မကြာသေးမီက ထုတ်ပြန်ခဲ့သော ချယ်လ်ဆီးအသင်း၏ ၂၀၁၈/၁၉ ဘောလုံးရာသီ ဘဏ္ဍာရေးရှင်းတမ်းအရ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် မှာ ယခုအချိန်ထိ စတန်းဖို့ဒ် ဘရစ်ချ်ပွဲစဉ်များသို့ တစ်ကြိမ်မှ လာရောက်နိုင်ခြင်းမရှိသေးသော်လည်း အသင်းအတွက် စတာလင်ပေါင် (၂၄၇) သန်း ဆက်လက်ရင်းနှီးမြုပ်နှံခဲ့ကြောင်း သိရသည်..။
အသင်းပိုင်ရှင် ရုရှသူဌေးကြီးမှာ လွန်ခဲ့သည့် (၁၈) လမှ စတင်ပြီး ဗီဇာအခက်အခဲကြောင့် ချယ်လ်ဆီးအသင်း၏ အိမ်ကွင်းပွဲစဉ်များသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့သလို စတာလင်ပေါင် တစ်ဘီလျံခန့် ကုန်ကျဖွယ်ရှိသည့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်း တိုးချဲ့ရန် စီမံကိန်းကိုလည်း ရပ်ဆိုင်းခဲ့သည်..။ သို့သော်အသင်းဥက္ကဌ ဘရူစ် ဘတ်ခ် က အေဘရာမိုဗစ်ချ် အနေဖြင့် အသင်းကို ရောင်းချရန် ပြင်ဆင်နေသည်ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့သလို အသင်းအပေါ် ဆက်လက်ယုံကြည်မှု ရှိနေဆဲဆိုသည့်အချက်ကို ပြသသည့်အနေဖြင့် မနှစ်က ဘောလုံးရာသီအတွင်း သူ၏ကိုယ်ပိုင် ကုမ္ပဏီတစ်ခုဖြစ်သော Fordstam Ltd မှတဆင့် စတာလင်ပေါင်သန်း (၁၈၀) ထည့်ဝင်ခဲ့သလို သူ၏စုစုပေါင်း ပံ့ပိုးငွေမှာ စတာလင်ပေါင် (၂၄၇) သန်းခန့် ရှိနိုင်သည်ဟု သိရသည်..။
၂၀၁၈/၁၉ ဘောလုံးရာသီ ဘဏ္ဍာရေး ရှင်းတမ်းအရ အသင်းမှာ အခွန်ဆောင်ပြီး စတာလင်ပေါင် (၉၆.၆) သန်း အရှုံးပေါ်ခဲ့သည်..။ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်လွဲချော်ခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲတွင်သာ ပါဝင်ခဲ့ရခြင်းကြောင့် ကွင်းဝင်ကြေးနှင့် ရုပ်/သံထုတ်လွှင့်ကြေးမှ ဝင်ငွေ အနည်းငယ် လျော့ကျခဲ့သည်..။ နည်းပြအန်တိုနီယို ကွန်တီ နှင့် နည်းပြအဖွဲ့ဝင်များကို ထုတ်ပယ်ခဲ့ခြင်းကြောင့် (တရားရုံးစရိတ် အပါအဝင်) စတာလင်ပေါင် (၂၆) သန်း ကုန်ကျခဲ့သလို ကစားသမားများနှင့် နည်းပြများအတွက် လစာကုန်ကျစရိတ် စတာလင်ပေါင်(၂၈၅) သန်း ကုန်ကျခဲ့ပြီး ယခင်နှစ်ထက် (၂၇%) ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်..။
အဆိုပါဘဏ္ဍာရေး ရှင်းတမ်းမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိသာ ပါဝင်ခဲ့သောကြောင့် အီဒင် ဟာဇက် အပါအဝင် ကစားသမား ခုနှစ်ဦးကို ရောင်းချခဲ့ခြင်းမှ ရရှိခဲ့သည့် အနည်းဆုံး စတာလင်ပေါင် (၁၁၅.၄) သန်း (ခန့်မှန်း) မှာ ပါဝင်ခဲ့ခြင်း မရှိသေးပေ..။