feature-image

တီမို ဝါနာ..၊ ဂျာဒွန် ဆန်ချို နှင့် ယနေ့ချယ်လ်ဆီးအသင်း အပြောင်းအရွှေ့ သတင်းများ

ယခုဖွင့်လှစ်လိုက်ပြီဖြစ်သော ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ချယ်လ်ဆီးအသင်း၏ တိုက်စစ်ပိုင်း အားဖြည့်ရန် ရေပန်းအစားဆုံး ပစ်မှတ်နှစ်ခုမှာ ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် RB လိုက်ပ်ဇစ် အသင်းမှ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဝါနာ နှင့် ဘိုရုရှား ဒေါ့မွန်အသင်းမှ အင်္ဂလန်လူငယ် တောင်ပံ ကစားသမား ဂျာဒွန် ဆန်ချို တို့နှစ်ဦး ဖြစ်နေခဲ့သည်..။ သို့သော် လက်ရှိအခြေအနေများအရ ချယ်လ်ဆီးအသင်းမှာ အဆိုပါ ကစားသမားနှစ်ဦးကို ခေါ်ယူနိုင်ရန်အတွက် အနည်းဆုံး လာမည့်နွေရာသီ အပြောင်းအရွှေ့ ကာလအထိ စောင့်ဆိုင်းရဖွယ် ရှိနေသည်ဟု Goal.com သတင်းဌာနက ဖော်ပြခဲ့သည်..။

ဂျာဒွန် ဆန်ချို မှာ ဒေါ့မွန်အသင်းနှင့် ကာလရှည် စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ဒေါ့မွန်အသင်း တာဝန်ရှိပုဂ္ဂိုလ်များက သူ့အားအနည်းဆုံး လာမည့်နွေရာသီအထိ ဆက်လက်ထိန်းသိမ်း ထားလိုသည့်ဆန္ဒ ရှိနေကြောင်းသိရသည်..။

တိုက်စစ်မှူး တီမို ဝါနာ မှာလည်း လက်ရှိ RB လိုက်ပ်ဇစ်အသင်းတွင် ခြေစွမ်းပြလျှက်ရှိပြီး ပထမရာသီဝက်အတွင်း (၁၈) ဂိုး သွင်းယူထားနိုင်ခဲ့သည်..။ ထို့အပြင် လိုက်ပ်ဇစ်အသင်းမှာ ယခုနှစ် ဘွန်ဒက်စ်လီဂါ အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံအိပ်မက်မက်ခွင့် ရနေသလို သူ့အနေဖြင့် လာမည့်ယူရိုပြိုင်ပွဲတွင် ဂျာမနီလက်ရွေးစင်အသင်းအတွင် ပါဝင်ခွင့်ရနိုင်ရန်အတွက် အလားအလာကောင်းများကို ဆက်လက်ထိန်းသိမ်းထားလိုသောကြောင့် အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများကို ယူရို ၂၀၂၀ ပြိုင်ပွဲပြီးဆုံးမှသာ ပြုလုပ်လိုနေသည်ဟု သတင်းများက ဖော်ပြခဲ့သည်..။ ဝါနာ ၏ လိုက်ပ်ဇစ်အသင်းနှင့် စာချုပ်တွင် စာချုပ်ဖျက်သိမ်းခွင့် (release clause) ပါရှိသော်လည်း သူ့အနေဖြင့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း ရရှိလာသည့် ကမ်းလှမ်းမှုများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်..။



ချယ်လ်ဆီးအသင်းမှာ ပြင်သစ်လီဂူးပြိုင်ပွဲဝင် လိုင်ယွန်အသင်းမှ အသက် (၂၃) နှစ်အရွယ် ပြင်သစ်လူငယ် တိုက်စစ်မှူး မူဆာ ဒမ်ဘယ်လီ အား ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၄) သန်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း မနေ့ကသတင်းများတွင် ဖော်ပြခဲ့ကြသည်..။ ဒမ်ဘယ်လီ မှာ ယခုနှစ်ဘောလုံးရာသီတွင် လိုင်ယွန်အသင်းနှင့် အမှတ်ပေးပွဲစဉ် (၁၈) ပွဲအတွင်း (၁၀) ဂိုး သွင်းယူထားပြီး ယခုလိုသတင်းများ ထွက်ပေါ်လာချိန်တွင် သူ့အားအသင်းမှ လုံးဝရောင်းချလိမ့်မည် မဟုတ်ကြောင်း တရားဝင် ကြေငြာချက်ကို မနေ့က ထုတ်ပြန်ကြေငြာခဲ့သည်..။

ခရစ်စ်တယ် ပဲလေ့စ်အသင်းကလည်း အိုင်ဗရီကို့စ် တောင်ပံကစားသမား ဝီလ်ဖရိုက်ဒ် ဇာဟာ အား ပြောင်းရွှေ့ကြေး အနည်းဆုံးပေါင်သန်း (၈၀) ရရှိမှသာ လက်လွှတ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်..။

ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် နှင့် စပိန်တောင်ပံကစားသမား ပီဒရို တို့မှာ ယခုအပြောင်းအရွှေ့ ကာလအတွင်း အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေသောကြောင့် နည်းပြဖရန့် လမ်းပတ် အနေဖြင့် သူ၏တိုက်စစ်ပိုင်းကို အားဖြည့်နိုင်ရန် အထက်ဖော်ပြပါ ကစားသမားများအပြင် ဗီလာရီးရဲလ်အသင်းမှ နိုက်ဂျီးရီးယား တိုက်စစ်မှူး ဆယ်မြူရယ် ချပ်ဝူးဇီ နှင့် CSKA မော်စကိုအသင်းမှ ဖီရိုဒါ ချာလော့ဗ် တို့ကိုလည်း စောင့်ကြည့်လျှက်ရှိကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်..။

ယခုနှစ်ချယ်လ်ဆီးအသင်းတွင် ပုံမှန်နေရာပျောက်ဆုံးနေသည့် ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် အား နည်းပြဟောင်း အန်တိုနီယို ကွန်တီ ကိုင်တွယ်နေသော အင်တာ မီလန်အသင်း အပါအဝင် ပြင်သစ်လီဂူး ပြိုင်ပွဲမှ လိုင်ယွန် နှင့် ဘော်ဒိုးအသင်းများက ခေါ်ယူလိုနေကြောင်း သိရသည်..။

ပီဒရို အား အမေရိကန် ပြည်ထောင်စု MLS ပြိုင်ပွဲဝင် နယူးယောက်ခ် စီးတီး နှင့် နာမည်ကျော် ကစားသမားဟောင်း ဒေးဗစ် ဘက်ဟမ် ပူးတွဲပိုင်ဆိုင်သော အင်တာ မိုင်ယာမီ အသင်းတို့က ခေါ်ယူနိုင်ရန် စိတ်ဝင်စားလျှက်ရှိသည်ဟု သိရသည်..။ ပီဒရို နှင့် ဂျီရူးဒ် တို့မှာ ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ခြောက်လသာ ကျန်ရှိနေသူများဖြစ်ကြသည်..။

ထိုသို့တိုက်စစ်မှူးများအပြင် ချယ်လ်ဆီးအသင်းမှာ ၂၀၁၇ ခုနှစ်က ဘုန်းမောက်အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၂၀) ဖြင့် ရောင်းချခဲ့သည့် နောက်ခံလူ နေသန် အက်ကီ အား စတာလင်ပေါင်သန်း (၄၀) ဖြင့် ပြန်လည်ဝယ်ယူခွင့် (buy back clause) ရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြကြသည်..။ သို့သော်ဒတ်ချ်နောက်ခံလူမှာ လက်ရှိအချိန်တွင် ပေါင်တွင်းကြော ဒဏ်ရာဖြင့် အနားယူနေရသည်..။



အီတလီ စီးရီအေပြိုင်ပွဲဝင် အင်တာ မီလန်အသင်းမှာ စပိန်ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို အား ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ချယ်လ်ဆီးအသင်းက တောင်းဆိုသည့် ပြောင်းရွှေ့ကြေး ယူရို (၃၅) သန်းကို ပေးချေလိုနေခြင်း မရှိသောကြောင့် ဒုတိယရာသီဝက်တွင် အဌားခေါ်ယူပြီး အပြီးသတ် ဝယ်ယူခွင့် (option to buy) ဖြင့် ခေါ်ယူရန်သာ ဆန္ဒရှိနေကြောင်း သိရသည်..။

ယခုနှစ်ရာသီတွင် အသင်းကြီးပွဲထွက်ခွင့်ရခဲ့သည့် အကယ်ဒမီ လူငယ်နောက်ခံလူ မာ့ခ် ဂူဟီ အား ပရီးမီးယားလိဂ်နှင့် ချန်ပီယံရှစ်အသင်းများက အဌားခေါ်ယူနိုင်ရန် စိတ်ဝင်စားနေသော်လည်း လူငယ်နောက်ခံလူမှာ ယခုနှစ် ဇန်နဝါရီကာလတွင် အသင်းမှ ထွက်ခွာလိုနေခြင်း မရှိသေးကြောင်း သတင်းများက ဖော်ပြနေကြသည်..။ ထို့အပြင် ဘန်လေအသင်းနှင့် ယခုလာမည့် ဇန်နဝါရီ (၅) ရက်နေ့တွင် အဌားစာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ကွင်းလယ်ကစားသမား ဒယ်နီ ဒရင့်ခ်ဝါးတား အား အက်စ်တွန် ဗီလာအသင်းက ဒုတိယ ရာသီဝက်တွင် အဌားခေါ်ယူနိုင်ရန် စိတ်ဝင်စားနေကြောင်း သိရသည်..။