ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ဖရန့် လမ်းပတ် နှင့် အချိုးအကွေ့တစ်ခုကို ပြန်လည်စတင်ခဲ့သည့် ချယ်လ်ဆီးအသင်းမှာ အပြောင်းအလဲ၏ အောင်မြင်မှု၊ ကျရှုံးမှုများကို ပြန်လည်သုံးသပ်ရမည့် ရာသီတစ်ဝက်ကျိုး ကာလကို ရောက်ရှိခဲ့ပါပြီ..။ ရိုမန် အေဘရာမိုဗစ်ချ် အသင်းကိုဝယ်ယူပြီးချိန်က စတင်လို့ ယခုနှစ်ဘောလုံးရာသီ၏ ယခင်ကနှင့် လုံးမတူခဲ့သည့် ခြားနားချက်ကတော့ နည်းပြကလည်း အဆင့်မြင့်ပြိုင်ပွဲများတွင် ကိုင်တွယ်ခဲ့ဖူးသည့် အတွေ့အကြုံ လုံးဝမရှိခဲ့သည့် နည်းပြအသစ်၊ ကစားသမားများကလည်း လူငယ်အကယ်ဒမီထွက် ကစားသမားများကိုသာ အားထားခဲ့ရသည့် တကယ့်ကို အပြောင်းအလဲ ရာသီတစ်ခု ‘Transformational One’ ဖြစ်ခဲ့သည်..။ အသင်း၏အကောင်းဆုံး ကစားသမား ထွက်ခွာသွားခြင်းနှင့် အပြောင်းအရွှေ့ ရာသီအတွင်း ဘောလုံးသမား ခေါ်ယူခွင့် ပိတ်ပင်ခံရသည့်ပြစ်ဒဏ် (transfer ban) တို့က ယခုလိုအပြောင်းအလဲ လုပ်ဆောင်ရခြင်း၏ တစိတ်တပိုင်းအဖြစ် ပါဝင်ခဲ့သလို အကျိုးရှိခဲ့သည့်အချက်ကို ပြောရမည် ဆိုလျှင်တော့ မေဆန် မောင့်၊ တန်မီ အေဘရာဟမ် တို့မှာပွဲထွက်ကစားသမားတွေအဖြစ် နေရာရခဲ့ပြီး ရိစ် ဂျိမ်းစ်၊ ဖီကာရို တိုမိုရီ၊ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း နှင့် အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် တို့လို အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကစားသမားတွေ ပုံမှန်ကစားခွင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်..။
transfer ban နှင့် ပရီးမီးယားလိဂ် အတွေ့အကြုံမရှိသေးသည့် ကစားသမားများကိုသာ အားကိုးရမည့် အနေအထားကြောင့် ပရီသတ်များအနေဖြင့် အသင်း၏အမှတ်ပေးဇယား နောက်ဆုံးရလဒ်အပေါ် မျှော်လင့်ချက် အရမ်းကြီးမမြင့်မားခဲ့သလို ယခုနှစ်ဘောလုံးရာသီမှာ ခါတိုင်းထက် ပိုပြီးမုန်တိုင်းထန်လိမ့်မည် ဆိုသည်ကိုလည်း သဘောပေါက် နားလည်ထားခဲ့သည်..။ သို့သော်ဘောလုံးရာသီ သုံးပုံတစ်ပုံခန့် ရောက်ရှိလာချိန်မှာတော့ လူငယ်ကစားသမားများ၏ ခြေစွမ်း၊ ရှစ်ပွဲဆက်တိုက် နိုင်ပွဲဆက် ရလဒ်ကောင်းများကြောင့် အသင်း၏အပေါ် မျှော်လင့်ချက်များ ပြန်လည်မြင့်မားလာခဲ့ပြန်သည်..။ ထို့ကြောင့်ဒုတိယရာသီဝက်သို့ ချဉ်းနင်းဝင်ရောက်လာချိန်တွင် ကျော်ဖြတ်ခဲ့သော ပထမရာသီဝက်၏ အမှတ်ပေးဇယားအနေအထား၊ ကစားသမားများ၏ခြေစွမ်း၊ နည်းစနစ်ပိုင်း သုံးသပ်မှုများနှင့် ဇန်နဝါရီ အပြောင်းအရွှေ့ အလားအလာများကို ယခုလို သုံးသပ်တင်ဆက်ပေးလိုက်ပါသည်..။
(၁) အမှတ်ပေးဇယား ရပ်တည်မှု အနေအထား..
