ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့သည့်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း တိုက်စစ်ပိုင်းအားဖြည့်ရန်အတွက် နာမည်ကြီးတိုက်စစ်မှူးအများအပြားကို ချိတ်ဆက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်..။ သို့သော် မည်သည့်ကစားသမားကိုမှ ခေါ်ယူနိုင်ခဲ့ခြင်းမရှိပဲ အပြောင်းအရွှေ့ရာသီကို ပိတ်သိမ်းခဲ့ရသည်..။
ယခုနှစ်ဘောလုံးရာသီတွင် အသင်း၏တိုက်စစ်ကို ဦးဆောင်နေသည့် လူငယ်တိုက်စစ်မှူး တန်မီ အေဘရာဟမ် က လက်စ်တာအသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့သည့်ပွဲအပြီး Daily Mail သတင်းဌာနနှင့် တွေ့ဆုံခဲ့ရာတွင် သူ၏အနာဂတ်တိုးတက်မှုအတွက် အထောက်အကူရရှိစေရန် ပြီးခဲ့သည့်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း ပီအက်စ်ဂျီအသင်းမှ အက်ဒီဆင် ကာဗာနီ အပါအဝင် ဝါရင့်တိုက်စစ်မှူးတစ်ဦး အသင်းကို ရောက်ရှိလာမည်ဟု မျှော်လင့်ခဲ့ကြောင်း ယခုလိုပြောကြားခဲ့သည်..။
“ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်း အက်ဒီဆင် ကာဗာနီ လို အတွေ့အကြုံရင့် ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ယောက် အသင်းကို ရောက်ရှိလာရင် ကောင်းလိမ့်မယ်ဆိုပြီး ကျွန်တော်တို့ ကစားသမားတွေအချင်းချင်း ပြောခဲ့ကြပါတယ်..။ သူဆိုရင်ထိပ်တန်းအသင့် ပြိုင်ပွဲတွေမှာ နှစ်ပေါင်းများစွာ ကျင်လည်နေတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက် ဖြစ်ပါတယ်..။ ဒ့ါကြောင့်သူဟာ ကျွန်တော်တို့အသင်းကို ရောက်ရှိခဲ့မယ်ဆိုရင် သိပ်ကိုကောင်းမွန်ခဲ့မှာပါ..။
ဘာဖြစ်လို့လည်းဆိုတော့ သူဟာကျွန်တော်တို့လို လူငယ်ကစားသမားတွေ စံပြုရမယ့်သူတစ်ယောက် ဖြစ်သလို သူ့ရဲ့အတွှေးအခေါ်..၊ အယူအဆ၊ နေရာယူပုံတွေကို အတုခိုးပြီး ကိုယ်နဲ့အဆင်ပြေမယ့် ပုံစံမျိုးဖြစ်လာအောင် ပြောင်းလဲနိုင်ဖို့ သင်ယူရမယ့် ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ အဲဒီလိုမဖြစ်ခဲ့ရင်တောင်မှ သူဟာကျွန်တော့်ရဲ့ ပထမဦးစားပေး တိုက်စစ်မှူးနေရာကို စိန်ခေါ်နိုင်မယ့်သူတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ..။ ဒါ့ကြောင့်ကျွန်တော့်အတွက် ပိုပြီးကြိုးစား အားထုတ်ရမယ့် တွန်းအားတစ်ခု ဖြစ်လာမှာပါ..။
ချယ်လ်ဆီးလိုအသင်းကြီးတစ်သင်းမှာ ကစားရတာ အမြဲတမ်းဖိအားတွေ ရှိနေပါတယ်..။ ဒါ့ကြောင့်သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့နေရာကို ရောက်နေဖို့ လိုအပ်သလို ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ရဲ့အရည်အချင်းအပေါ်မှာလည်း ယုံကြည်မှုအပြည့်အဝရှိနေဖို့ လိုအပ်ပါတယ်..။ ကျွန်တော့်အနေနဲ့ လာမယ့်ပွဲစဉ်တွေအတွင်းမှာ ဒီထက်ပိုပြီး ဂိုးတွေသွင်းပေးနိုင်လိမ့်ဦးမယ်လို့ ယုံကြည်ထားပါတယ်..။ ကျွန်တော်ဟာ ဖိအားတွေကို နှစ်ခြိုက်ပြီး ဖိအားတွေနဲ့ ကစားရတာကိုလည်း ပျော်ရွှင်ပါတယ်..။”
ယခုနှစ်ရာသီကုန်ချိန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ဥရုဂွေးတိုက်စစ်မှူး အက်ဒီဆင် ကာဗာနီ မှာ စပိန်လာလီဂါ ပြိုင်ပွဲဝင် အက်တလက်တီကို မက်ဒရစ်အသင်း သို့ ပြောင်းရွှေ့နိုင်ရန် နီးစပ်ခဲ့သလို ချယ်လ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်အသင်းများ အပါအဝင် အသင်းများစွာနှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့သော်လည်း အပြောင်းအရွှေ့ အပြီးသတ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ.။