feature-image

ဂျရမီ ဘိုဂါ အတွက် ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ‘ဆက်ဆူလို’ အသင်း

အသက် (၂၃) နှစ်အရွယ် လူငယ်တောင်ပံ ကစားသမား ဂျရမီ ဘိုဂါ မှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် အီတလီ စီးရီးအေပြိုင်ပွဲဝင် ဆက်ဆူလိုအသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃.၅) သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့ခဲ့သည်..။ ဘိုဂါ မှာ ယခုနှစ်ဘောလုံးရာသီတွင် အကောင်းဆုံးခြေစွမ်း ပြသနေပြီး (၁၈) ပွဲကစား၊ (၆) ဂိုးသွင်း၊ (၃) ဂိုးဖန်တီးပေးနိုင်ခဲ့သည်..။

ဆက်ဆူလိုအသင်းသို့ ပြောင်းရွှေ့ချိန်တွင် ချယ်လ်ဆီးအသင်းမှ ပြန်လည်ဝယ်ယူပိုင်ခွင့် (Buyback clause) ပါရှိသောကြောင့် ယခုလိုပြောင်းရွှေ့ကြေး အနည်းငယ်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထင်ကြေးများ ထွက်ပေါ်ခဲ့သလို ယခုနှစ်ရာသီတွင် ပြသနေသည့် ခြေစွမ်းကြောင့် ချယ်လ်ဆီးအသင်းမှ ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်..။

အဆိုပါသတင်းများကို ဆက်ဆူလိုအသင်း စီအီးအို ဂျီယိုဗန်နီ ကာနီဗယ်လီ က TMW သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းတွင် ယခုလိုအတည်ပြု ပြောကြားခဲ့သည်..။

“ချယ်လ်ဆီးအသင်းဟာ လာမယ့်ဇွန်လကျရင် သူ့ကို (ဂျရမီ ဘိုဂါ အား) ပြန်ပြီးခေါ်ယူခွင့်ရှိပါတယ်..။ ဒါ့အပြင်ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းနဲ့ အင်မတန်ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ရှိခဲ့သလို ပြီးခဲ့တဲ့ ခရစ်စ်မတ် ကာလတုန်းကလည်း သူတို့နဲ့ (ဘိုဂါနဲ့ ပတ်သက်ပြီး အပါအဝင်) ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူဟာချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိ သွားနိုင်ဖွယ် ရှိသလို ချယ်လ်ဆီးအသင်းနဲ့ ကျွန်တော်တို့ရဲ့ကြားမှာ တခြားစီမံချက်တွေ အတူလက်တွဲဆောင်ရွက်ဖို့ ရှိနေပါတယ်..။ ကျွန်တော်တို့ဘက်ကလည်း သူ့ကိုပြန်ပြီး ခေါ်ယူသွားနိုင်ဖို့လည်း ရှိနေပါတယ်..။ ကျွန်တော့်အနေနဲ့ ဘာမှဖုံးကွယ်ထားဖို့ မရှိပါဘူး..။”

ကာနီဗယ်လီ ၏ ပြောကြားချက်တွင် ‘ဆက်ဆူလိုအသင်းအနေဖြင့် ဘိုဂါ အား ပြန်လည်ခေါ်ယူနိုင်ခွင့် ရှိသည်’ ဆိုသည့်အချက်ပေါ် (အဌား/ အပြီးသတ်) ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်းမရှိခဲ့ပေ။