၂၀၁၉/ ၂၀၂၀ ဘောလုံးရာသီ တစ်ဝက်ကျိုးချိန်တွင် ချယ်လ်ဆီးအသင်း၏ အမှတ်ပေးဇယား ရပ်တည်မှု အနေအထားကို ရာသီအစပိုင်း မျှော်လင့်ချက်များနှင့် နှိုင်းယှဉ်ကြည့်ပါက မျှော်မှန်းထားသည်ထက် ပိုမိုရရှိနေသည် ဆိုသည်မှာ အငြင်းပွားစရာမရှိပေ..။ ရုန်းကန်ခဲ့ရသည့် ရာသီအစပိုင်း ကာလကို လွန်မြောက်ပြီး ပွဲစဉ် (၉) မှ စတင်၍ အမှတ်ပေးဇယား အဆင့် (၄) နေရာတွင် တည်တည်ငြိမ်ငြိမ် ရည်တည်နိုင်ခဲ့သလို ပွဲစဉ် (၁၂) တွင် ခရစ်စ်တယ် ပဲလေ့စ်အသင်းကို အနိုင်ရခဲ့သည့်ပွဲစဉ်အပြီးက အဆင့် (၃) နေရာအထိပင် ခတ္တတက်လှမ်းနိုင်ခဲ့သေးသည်..။ ထိုအချိန်က အဆင့် (၅) နေရာမှအသင်းကို ကိုးမှတ်အထိ ဖြတ်ထားနိုင်ခဲ့သော်လည်း မန်ချက်စတာ စီးတီးအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်နောက်ပိုင်း ဖရန့် လမ်းပတ်အသင်းမှာ ခြေစွမ်းပြန်လည် ကျဆင်းခဲ့ရပြီး အဆင့် (၅)၊ (၆) နေရာမှအသင်းများနှင့် အမှတ်ကွာခြားချက် တဖြည်းဖြည်း ကျဉ်းမြောင်းသွားခဲ့သည်..။
တော့တင်ဟမ် အသင်းနှင့် ရင်ဆိုင်ရမည့် ပွဲစဉ်မတိုင်မီ အနေအထားအရ ချယ်လ်ဆီးအသင်းမှာ လန်ဒန်မြို့ခံပြိုင်ဘက်အသင်းနှင့် သုံးမှတ်သာ ကွာခြားတော့ပြီး အဆိုပါပွဲစဉ်တွင် တော့တင်ဟမ်အသင်းသာ အနိုင်ရရှိခဲ့မည်ဆိုပါက ချယ်လ်ဆီးအသင်းကို အမှတ်တူ၊ ဂိုးကွာခြားချက်အသာဖြင့် ကျော်ဖြတ်တော့မည်ဖြစ်သည်..။ ဖရန့် လမ်းပတ် နှင့် လူငယ်များမှာ အဆိုပါထိပ်တိုက်ပွဲစဉ်ကို လက်ရှိအချိန်ထိ ကစားခဲ့သမျှထဲမှ အကောင်းဆုံးခြေစွမ်းဖြင့် အဝေးကွင်းတွင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်..။ သို့သော်လည်း ထိုပွဲအပြီး ဆောက်ပ်သမ်တန်အသင်းနှင့် အိမ်ကွင်းပွဲစဉ်ကို မမျှော်လင့်ပဲ ရှုံးနိမ့်ခဲ့ရသောကြောင့် ပြန်လည်စိတ်ပျက်ခဲ့ရသလို အာဆင်နယ်အသင်းကို အဝေးကွင်းတွင်အနိုင်၊ ဘရိုက်တန်အသင်းကို သရေကျ..စသဖြင့် ပျော်တစ်လှည့်၊ စိတ်ပျက်တစ်လှည့် ဖြတ်ကျော်ခဲ့ရသည်..။ ထို့ကြောင့်ဘောလုံးရာသီ သုံးချိုးတစ်ချိုး ကုန်လွန်ချိန်နောက်ပိုင်းကာလ ချယ်လ်ဆီးအသင်း၏ ခြေစွမ်းကတော့ ‘ခန့်မှန်းရခက်ခဲသည် (unpredictable)’ လို့ပဲ သုံးသပ်ရပေမည်..။
