မကြာသေးမီက ထုတ်ပြန်ခဲ့သော ချယ်လ်ဆီးအသင်း၏ ၂၀၁၈/ ၁၉ ဘောလုံးရာသီ ဘဏ္ဍာရေးရှင်းတမ်းအရ အန်တိုနီယို ကွန်တီ နှင့် ခါးသီးခဲ့သောလမ်းခွဲမှုမှာ အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် နည်းပြတစ်ယောက်ကို ကြေးအကြီးဆုံးခဲ့ရသည့် ထုတ်ပယ်မှုတစ်ခု ဖြစ်ခဲ့သည်..။ အဆိုပါဘဏ္ဍာရေး ရှင်းတမ်းအရ ချယ်လ်ဆီးအသင်းမှာ အန်တိုနီယို ကွန်တီ နှင့် သူ၏နည်းပြအဖွဲ့ဝင်များကို စတာလင်ပေါင် (၂၆.၆) သန်း ပေးချေခဲ့ရပြီး ၂၀၀၇ ခုနှစ်က ဟိုဆေး မော်ရင်ဟို ကို ပထမအကြိမ် ထုတ်ပယ်ခဲ့စဉ်က ပေးချေခဲ့ရသော စတာလင်ပေါင် (၁၈) သန်း (နည်းပြအဖွဲ့ဝင်များအတွက် ပါဝင်ပါက စုစုပေါင်း စတာလင်ပေါင် ၂၃ သန်း) ထက် ကျော်လွန်ခဲ့သည်..။ ဟိုဆေး မော်ရင်ဟို မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက မန်ချက်စတာ ယူနိုက်တက်အသင်းမှ ထုတ်ပယ်ခံရချိန်တွင် စတာလင်ပေါင် (၁၉.၆) သန်း လျော်ကြေးရရှိခဲ့သည်..။
၂၀၁၈/ ၁၉ ဘောလုံးရာသီ ဘဏ္ဍာရေးနှစ်အတွင်း ချယ်လ်ဆီးအသင်းမှာ အန်တိုနီယို ကွန်တီ အပြင် နည်းပြ မော်ရစ်စ်ဇီယို ဆာရီ တာဝန်ယူခဲ့သည့် ကာလအတွင်း ကုန်ကျစရိတ်များပါ ပါဝင်ခဲ့သည်..။ သို့သော် အီတလီနည်းပြကြီးမှာ သူ၏ကိုယ်ပိုင် ရွေးချယ်မှုဖြင့် ဂျူဗင်တပ်စ်အသင်းကို ထွက်ခွာခဲ့သောကြောင့် ချယ်လ်ဆီးအသင်းအတွက် ငွေကြေးကုန်ကျမှု လုံးဝမရှိခဲ့ပေ..။
အန်တိုနီယို ကွန်တီ အပေါ် ပေးချေခဲ့ရမှု ပိုမိုများပြားခဲ့ရခြင်း အကြောင်းရင်းထဲတွင် ကွန်တီ ၏ ချယ်လ်ဆီးအသင်းဘက်သို့ တရားမျှတမှု မရှိပဲ ထုတ်ပယ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမှုအခင်း ရင်ဆိုင်ခဲ့ရချိန် တရားရုံး ကုန်ကျစရိတ် အပါအဝင် တရားရုံးက ချမှတ်ခဲ့သော နစ်နာကြေး အနည်းဆုံး စတာလင်ပေါင် (၁၀၀,၀၀၀) ခန့် ပါဝင်နိုင်သည့်အပြင် အဆိုပါဆုံးဖြတ်ချက်အပေါ် ချယ်လ်ဆီးအသင်းဘက်မှ ပရီးမီးယားလိဂ် မန်နေဂျာများအငြင်းပွားမှုများဆိုင်ရာ ခုံရုံး (Premier League managers’ arbitration tribunal) သို့ အယူခံတက်ရောက်ရာတွင် ကုန်ကျစရိတ်များလည်း ပါဝင်ခဲ့သည်..။
အဆိုပါ ခုံအဖွဲ့မှာ သီးခြားလွတ်လပ်သော ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကြားနာမှုများအပြီးတွင် ချယ်လ်ဆီးအသင်းအနေဖြင့် အန်တိုနီယို ကွန်တီ အား စာချုပ်ပါနောက်ဆုံးနှစ်အတွက် ရရှိသင့်သော စတာလင်ပေါင် (၉) သန်းကိုပါ ပေးချေရန်နှင့် နောက်ထပ်အလုပ်ရှာဖွေရန် နှောင့်နှေးကြန့်ကြာခဲ့ရသည့်အပေါ် နစ်နုာကြေး ထပ်မံပေးချေရန် ဆုံးဖြတ်ခဲ့သည်..။
၂၀၁၈/ ၁၉ ဘောလုံးရာသီ စတင်ချိန်တွင် အန်တိုနီယို ကွန်တီ မှာ ချယ်လ်ဆီးကစားသမားများနှင့်အတူ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်များကို ပြန်လည်စတင်ပြီး ရက်ပိုင်းအကြာ ဇူလိုင်လ (၁၃) ရက်နေ့တွင် ဥက္ကဌ ဘရုစ် ဘတ်ခ် က အသင်းမှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အသိပေးခဲ့သည်..။ ကွန်တီ မှာ ၂၀၁၉ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် အင်တာ မီလန်အသင်းနှင့် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်..။
