feature-image

ဂျာဒွန် ဆန်ချို..၊ ဝီးလ်ဖရိုက်ဒ် ဇာဟာ နှင့် ယနေ့ချယ်လ်ဆီးအသင်း အပြောင်းအရွှေ့ သတင်းများ

ချယ်လ်ဆီးအသင်းမှာ ဘိုရုရှား ဒေါ့မွန်အသင်းမှ အင်္ဂလန်လူငယ် တောင်ပံကစားသမား ဂျာဒွန် ဆန်ချို အား ခေါ်ယူနိုင်ရန် စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း အသက် (၁၉) နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမားအတွက် ဒေါ့မွန်အသင်း တောင်းဆိုခဲ့သော ပြောင်းရွှေ့ကြေးကြောင့် ဆက်လက်ကမ်းလှမ်းမှု ပြုလုပ်ဖွယ်ရာ မရှိတော့ကြောင်း The Express သတင်းဌာနက ဖော်ပြခဲ့သည်..။ ကစားသမား အပြောင်းအရွှေ့ သတင်းထောက် အီယန် မက်ခ်ဂယ်ရီ ၏ ဖော်ပြချက်အရ ဆန်ချို အတွက် ဒေါ့မွန်အသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၀၃) သန်း နှင့် အေးဂျင့်ကြေး စတာလင်ပေါင် (၄၂.၆) သန်း ကုန်ကျဖွယ် ရှိနေသောကြောင့် ချယ်လ်ဆီးအသင်းမှာ ရှေ့ဆက်လက် ခြေလှမ်းတိုးရန် အစီအစဉ် ရှိတော့မည်မဟုတ်ဟု ယူဆကြောင်း ပြောကြားခဲ့သည်..။

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလက ဘန်လေအသင်းသို့ အဌားသွားရောက်ခဲ့သည့် အင်္ဂလန်ကွင်းလယ်ကစားသမား ဒယ်နီ ဒရင့်ခ်ဝါးတား မှာ ဇန်နဝါရီလ (၅) ရက်နေ့ စာချုပ်သက်တမ်းကုန်ချိန်တွင် ချယ်လ်ဆီးအသင်းသို့ ပြန်လည်ရောက်ရှိတော့မည်ဖြစ်ကြောင်း ဘန်လေအသင်းက အတည်ပြု ကြေငြာခဲ့သည်..။ ဒရင့်ခ်ဝါးတား မှာ ဘန်လေအသင်းနှင့် အဌားခြောက်လတာ ကာလအတွင်း ကစားချိန် (၅၉) မိနစ်သာ ကစားခွင့် ရရှိခဲ့သည့်အပြင် လက်စ်တာ ကွင်းလယ်ကစားသမားဟောင်းမှာ ဖရန့် လမ်းပတ် ၏ အနာဂတ် အစီအစဉ်များတွင် ပါဝင်မည်မဟုတ်ပေ..။ သို့သော် အက်စ်တွန် ဗီလာအသင်းကမူ ဒဏ်ရာကြောင့် သုံးလခန့် အနားယူရတော့မည့် ကွင်းလယ်ကစားသမား ဂျွန် မက်ဂင်း ၏ နေရာကို အစားထိုးနိုင်ရန်အတွက် အသက် (၂၉) နှစ်အရွယ် ကွင်းလယ်ကစားသမားအား အဌားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်..။



ဒယ်နီ ဒရင့်ခ်ဝါးတား အပြင် ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် ဖော်ကျူနာ ဒူဆယ်လ်ဒေါ့ဖ် အသင်းသို့ အဌားရောက်ရှိနေသော ကွင်းလယ်ကစားသမား လူးဝစ်စ် ဘေကာ မှာ ချယ်လ်ဆီးအသင်းသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်..။ ဖူးလ်ဟမ်းအသင်းသို့ ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ ကာလက မပြီးပြတ်ခဲ့သည့် ဂျမေကာ နောက်ခံလူ မိုက်ကယ် ဟက်တာ မှာ အပြီးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြု ကြေငြာခဲ့သည်..။

ပေါ်တူဂီမှ ဖော်ပြသော သတင်းများအရ ချယ်လ်ဆီးအသင်းမှာ ဘယ်နောက်ခံလူနေရာအတွက် ပေါ်တိုအသင်းမှ အဲလက်စ် တဲလက်စ် နှင့် အိုင်းယက်စ်အသင်းမှ အာဂျင်တီးနား လက်ရွေးစင် ဘယ်နောက်ခံလူ နီကိုလက်စ် တာဂလီရာဖီကို တို့အား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်..။ နည်းပြဖရန့် လမ်းပတ် အနေဖြင့် လက်စ်တာအသင်းမှ အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံလူ ဘင် ချီးဝဲလ် အား အား ပထမဦးစားပေးပစ်မှတ်အဖြစ် ခေါ်ယူနိုင်ရန် စိတ်ဝင်စားနေသော်လည်း လက်စ်တာအသင်းမှ လက်လွှတ်နိုင်ဖွယ် မရှိသောကြောင့် ယခုလို အစားထိုးခေါ်ယူနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း A Bola သတင်းဌာနက ဖော်ပြခဲ့သည်..။



ထို့အပြင် တော့တင်ဟမ် အသင်းမှာ ဘရာဇီးလ် တောင်ပံကစားသမား ဝီလီယံ ၏ ကိုယ်စားလှယ်များနှင့် ဆက်သွယ်ပြီး ယခုဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ခေါ်ယူခွင့်ရနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်..။ အသက် (၃၁) နှစ်အရွယ် တောင်ပံကစားသမားမှာ လာမည့်နွေရာသီတွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သလို ဟိုဆေး မော်ရင်ဟို ၏ လက်အောက်တွင် ပြန်လည်ကစားခွင့်ရရှိမည့် အခွင့်အရေးမှာ ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းသစ် ချုပ်ဆိုနိုင်ရန် သဘောတူညီမှု မရရှိပဲဖြစ်နေသည့် ဝီလီယံ အား ဆွဲဆောင်နိုင်မည့် အချက်တစ်ခု ဖြစ်လာနိုင်သည်ဟု တော့တင်ဟမ်အသင်း တာဝန်ရှိပုဂ္ဂိုလ်များက ယူဆနေကြသည်.။

အိုင်ဗရီကို့စ် တောင်ပံကစားသမား ဝီလ်ဖရိုက်ဒ် ဇာဟာ မှာ အေးဂျင့်အပြောင်းအလဲ ပြုလုပ်လိုက်ပြီဖြစ်ပြီး ယခုဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း ခရစ်စ်တယ် ပဲလေ့စ်အသင်းမှ ပြောင်းရွှေ့နိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု မှန်းဆနေကြသည်..။ ဇာဟာ မှာ နာမည်ကြီး အေးဂျင့်တစ်ဦးဖြစ်သူ ပီနီ ဇာဟာဗီ နှင့် လက်တွဲလိုက်ပြီဖြစ်ပြီး ဇာဟာဗီ မှာ မစ္စတာ အေဗရာမိုဗစ်ချ် နှင့် နီးစပ်သူဖြစ်သောကြောင့် ဇာဟာ အနေဖြင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့နိုင်ရန် ခြေလှမ်းပြင်ဆင်ခြင်း ဖြစ်နိုင်သည်ဟု Daily Mail သတင်းဌာနက ခန့်မှန်းခဲ့သည်..။