သို့သော်အမှတ်ပေးဇယားတွင် မိမိတို့အသင်း၏အောက်မှ အသင်းများမှာလည်း မိမိတို့လိုပင် ခြေစွမ်းမတည်မငြိမ် ဖြစ်နေသောကြောင့် ယခုတစ်ပါတ် FA ဖလားပွဲစဉ်များကြောင့် အမှတ်ပေးပြိုင်ပွဲများ အနားရထားချိန်တွင် အဆင့် (၅) နေရာမှ မန်ချက်စတာ ယူနိုက်တက်အသင်းကို ငါးမှတ်အသာဖြင့် ဦးဆောင်နေနိုင်ခဲ့သည်...။ ထို့ကြောင့်လက်ရှိအသင်း၏ခြေစွမ်းနှင့် အမှတ်ကွာခြားမှုအရ ချန်ပီယံလိဂ်ဝင်ခွင့် စိတ်ချရသည်ဟု တထစ်ချ မပြောနိုင်သော်ငြား ရာသီတစ်ဝက်ကျိုးချိန် အမှတ်ပေးဇယား ရပ်တည်မှုနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုကျပ်ကို ဖြတ်ကျော်ပြီး နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို တက်ရောက်နိုင်ခဲ့မှုတို့ကြောင့် ကျေနပ်ဖွယ်ကောင်းသော စွမ်းဆောင်ရည်နှင့် ရလဒ်တို့ကို ဆောင်ယူပေးနိုင်ခဲ့သည်ဟု သုံးသပ်နိုင်ပါသည်..။
(၂) ကစားသမားများ..
ယခုနှစ်ရာသီတွင် ချယ်လ်ဆီးအသင်းမှာ လက်ရှိအချိန်ထိ အမှတ်ပေးဇယားတွင် ရပ်တည်မှု ကောင်းမွန်ခဲ့သော်လည်း ကစားသမားများထဲတွင် ပုံမှန်ခြေစွမ်းရရှိနေသည့် ကစားသမား အနည်းအကျဉ်းသာ ရှိနေခြင်းမှာ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းခဲ့သည်..။ တိုက်စစ်မှူး တန်မီ အေဘရာဟမ် မှာ ယခုအချိန်ထိ ပြိုင်ပွဲအရပ်ရပ် (၁၄) ဂိုး သွင်းယူပေးထားပြီး မနှစ်ကဘောလုံးရာသီအထိ ချန်ပီယံရှစ် ပြိုင်ပွဲအဆင့်သာ အများဆုံးကစားထားခဲ့ဖူးသည့် လူငယ်တိုက်စစ်မှူးတစ်ယောက်အတွက် ကျေနပ်ဖွယ် စွမ်းဆောင်ရည်ဟု ပြောရပေမည်..။ နောက်ထပ်တစ်ဦးမှာ မက်တီယို ကိုဗာဆစ် ဖြစ်သည်..။ ချယ်လ်ဆီးအသင်းကို မနှစ်ကအဌားရောက်ရှိခဲ့စဉ်က အကောင်းဆုံးခြေစွမ်းကို မပြသနိုင်ခဲ့သောကြောင့် ယခုနှစ်နွေရာသီတွင် သူ့အားအပြီးသတ် ခေါ်ယူခဲ့မှုအပေါ် မေးခွန်းထုတ်ခဲ့မှုများ ရှိခဲ့သော်လည်း ယခုအချိန်ထိ တည်ငြိမ်သည့်ခြေစွမ်းဖြင့် ကွင်းလယ်ကို ဦးဆောင်မောင်းနှင်နေခဲ့သူတစ်ယောက် ဖြစ်ခဲ့ရသည်..။ လူငယ်ညာနောက်ခံလူ ရိစ် ဂျိမ်းစ် မှာ မနှစ်က ဝီဂန်အသင်းက ခြေစွမ်းမျိုး မရှိသေးသော်လည်း ပါဝင်ခွင့်ရသည့် ပွဲစဉ်များတွင် အကောင်းဆုံးခြေစွမ်းဖြင့် ပရိသတ်ကို ကျေနပ်စေခဲ့သူတစ်ဦး ဖြစ်ခဲ့သည်..။