ချယ်လ်ဆီးအသင်းမှာ ဟိုဆေး မော်ရင်ဟို ကို ပထမအကြိမ် ထုတ်ပယ်ခဲ့မှုနှင့် လူးဝစ်ဇ် ဖိလစ်ပီ စကိုလာရီ အား ထုတ်ပယ်ခဲ့မှုအပြီးတွင် မန်နေဂျာများ ထုတ်ပယ်ရာတွင် ကုန်ကျစရိတ် မများပြားစေရန် နည်းလမ်းများ ရှာကြံခဲ့သည်..။ ဘရာဇီးလ်နည်းပြ စကိုလာရီ အား ထုတ်ပယ်ချိန်တွင် အသင်းဘက်မှ စတာလင်ပေါင် (၁၂.၆) သန်း ပေးချေခဲ့ရပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းမှာ မန်နေဂျာများနှင့် စာချုပ်ချုပ်ဆိုရာတွင် အလုပ်မှချက်ချင်းရပ်စဲရန်ဆိုသည့် စာပိုဒ် (immediate dismissal) အစား နောက်ထပ်အလုပ်တစ်ခု ရှာမတွေ့မီအထိ အသင်းမှ ပေးချေထားရန် (သို့မဟုတ်) စာချုပ်သက်တမ်းကုန်ချိန်အထိ အသင်းမှလခ ဆက်ပြီးပေးထားရန် (gardening leave) စာပိုဒ်ကို ထည့်သွင်းချုပ်ဆိုခဲ့သည်..။
ဤနည်းအားဖြင့် ချယ်လ်ဆီးအသင်းမှာ မန်နေဂျာများကို ထုတ်ပယ်ရာတွင် ကုန်ကျစရိတ် စတာလင်ပေါင် သန်းပေါင်းများစွာ ချွေတာနိုင်ခဲ့သည်..။ သို့သော် ရော်ဘတ်တို ဒီမက်တီယို မှာ သူ၏စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ နောက်ထပ်အလုပ်မရှာပဲ gardening leave အတိုင်း အပြည့်အ၀ အသုံးချသွားခဲ့သည်..။
ရိုမန် အေဘရာမိုဗစ်ချ် မှာ ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့ပြီးနောက်ပိုင်း မန်နေဂျာ (၁၂) ယောက် (ထုတ်ပယ်ခဲသည့် မန်နေဂျာ (၉) ယောက်အတွက် စတာလင်ပေါင်သန်း (၉၀) အပါအဝင်) ကုန်ကျစရိတ် စတာလင်ပေါင်သန်း (၁၁၀) ကျော် ကုန်ကျခဲ့သလို အန်တိုနီယို ကွန်တီ အား ထုတ်ပယ်ခဲ့မှုတွင် တရားတဘောင် အမှုအခင်းဖြစ်ခဲ့ပြီး အသင်းအတွက် အခါးသီးဆုံး လမ်းခွဲမှုတစ်ခု ဖြစ်ခဲ့သည်..။
ရိုမန် အေဘရာမိုဗစ်ချ် ဝယ်ယူပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းမှ မန်နေဂျာများအတွက် ပေးချေခဲ့ရသည့် ကုန်ကျစရိတ် စုစုပေါင်း
နည်းပြအမည် | စာချုပ်ရပ်စဲသည့်အချိန် | ကုန်ကျစရိတ် (စတာလင်ပေါင်) | မှတ်ချက် |
မော်ရစ်စ်ဇီယို ဆာရီ | ၂၀၁၉ ဇူလိုင် မရှိ | မရှိ | |
အန်တိုနီယို ကွန်တီ | ၂၀၁၈ ဇူလိုင် | ၂၆.၆ သန်း | (နည်းပြဝန်ထမ်းများနှင့် တရားရုံးစရိတ် အပါအဝင်) |
ဂုစ်စ် ဟစ်ဒင့်ခ် | ၂၀၁၆ မေလ | မရှိ | |
ဟိုဆေး မော်ရင်ဟို | ၂၀၁၅ ဒီဇင်ဘာ | ၈.၃ သန်း | (နည်းပြဝန်ထမ်းများ အပါအဝင်) |
ရာဖာ ဘင်နီးတက်ဇ် | ၂၀၁၃ မေလ | မရှိ | |
ရော်ဘတ်တို ဒီမက်တီယို | ၂၀၁၂ နိုဝင်ဘာ | ၁၀.၇ သန်း | |
အင်ဒရီ ဗီလက်ရှ် ဘိုအက်ရှ် | ၂၀၁၂ မတ်လ | ၁၂ သန်း | |
ကာလို အန်စလော့တီ | ၂၀၁၁ မေလ | ၆ သန်း | |
လူးဝစ်ဖ် ဖိလစ်ပီ စကိုလာရီ | ၂၀၀၉ ဖေဖော်ဝါရီ | ၁၂.၆ သန်း | |
အေဗရန် ဂရန့် | ၂၀၀၈ မေလ | ၅.၂ သန်း | |
ဟိုဆေး မော်ရင်ဟို | ၂၀၀၇ စက်တင်ဘာ | ၂၃ သန်း | (နည်းပြဝန်ထမ်းများ အပါအဝင်) |
ကလော်ဒီယို ရေနာရီ | ၂၀၀၄ မေလ | ၆ သန်း |