ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် မှာ ယခုဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း ချယ်လ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ် က မနေ့ကယှဉ်ပြိုင်ခဲ့သော ဘန်လေအသင်းနှင့် ပွဲမတိုင်မီ ယခုလိုပြောကြားခဲ့သည်..။
ဖရန့် လမ်းပတ် က ဂျီရူးဒ် အသင်းမှ ထွက်ခွာမည့်အနေအထားမှာ နောက်ထပ်အစားထိုး တိုက်စစ်မှူးတစ်ယောက် ခေါ်ါ်ယူနိုင်ခြင်း ရှိ၊ မရှိအပေါ် မူတည်နေမည်မဟုတ်သလို လိုင်ယွန်အသင်းမှ တိုက်စစ်မှူး မူဆာ ဒမ်ဘယ်လီ နှင့် ပတ်သက်ပြီး အသင်းနှင့်သီးခြားဆွေးနွေးမှုများ ပြုလုပ်ထားခြင်းမရှိကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်..။
အသက် (၃၃) နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် မှာ အီတလီ စီးရီးအေ ပြိုင်ပွဲဝင် အင်တာ မီလန်အသင်းနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိပြီးဖြစ်သော်လည်း သူ၏ပြောင်းရွှေ့ကြေးနှင့် ပတ်သက်ပြီး အသင်းနှစ်သင်းကြား ညှိနှိုင်းမရပဲ ရှိနေဆဲဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်..။ အိုလီဗီယာ ဂျီရူးဒ် မှာ ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပွဲထွက်ခွင့်သုံးကြိမ်အပါအဝင် (၇) ပွဲသာ ပါဝင်ကစားခွင့် ရရှိထားသေးသည်..။ ဂျီရူးဒ် နှင့် ပတ်သက်ပြီး ဖရန့် လမ်းပတ် က ယခုလိုပြောကြားခဲ့ပါသည်..။
“အိုလီ (အိုလီဗီယာ ဂျီရူးဒ်) ရဲ့အနေအထားနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် သူဟာအသင်းနဲ့စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို ရရှိတဲ့ကမ်းလှမ်းမှုဟာ လူတိုင်းအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခု ဖြစ်၊ မဖြစ် အရင်ဆုံးသုံးသပ်ရပါလိမ့်မယ်..။ အဲဒါပြီးမှ သူ့ကိုအသင်းကနေ ထွက်ခွာခွင့်ပြုဖို့၊ မပြုဖို့ ဆုံးဖြတ်ရမှာပါ..။
အခုအချိန်ထိ သူဟာအသင်းနဲ့ အကောင်းဆုံးလေ့ကျင့်နေဆဲဖြစ်သလို ဒီနှစ်ဘောလုံးရာသီမှာ အခွင့်အရေး သိပ်မရခဲ့ပေမယ့်လည်း သူ့ရဲ့စိတ်ဓါတ်နဲ့ ခံယူချက်ဟာ အရမ်းကိုကောင်းမွန်ပါတယ်..။ အဲဒီအတွက် သူ့ကိုအရမ်းလေးစားမှုရှိကြောင်း ပြောခဲ့ပြီးပါပြီ..။ ဒါပေမယ့် သူနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဟာ အသင်းအတွက် အကောင်းဆုံးဖြစ်ဖို့ အဓိကစဉ်းစားရမှာ ဖြစ်တဲ့အကြောင်း သူ့ကိုရှင်းပြပြီးခဲ့ပါပြီ..။ အခုထိတော့ ထူးခြားမှု တစုံတရာမရှိသေးပါဘူး..။