ကျန်ရှိသော ကစားသမားများ၏ ခြေစွမ်းကတော့ ‘ပျက်တစ်လှည့်၊ ကောင်းတစ်လှည့်’ ဆိုသည့် စကားလုံးတစ်လုံးနှင့်သာ လုံလောက်ပေသည်..။ ဂျော်ဂင်ဟို မှာ ရာသီအစပိုင်းတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး ကွင်းလယ်ကို ဦးဆောင်မောင်းနှင်နိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်းများက လမ်းပတ် ၏ ကစားကွက်ကို ကျက်မိသွားချိန်နောက်ပိုင်း သူ၏ကွင်းလယ်ကို ဦးဆောင်နိုင်မှုစွမ်းရည် ပျောက်ဆုံးသွားခဲ့ရသည်..။ ဂိုးသမား ကက်ပါ အပါအဝင် ခံစစ်ပိုင်းမှ ကစားသမားအားလုံးမှာလည်း ခြေစွမ်းမတည်ငြိမ်ခဲ့သည့်အပြင် အဆိုးဝါးဆုံးအချက်မှာ တည်ငြိမ်သည့် ခံစစ်အတွဲအစပ် (stable partnership) ကို ယခုအချိန်ထိ မတည်ဆောက်နိုင်သေးခြင်းဖြစ်သည်..။ ဂိုးသမား ကက်ပါ မှာ ယခုအချိန်ထိ ကာကွယ်မှု အနည်းဆုံး ပြုလုပ်နိုင်သည့် (save percentage – 54%) ဂိုးသမားများစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်..(ပူးတွဲပုံတွင် ကြည့်ရှုန်..)။ စပိန်လက်ရွေးစင် ဂိုးသမားအနေဖြင့် နောက်တန်းလူများအပေါ် ညွန်ကြားနိုင်မှု၊ နောက်တန်းလူများနှင့် နားလည်မှုပိုင်း အားနည်းသလို အသင်းခေါင်းဆောင် အက်ဇ်ပီလီကွဲတား ဆိုရင်လည်း ခံစစ်ပိုင်း ကာကွယ်မှုစွမ်းရည် ကောင်းမွန်နေသော်လည်း တိုက်စစ်ပိုင်း ပံ့ပိုးရာတွင် အမှားအယွင်းများနေဆဲဖြစ်သည်..။
ပြင်သစ်ဗဟိုနောက်ခံလူ ကတ် ဇူးမား မှာ လက်ရှိအချိန်ထိ ဖရန့် လမ်းပတ် ၏ ယုံကြည်ကိုးစားမှုအရှိဆုံး ဗဟိုနောက်ခံလူ ဖြစ်သော်လည်း နေရာယူပုံနှင့် ဆုံးဖြတ်ချက်ပိုင်းများတွင် အားနည်းချက်များ ရှိနေဆဲဖြစ်သည်..။ ရာသီအစပိုင်းက ခြေစွမ်းပြ၊ တောက်ပခဲ့သော လူငယ်နောက်ခံလူ ဖီကာရို တိုမိုရီ မှာ တဖြည်းဖြည်းနှင့် မှိန်ဖျော့သွားပြီး ကျောက်ဆောင်ကြီး အန်တိုနီယို ရူဒီဂါ မှာ မနှစ်ကခြေစွမ်းမျိုးကို မရှိနိုင်သေးပေ..။ လူငယ်နောက်ခံလူများအနက် အင်ဒရီးယက်စ် ခရစ်စ်တီယန်ဆန် မှာ ပင်ကိုယ်ပါရမီ အရည်အချင်းနှင့် ပွဲကိုဖတ်နိုင်စွမ်းရည်များတွင် အကောင်းဆုံးဖြစ်သော်လည်း သူ၏ခန္ခာကိုယ် ကြံ့ခိုင်မှုပိုင်း အားနည်းမှု..၊ အသင်းသားများအပေါ် ခေါင်းဆောင်မှု မပေးနိုင်တို့ကြောင့် ဖရန့် လမ်းပတ် ၏ ယုံကြည်ကိုးစားမှုကို မရရှိပဲ ဖြစ်နေခဲ့သည်..။ ထို့အပြင် အီမာဆန် နှင့် မားကို့စ် အလွန်ဆို တို့၏ ဘယ်တောင်ပံ ခံစစ်ကြောင်းမှာ ချယ်လ်ဆီးအသင်း၏ အားအနည်းဆုံးနေရာတစ်ခု ဖြစ်နေခဲ့သည်..။
