feature-image

ထိပ်ဆုံးလေးသင်းဝင်ခွင့် ခက်ခဲသွားနိုင်ကြောင်း ပြောကြားခဲ့တဲ့ ‘ဖရန့် လမ်းပတ်’

ကော့ဘ်ဟမ်လေ့ကျင့်ကွင်းတွင် မနေ့ကပြုလုပ်ခဲ့သော လက်စ်တာအသင်းနှင့်ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် နည်းပြ ဖရန့် လမ်းပတ် က ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း ကစားသမားသစ် ခေါ်ယူအားဖြည့်မှု မပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ချယ်လ်ဆီးအသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့် အိပ်မက်ကို ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့သည့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း ပီအက်စ်ဂျီအသင်းမှ တိုက်စစ်မှူး အက်ဒီဆင် ကာဗာနီ..၊ နာပိုလီအသင်းမှ ဒရိုင်းစ် မာတင်စ် တို့အား ခေါ်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း ကစားသမားသစ် ခေါ်ယူနိုင်ခြင်း လုံးဝမရှိခဲ့သည့်အတွက် စိတ်ပျက်ဖွယ် အပြောင်းအရွှေ့ရာသီတစ်ခု ဖြစ်ခဲ့ရသည်..။ ထို့ကြောင့်အသင်းမှ ထွက်ခွာမည်ဟု သတင်းထွက်ပေါ်နေသော ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် ၏ အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့သည်..။

ထို့ကြောင့်နည်းပြ ဖရန့် လမ်းပတ် က မန်ချက်စတာ ယူနိုက်တက်..၊ တော့တင်ဟမ်အသင်းများမှ ကစားသမားသစ် ခေါ်ယူမှုများသည် ချယ်လ်ဆီးအသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုမိုခက်ခဲသွားစေနိုင်မည်ဟု ခံစားမိကြောင်း ပြောကြားခဲ့သည်..။ အခြားအသင်းများက ကစားသမားသစ်များ ခေါ်ယူအားဖြည့်နေချိန်တွင် ချယ်လ်ဆီးအသင်း၏ လှုပ်ရှားမှု ကင်းမဲ့ခဲ့သည့်အပေါ် စိုးရိမ်မိလား..? ဆိုသည့် မေးခွန်းကို ဖရန့် လမ်းပတ် က ယခုလို ဖြေကြားခဲ့သည်..။

“Yes.. ဘယ်လိုအကြောင်းနဲ့ပဲ ဖြစ်ပါစေ… ကျွန်တော်တို့ဟာ အပြောင်းအရွှေ့ ကာလမှာ ဘာမှမပြုလုပ်နိုင်ခဲ့ဘူးဆိုတာ အဖြစ်မှန်ပါပဲ..။ အပြောင်းအရွှေ့ ရာသီတစ်ခု ဖြစ်တာနဲ့အညီ ကျွန်တော်နဲ့ ကျွန်တော်တို့ရဲ့ ဘုတ်အဖွဲ့ဝင်တွေအနေနဲ့ တခြားအသင်းတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်မိတဲ့အခါ မန်ချက်စတာ ယူနိုက်တက်အသင်းဆိုရင် ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ကို ဝယ်ယူနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်..။

ဒါ့အပြင်ကျွန်တော်တို့နဲ့ အနီးကပ်အသင်းတွေဖြစ်တဲ့ ရှက်ဖီးလ် ယူနိုက်တက်၊ တော့တင်ဟမ်.. တို့လည်း ကစားသမားကောင်းတွေ ထပ်မံအားဖြည့်ခဲ့ပါသေးတယ်..။ အဲဒီလိုကစားသမားသစ် ခေါ်ယူရုံသာမက အသင်းမှာ မပျော်ရွှင်တော့တဲ့ ကစားသမားတစ်ချို့ကိုလည်း ထွက်ခွာခွင့်ပေးခဲ့တာ တွေ့ရပါတယ်..။ ဒါဟာအသင်းသားတွေရဲ့ကြားမှာ မကြေလည်တဲ့ ခံစားမှုတွေကို ပြောင်းလဲပေးစေနိုင်တာကြောင့် ကစားသမားသစ်တွေ ခေါ်ယူသလိုပဲ အရေးပါတဲ့ လုပ်ရပ်တစ်ခုပါ..။ ဒါ့ကြောင့်အခုပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလအတွင်း သူတို့အသင်းတွေဟာ ကောင်းမွန်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ပဲ ပြောရမှာပါ..။



ကျွန်တော့်ရဲ့အမြင်အရ အခုလိုကျွန်တော်ပြောနေတာဟာ ကိုယ့်အသင်းရဲ့ အခြေအနေကို နှိမ့်ချပြီး ပြောဆိုနေတာ မဟုတ်ပါဘူး..။ ကျွန်တော်တို့ဟာ အမှတ်ပေးဇယား အဆင့် (၄) နေရာကို ခြောက်မှတ်အသာနဲ့ ရရှိနေပါတယ်..။ အခုဆိုရင် ကျွန်တော်တို့ဟာ အဲဒီချန်ပီယံလိဂ် ဝင်ခွင့်အတွက် ရေပန်းစားတဲ့ အနေအထား..၊ ထင်ကြေးပေးခံရတဲ့ အနေအထား လျော့ကျသွားပါပြီ..။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ရဲ့အနားက အသင်းတွေဟာ လိုအပ်တဲ့အားဖြည့်မှုတွေ ဆောင်ရွက်ခဲ့တာကြောင့် ဖြစ်ပါတယ်..။”


ဖရန့် လမ်းပတ် မှာ ယခုလအတွင်း ကစားသမားသစ် ဖြည့်တင်းနိုင်ခဲ့ခြင်း မပြုလုပ်နိုင်ခဲ့သည့်အပေါ် စိတ်ပျက်ခဲ့သော်ငြား လက်ရှိအသင်းသားများ၏ အရည်အသွေးအပေါ် ယုံကြည်မှု လျော့ကျသွားခြင်းမရှိကြောင်း ပြောကြားခဲ့သည်..။

“အပြောင်းအရွှေ့ရာသီ ပြီးခါနီးမှာ ကစားသမား အများအပြားနဲ့ ဆွေးနွေးခဲ့သော်လည်း အကောင်အထည် ဖြစ်မလာခဲ့တဲ့အပေါ် စိတ်ပျက်မိပါတယ်..။ ကျွန်တော်ကတော့ ဘယ်လိုနေရာကို အားဖြည့်သင့်တယ်ဆိုတဲ့ အယူအဆရှိပါတယ်..။ ဒါပေမယ့် အဲဒီလိုအပ်ချက်ကို စဉ်းစား၊ ဆင်ခြင်မှုမရှိပဲ ဖြည့်ဆည်းလိုက်ခြင်းကြောင့် (အရောင်းမှား၊ အဝယ်မှား ဖြစ်ခဲ့လျှင်..) အသင်းနဲ့ ကျွန်တော့်အတွက် အကောင်းဆုံး ဖြစ်လာပါ့မလား စိုးရိမ်ရတာလည်း ရှိပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့အနေနဲ့ ရေရှည်အတွက် ဦးတည်စဉ်းစားရမှာ ဖြစ်သလို ကိုယ့်ရဲ့ရေရှည် ရည်မှန်းချက်၊ စီမံချက်တွေအပေါ်မှာလည်း ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်..။”