သူ့ရဲ့အပြောင်းအရွှေ့ သတင်းအကြောင်း လူတိုင်းက ပြောနေကြတာဆိုတော့ ကျွန်တော့်ဘက်ကလည်း ဘာမှမပြောပဲ နှုတ်ဆိတ်နေလို့ မသင့်တော်ပါဘူး..။ သူ့ရဲ့အေးဂျင့် က ချယ်လ်ဆီးအသင်းနဲ့ စကားပြောပြီးပါပြီ..။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ဘာမှမဆုံးဖြတ်ရသေးတာကြောင့် အခုထိမထူးခြားသေးဘူးလို့ပဲ ပြောရမှာပါ..။”
တို့ကြောင့်နောက်ထပ်တိုက်စစ်မှူးအသစ် ရောက်ရှိမှသာ ဂျီရူးဒ် အား ထွက်ခွာခွင့်ပြုမည်လား..? ဆိုသည့်မေးခွန်းကို ဖရန့် က ‘ထိုသို့ပြုလုပ်ရန် မလိုအပ်’ ဟု ယူဆကြောင်း ဖြေကြားခဲ့သည်..။
လိုင်ယွန်တိုက်စစ်မှူး မူဆာ ဒမ်ဘယ်လီ နှင့် ချိတ်ဆက်နေသည်ဆိုသည့် သတင်းအပေါ် ဖရန့် လမ်းပတ် က ယခုလို ဖြေကြားခဲ့သည်..။
“ဒမ်ဘယ်လီ ဟာ ကျွန်တော်တို့ရော၊ အသင်းကရော သိထားတဲ့ ကစားသမားတစ်ယောက်ပါ..။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး ကျွန်တော်တို့အသင်းနဲ့ ဆွေးနွေးထားခြင်း မရှိသေးပေမယ့် သူနဲ့ပတ်သက်တဲ့ သတင်းတွေအများကြီး ထွက်ပေါ်နေတဲ့အပေါ် အံ့သြမိပါတယ်..။ ကျွန်တော့်အနေနဲ့ ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် အရင်တစ်ပါတ်တုန်းက သူ့လိုပဲ ဆွေးနွေးဖြစ်ခဲ့တဲ့ တခြားကစားသမားတွေလည်း ရှိနေပါတယ်..။
သူဟာကျွန်တော်တို့ လေးစားရတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို အခုအချိန်မှာ တခြားအသင်းက ကစားသမားတစ်ယောက် ဖြစ်နေပါသေးတယ်..။ ကျွန်တော်တို့ဟာ အသင်းကို လက်ရှိအနေအထားထက် တိုးတက်အောင် အမြဲတမ်းစဉ်းစားနေကြသလို တိုက်စစ်ပိုင်းနဲ့ ဂိုးသွင်းပေးနိုင်မယ့်သူတွေကိုလည်း ဖြည့်တင်းနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ တိုက်စစ်ပိုင်းနဲ့ အဆုံးသတ် ဂိုးသွင်းတဲ့အပိုင်းမှာ ကျွန်တော်တို့အသင်းဟာ အားနည်းနေတဲ့အတွက် ဖြစ်ပါတယ်..။
ကိုယ့်အသင်းက ကစားသမားတွေကို ဂိုးသွင်းသေချာဖို့အပြင် ဂိုးသွင်းသေချာတဲ့သူကို ရှာဖွေရတာ ခက်ခဲပါတယ်..။ အရေးအကြီးဆုံးအချက်က လက်ရှိအသင်းကို ပိုပြီးတိုးတက်စေဖို့ ဖြစ်နိုင်မှသာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လှုပ်ရှားဖို့ ကျွန်တော်တို့ စဉ်းစားသွားမှာပါ..။
အခုဆိုရင် တိုက်စစ်မှူးအသစ် ခေါ်ယူဖို့နဲ့ပတ်သက်တဲ့ သတင်းတွေ အရမ်းကိုများပြားနေတာကြောင့် ကျွန်တော်လည်း ဘေးထွက်ပြီးမဆိုင်သလိုနေဖို့ မသင့်တော်ဘူးပေါ့..။ ကျွန်တော့်အနေနဲ့ ဒမ်ဘယ်လီ နဲ့ သတင်းတွေကို ငြင်းပယ်ခြင်းမရှိသလို သူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က တရားဝင်ထုတ်ပြောဖို့ မရှိပါဘူး..။ နောက်ပြီးတိုက်စစ်မှူးအသစ် ခေါ်ယူဖို့အတွက် အသင်းဘက်က အမှန်တကယ် ဆုံးဖြတ်ခဲ့ပြီဆိုရင် အဲဒီဆုံးဖြတ်ချက်မှာ ကျွန်တော့်ရဲ့အခန်းကဏ္ဍက အရေးပါတဲ့နေရာက ပါဝင်ခဲ့မယ်ဆိုတာ သေချာပေါက် ပြောနိုင်ပါတယ်..။”