ကမ္ဘာ့အကောင်းဆုံး ကွင်လယ်အဖျက် ကစားသမားတစ်ယောက်ဖြစ်သည့် အန်ဂိုလို ကန်တေး မှာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက်ပိုင်း ယခင်ခြေစွမ်းမျိုး ပြန်လည်ရရှိနိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်..။ တကယ်တော့ အန်ဂိုလို ကန်တေး ယခုလို ရုန်းကန်နေရခြင်းမှာ ဖရန့် လမ်းပတ် ၏ နည်းစနစ်ပိုင်းကြောင့်လည်း သက်ဆိုင်နေပေသည်..။ ခရစ်စ်တီယန် ပူလီဆစ် မှာ တဖြည်းဖြည်းနှင့် ပြန်လည်မှိန်ဖျော့နေသလို တော့တင်ဟမ် အသင်းနှင့်ပွဲစဉ်တွင် သူ၏ယခုနှစ်ဘောလုံးရာသီ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့သည့် ဝီလီယံ မှာ ခြေစွမ်းမတည်မငြိမ် ဖြစ်နေဆဲပင်..။ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း မှာ ဒဏ်ရာမှ ပြန်လည်သက်သာလာစအချိန် ငါးပွဲအတွင်း တစ်ဂိုးသွင်း၊ လေးဂိုးဖန်တီးပေးနိုင်ခဲ့ပြီး တောက်ပခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းသည့်အပြင် သူ့အပေါ် ကျရောက်နေသည့် ဖိအားများကြောင့် ယုံကြည်မှု ပျောက်ဆုံးနေသည့်ပုံစံ မြင်တွေ့နေရသည်..။ မစ်ချီ ဘတ်ရှူအားယီ နှင့် ရော့စ် ဘာကလေ တို့မှာ ဖရန့် လမ်းပတ် ၏ ယုံကြည်အားထားမှုကို ပြန်လည်ရရှိရန် ရုန်းကန်နေရဆဲဖြစ်သည်..။
(၃) ဖရန့် လမ်းပတ် ၏ နည်းစနစ်ပိုင်း..
တကယ်တော့ ယခုလိုကစားသမားအများအပြား တည်ငြိမ်သည့်ခြေစွမ်း ပြသနိုင်ရန် ရုန်းကန်နေရခြင်းမှာ ဖရန့် လမ်းပတ် ၏ နည်းစနစ်ပိုင်းနှင့် တိုက်ရိုက်သက်ဆိုင်မှု ရှိနေပါသည်..။ ပထမဆုံးအနေဖြင့် ဖရန့် လမ်းပတ် မှာ ပြိုင်ဘက်အသင်း၏ အနေအထားပေါ် မူတည်ပြီး သူ၏ပွဲထွက်ကစားသမား အခင်းအကျင်းမှာ ပြောင်းလွယ်၊ ပြင်လွယ်ရှိသည်..၊ သူ၏နည်းဗျူဟာနှင့် အခင်းအကျင်းအပေါ် ပြိုင်ဘက်များ ခန့်မှန်းရခက်ခဲခဲ့သည်..။ သို့သော်အားနည်းချက်အနေဖြင့် ရာသီတစ်ဝက်ကျိုးလာချိန်အထိ ခိုင်မာသော ကစားကွက်၊ အခင်းအကျင်းကို တည်ဆောက်နိုင်ခြင်း မရှိသေးသလို အခြေခံနည်းစနစ်ပိုင်း အမှားအယွင်းများကို မပြင်ဆင်နိုင်သေးပဲ ရှိသည်ကိုလည်း တွေ့ရသည်..။
ဝုလ်ဖ်အသင်း၊ တော့တင်ဟမ် အသင်းတို့နှင့် ပွဲစဉ်များတွင် ၃- ၄- ၃ ကစားကွက်ဖြင့် အောင်မြင်မှုရရှိခဲ့သော်လည်း ပထမရာသီဝက်အထိ ပွဲထွက်အခင်းအကျင်းများအရ ဖရန့် လမ်းပတ် ၏ စိတ်ကြိုက်အခင်းအကျင်းမှာ ၄- ၂- ၃- ၁ ပုံစံဖြစ်သည်ဟု ယူဆရသည်..