ပြင်သစ်နိုင်ငံအခြေစိုက် အားကစား သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်သည့် International Center for Sports Studies (CIES) Football Observatory မှ ဥရောပထိပ်တန်း လိဂ်ပြိုင်ပွဲငါးခုမှ ကစားသမားများနှင့် ပတ်သက်သည့် အချက်အလက်များကို စိစစ်ပြီး သက်ဆိုင်ရာလိဂ်ပြိုင်ပွဲများမှ အသင်းအလိုက် ခန့်မှန်းပြောင်းရွှေ့ကြေးတန်ဖိုးများကို နှစ်စဉ်ထုတ်ပြန် ကြေငြာခဲ့သည်..။
ထိုသို့ကစားသမားများ၏ ပြောင်းရွှေ့ကြေးများကို တွက်ချက်ရာတွင် ကစားသမားတစ်ဦးချင်းစီ၏ မိခင်ကလပ်အသင်းနှင့် နိုင်ငံအသင်းများတွင် ပါဝင်ခွင့်ရရှိမှု အနေအထား၊ မိခင်ကလပ်အသင်းနှင့် နိုင်ငံအသင်းများ၏ ရလဒ်၊ ကစားသမားတစ်ဦးချင်းစီ၏ အသက်အရွယ်၊ နေရာ၊ လိဂ်ပြိုင်ပွဲ၏ အခြေအနေ၊ မိခင်အသင်းများ၏ စီးပွားရေး တောင့်တင်းမှုအခြေအနေများကိုပါ ထည့်သွင်း စဉ်းစားပြီး အနီးစပ်ဆုံး ဖြစ်နိုင်ခြေရှိသည့် ပြောင်းရွှေ့ကြေး (transfer fees) ကို တွက်ချက်ခဲ့ခြင်းဖြစ်သည်..။
ပီအက်စ်ဂျီအသင်းမှ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘတ်ပေး မှာ ခန့်မှန်းတန်ကြေး ယူရို (၂၆၅.၂) သန်းဖြင့် ပြောင်းရွှေ့ကြေးအမြင့်ဆုံး တွက်ချက်ခံခဲ့ရပြီး ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမား (၁၀) ဦးတွင် ပရီးမီးယားလိဂ်မှ (၅) ဦး ပါဝင်ခဲ့သည်..။
အဆိုပါတွက်ချက်မှုအရ တိုက်စစ်မှူး တန်မီ အေဘရာဟမ် (ခန့်မှန်းတန်ကြေး -- ယူရို ၁၀၃.၁ သန်း) မှာ ချယ်လ်ဆီးကစားသမားများအနက် တန်ဖိုးအမြင့်ဆုံး ကစားသမားဖြစ်နေပြီး ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားစာရင်းတွင် နံပါတ် (၁၇) ချိတ်ခဲ့သည်..။ လူငယ်ကွင်းလယ်ကစားသမား မေဆန် မောင့် မှာ ပြောင်းရွှေ့ကြေးတန်ဖိုး ယူရို (၉၄.၁) သန်း နှင့် ပြောင်းရွှေ့ကြေးအမြင်ဆုံး အဆင့် (၂၆) နေရာ ရရှိခဲ့သည်..။
CIES အဖွဲ့၏ ခန့်မှန်းတွက်ချက်မှုအရ ပြောင်းရွှေ့ကြေး ယူရိုသန်း (၅၀) အထက် တန်ကြေးရှိသော ချယ်လ်ဆီးကစားသမားများထဲတွင် ကက်ပါ အရီဇာဘာလာဂါ၊ ခရစ်စ်တီယန် ပူလီဆစ်၊ ဂျော်ဂင်ဟို၊ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း၊ အန်ဂိုလို ကန်တေး၊ ဖီကာရို တိုမိုရီ၊ မက်တီယို ကိုဗာဆစ်၊ ရော့စ် ဘာကလေ နှင့် ကတ် ဇူးမား တို့ ပါဝင်ခဲ့သည်..။
CIES အဖွဲ့မှ ထုတ်ပြန်သော ကစားသမားများ၏ အသေးစိတ် အချက်အလက်နှင့် ခန့်မှန်းတန်ကြေးအပြည့်စုံကို အောက်ပါ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်..။
link: https://football-observatory.com/IMG/sites/b5wp/2019/wp279/en/