မနေ့က ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတွင် ပြုလုပ်ခဲ့သော အာဆင်နယ်အသင်းနှင့်ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် ချယ်လ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ် က မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း ရွိုင် ကိန်း ၏ ‘လမ်းပတ် မှာ အင်္ဂလိပ်လူမျိုး မန်နေဂျာတစ်ယောက် ဖြစ်သောကြောင့် အိုလေ ဂန်းနား ဆိုးလ်ရှား လောက် ဝေဖန်မှုကို မခံရ..’ ဆိုသော မှတ်ချက်စကားကို ငြင်းပယ်ခဲ့သည်…။
ပွဲစဉ် (၂၃) အပြီး လက်ရှိအမှတ်ဇယား ရပ်တည်မှုအရ ချယ်လ်ဆီးအသင်းမှာ အဆင့် (၄) နေရာတွင် မန်ချက်စတာ ယူနိုက်တက်အသင်းထက် (၅) မှတ်အသာဖြင့် ရပ်တည်လျှက်ရှိသော်လည်း ရှုံးပွဲတစ်ပွဲပိုထားသည်..။ ထိုသို့သောအနေအထားတွင် ရွိုင်း ကိန်း က Sky Sports ရုပ်/သံမှ တင်ဆက်သော လီဗာပူးလ်နှင့် မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်အပြီး သုံးသပ်ချက်စကားဝိုင်းတွင် ဖရန့် လမ်းပတ် နှင့် အိုလေ ဂန်းနား ဆိုးလ်ရှား တို့၏ အနေအထားနှစ်ရပ်ကို ယခုလို နှိုင်းယှဉ်၊ ပြောကြားခဲ့သည်..။
“ကျွန်တော်ဟာ မနေ့ညက ချယ်လ်ဆီးရဲ့ပွဲကို ကြည့်ခဲ့ပါတယ်..။ သူတို့ဟာ အသင်းကောင်းတစ်သင်း ဖြစ်ပေမယ့် အနိုင်ရသင့်တဲ့ပွဲတစ်ပွဲကို နိုင်အောင်မကန်နိုင်ခဲ့ပါဘူး..။ ဒါ့ကြောင့်အခုထိ ရှုံးပွဲရှစ်ပွဲတောင် ရှိသွားပါပြီ..။ ဒါပေမယ့် နောက်ခံအကြောင်းတရားများစွာကြောင့် ဖရန့် ကို မှန်းထားတာထက် ပိုပြီးစွမ်းဆောင်နေနိုင်တယ်ဆိုပြီး ချီးကျူးနေတုန်းပဲဗျ..။ အဲဒါဟာ အင်္ဂလိပ်လူမျိုး ဖြစ်နေလို့ပဲ အခုလို ဘေးဖယ်ခံထားရတာလား ကျွန်တော်မပြောတတ်ဘူး..”
သို့သော် ဖရန့် လမ်းပတ် ကမူ ထိုသို့မဟုတ်ပဲ အင်္ဂလိပ်လူမျိုး ဖြစ်နေခဲ့သောကြောင့် ယခုရာထူး လက်မခံရခင်က အခြားမန်နေဂျာများထက်ပင် ပိုမိုပြီး တောင်းဆိုမှုများ များပြားခဲ့ကြောင်း ယခုလိုပြောဆိုခဲ့သည်..။
“ရွိုင်း ကိန်း ရဲ့ မှတ်ချက်ကို ကြားလိုက်ရတဲ့အချိန်မှာ ကျွန်တော်ဟာ နားရွက်တောင် ထောင်သွားမိတယ် ထင်လိုက်ရတာပဲ..။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်လူမျိုး ဖြစ်နေလို့ တခြားမန်နေဂျာတွေလောက် အဝေဖန်မခံရဘူးလို့ ကျွန်တော်မထင်ပါဘူး..။ တကယ်တမ်းမှာ ဒီရာထူးကို လက်ခံခဲ့စဉ်က ကျွန်တော်ဟာ အသက်ငယ်သေးတယ်..၊ အင်္ဂလိပ်လည်း ဖြစ်နေတဲ့အပြင် ဒါဘီအသင်းမှာ တစ်နှစ်ပဲ အတွေ့အကြုံ ရှိသေးတာကြောင့် ကျွန်တော်နဲ့ မထိုက်တန်ဘူးလို့ ပြောခဲ့ကြတဲ့သူ ပိုတောင်များနေပါသေးတယ်..။
ရွိုင်း ပြောတာလည်း မမှားပါဘူး..။ နည်းစနစ်ပိုင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့သုံးသပ်ချက်တွေ..၊ အယူအဆတွေ..၊ ထောက်ပြချက်တွေနဲ့ ဘောလုံးကစားနည်းအပေါ် သူ့ရဲ့ချစ်မြတ်နိုးတဲ့စိတ်ဓါတွေအပေါ် အရမ်းလေးစားပါတယ်..။ ဒါပေမယ့် အင်္ဂလိပ်လူမျိုးတစ်ယောက် ဖြစ်နေလို့ အဝေဖန်ခံနေရတယ်ဆိုတာ မဟုတ်သလို အင်္ဂလိပ်ဖြစ်နေတာကြောင့် သီးခြားဖိအားတွေ ခံစားရတာလည်း ရှိတာပါပဲ..။
ဘယ်သူဘယ်ဝါတွေဆိုတာ ထုတ်မပြောတော့ပါဘူး..၊ ဒါပေမယ့် ချယ်လ်ဆီးအသင်း မန်နေဂျာအဖြစ် ကျွန်တော့်ကို တာဝန်ပေးတော့မယ်ဆိုတဲ့အချိန်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတဲ့သူတွေ အများကြီးရှိခဲ့ပါတယ်..။ သူတို့က ကျွန်တော့်ထက်ပိုပြီး အတွေ့အကြုံများတဲ့ အီတလီနဲ့ တခြားလိဂ် ပြိုင်ပွဲတွေက မန်နေဂျာတွေကို ခန့်အပ်ဖို့ ဖိအားပေးခဲ့တာတွေ ရှိခဲ့ပါတယ်..။ ဒါ့ကြောင့်ဘယ်မန်နေဂျာ တစ်ယောက်ဟာ အင်္ဂလိပ်ပဲဖြစ်ဖြစ်၊ Home Grown.. ငယ်မွေးခြံပေါက်ပဲဖြစ်ဖြစ်..၊ ဘယ်သူပဲဖြစ်နေပါစေ.. ဘဝမှာ ချီးကျူးခံရတာတွေရှိမယ်..၊ ကဲ့ရဲ့ခံရတာတွေ ရှိပါမယ်..။ ဒ့ါကြောင့်အင်္ဂလိပ်လူမျိုး ဖြစ်နေတဲ့အတွက် သီးခြားဆက်ဆံခံရတယ်ဆိုတဲ့ ယူဆချက်ကို ကျွန်တော်လက်မခံပါဘူး..။ ဒါ့အပြင် အင်္ဂလိပ်လူမျိုး မန်နေဂျာတစ်ယောက် ဖြစ်နေလို့ သူများတွေထက်ပိုပြီး ချီးမွမ်းခံရတယ်လို့လည်း မပြောချင်ပါဘူး..၊ လူတိုင်းဟာ အတူတူပါပဲ..။”