလိုက် ဖိအားပေးနိုင်ဖို့..၊ အသင်းရဲ့ လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်ပေးနိုင်မယ့် ကွင်းလယ်ကစားသမား တစ်ယောက် (auxiliary midfielder) နေနဲ့ အားဖြည့်ပေးနိုင်ဖို့..၊ တစ်ကွင်းလုံးအနှံ့ ဘောလုံးကို မရရအောင် လိုက်လံဆယ်ယူ၊ လုယူနိုင်ဖို့ စွမ်းအင်တွေ ပြည့်စုံနေတုန်းပါပဲ..(ပူးတွဲ ပုံ -၅)။
နောက်ဆုံးအနေနဲ့ ခြုံငုံပြီး ပြောရမယ်ဆိုရင် ဖရန့် လမ်းပတ် ရဲ့ လက်ထက်မှာ အသင်းသားတွေရဲ့ ပင်ကိုစွမ်းရည်တွေ အစွမ်းကုန် ပွင့်လန်းလာနိုင်ဖို့ ကစားသမားတွေကို လွတ်လွတ်လပ်လပ် ကစားစေပြီး အစွမ်းကုန် မြေတောင်မြှောက်..၊ ပံ့ပိုးပေးခဲ့ပါတယ်..။ အထူးသဖြင့် အန်ဂိုလို ကန်တေး ဟာ ဒဏ်ရာကြောင့် ရာသီအစပိုင်း ကာလတွေကို လွဲချော်ခဲ့ရပေမယ့် အခုအချိန်မှာတော့ ဖရန့် လမ်းပတ် ရဲ့ ကစားကွက်၊ ပြောင်းလဲမှုတွေနဲ့အတူ သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ပြသနေနိုင်ပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါတယ်..။
#FRANK
(The Telegraph မှ ဆောင်းပါးရှင် J.J. Bull ၏ “N'Golo Kante is reveling in attacking freedom afforded by Frank Lampard's Chelsea tactics” ဆောင်းပါးကို ပြန်ဆိုပါသည်..။)