ဥရုဂွေး တိုက်စစ်မှူး အက်ဒီဆင် ကာဗာနီ မှာ ယခုဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း ပီအက်စ်ဂျီအသင်းမှ ထွက်ခွာနိုင်ရန် ပြောင်းရွှေ့ခွင့် တင်ထားပြီး အက်တလက်တီကို မက်ဒရစ်အသင်း၊ ချယ်လ်ဆီးအသင်းနှင့် မန်ချက်စတာ ယူနိုက်တက်အသင်းများက ခေါ်ယူနိုင်ရန် စုံစမ်း၊ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်..။
ယခုနှစ်နွေရာသီတွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် (၃၃) နှစ်အရွယ် တိုက်စစ်မှူးအား ပီအက်စ်ဂျီအသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၅) သန်းခန့်ဖြင့် လက်လွှတ်နိုင်ဖွယ် ရှိနေသော်လည်း သူ၏မြင့်မားသော လစာနှုန်းကြောင့် သဘောတူညီမှု ရရှိရန် ခက်ခဲနေကြောင်း The Evening Standard သတင်းဌာနက ဖော်ပြခဲ့သည်..။
ကာဗာနီ မှာ ပီအက်စ်ဂျီအသင်းတွင် တစ်ပါတ်လျှင် စတာလင်ပေါင် (၃၆၀,၀၀၀) ရရှိနေပြီး သူ့အနေဖြင့် အနည်းဆုံး (၁၈) လ သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်..။ ထို့ကြောင့်သူ့အား ခေါ်ယူလိုသည့် အသင်းအနေ့ဖြင့် လစာအတွက် တစ်နှစ်လျှင် စတာလင်ပေါင် (၁၉) သန်းနှင့် ပြောင်းရွှေ့ကြေး..၊ အပိုဆုကြေးများ အပါအဝင် စတာလင်ပေါင်သန်း (၅၀) ဝန်းကျင်ခန့် ကုန်ကျနိုင်ဖွယ် ရှိနေကြောင်း..၊ ထို့ကြောင့်သူ့အားခေါ်ယူလိုသည့် အသင်းများအနေဖြင့် အသက် (၃၃) နှစ်အရွယ် ကစားသမားတစ်ယောက်အတွက် အခုကဲ့သို့ မြင့်မားသည့် လစာနှုန်းထား အပါအဝင် များပြားလှသည့် ငွကြေးပမာဏ အကုန်အကျခံရန် ခက်ခဲနိုင်ကြောင်း အဆိုပါသတင်းတွင် သုံးသပ်ဖော်ပြခဲ့သည်..။