။ သို့သော်သူ့အနေဖြင့် ကျစ်လျစ်ပြီး အသင်းသားများနှင့် လိုက်လျောညီထွေရှိသည့် ကစားကွက် ပုံစံတစ်ခုအဖြစ် ပုံဖော်နိုင်စွမ်း မရှိသေးသည်ကို တွေ့ရှိရသည်..။ တကယ်တော့ ၄- ၂- ၃- ၁ ကစားကွက်မှာ ပြောင်းလွယ်ပြင်လွယ်ရှိသော်လည်း ကျစ်လျစ်သိပ်သည်းမှုအပြည့်ဖြင့် ကစားနိုင်ရန်အတွက် အဆိုပါကစားကွက်ပါ နေရာအသီးသီးနှင့် ကိုက်ညီသည့် ကစားသမားများ ရှိနေရန် လိုအပ်သလို ကစားသမား တစ်ဦးချင်းစီအတွက် တိကျသည့် အသေးစိတ် ညွန်ကြားချက်များ ထားရှိရန် လိုအပ်သည်..။ သို့သော်ဖရန့် လမ်းပတ် မှာ ကစားသမားများကို မိမိတို့စိတ်ကြိုက် လွတ်လွတ်လပ်လပ် ကစားစေလိုသည့် အယူအဆအရ ကစားသမားတစ်ဦးချင်းစီအတွက် အသေးစိတ် ညွန်ကြားချက်များ ပေးအပ်ထားခြင်းမရှိပဲ ကစားကွက် အခင်းအကျင်းအတိုင်း မိမိတို့ဇုန်အလိုက်သာ သတ်သတ်မှတ်မှတ် လှုပ်ရှားကြရန် မှာကြားထားပုံရသည်..။ ထို့ကြောင့် ပြိုင်ဘက်အသင်းများမှာ အချိန်ကြာလာသည့်နှင့်အမျှ အားနည်းချက်များကို ရှာဖွေရန် လွယ်ကူခဲ့သည်..။ အထူးသဖြင့် အဆိုပါကစားကွက်အခင်းအကျင်း၏ အားနည်းချက်များမှာ ခံစစ်ပိုင်းနှင့် ကွင်းလယ်ကြားမှ ကွက်လပ်၊ ကွင်းလယ်ကစားသမားနှစ်ယောက်၏ ခံစစ်ပိုင်းတာဝန်ယူမှု နှင့် နောက်ခံအစွန်လူများ (full backs) တိုက်စစ်ကို လိုက်ပါသွားချိန် ပေါ်လာသော ကွက်လပ်များဖြစ်သည်..။
Deep Playmaker အဖြစ် တာဝန်ယူသော ဂျော်ဂင်ဟို မှာ ပြိုင်ဘက်အသင်း၏ ဖိအားပေးမှု (press) ကို ရုန်းထွက်ရာတွင် ကောင်းမွန်သော်လည်း သူ၏ပေးပို့နိုင်မှု အကာအဝေး (passing range) မှာ ဖာဘရီဂတ်စ် ကဲ့သို့ မဟုတ်ပဲ မိမိကွင်းဘက်ခြမ်းမှ တစ်ဖက်နောက်တန်းခံစစ်ကြောင်းနောက်ရှိ ကွက်လပ်များသို့ ရှာဖွေပေးပို့နိုင်စွမ်း မရှိပေ..။ ထို့ကြောင့်တိုက်စစ်ကစားသမားများမှာ နောက်ကိုဆင်းဆင်းပြီး ဘောလုံးလက်ခံယူရသည့်အတွက် လျှင်မြန်သည့်အရှိန်အဟုန်နှင့် တန်ပြန်တိုက်စစ်ဆင်နိုင်ခြင်းမရှိပဲ ဖြစ်နေခဲ့သည်..။ ထို့အပြင် ဂျော်ဂင်ဟို နှင့် တွဲဖက်သည့် ဒုတိယကွင်းလယ်လူ (second midfielder) ၏ တာဝန်ယူမှုအပိုင်းတွင်လည်း အားနည်းချက်များ ရှိနေခဲ့သည်..။ ဖရန့် လမ်းပတ် မှာ ကိုဗာဆစ်/ ကန်တေး အား တိုက်စစ်ကို အလွန်အကျွံ (aggressive) လိုက်ပါစေရန် မှာကြားထားပုံရသည်..။ ထိုသို့ double pivot ၏ ဒုတိယကွင်းလယ်လူမှ တိုက်စစ်ဇုန် အဆုံးသတ်ပိုင်း (final third) အထိ လိုက်ပါခြင်းမှာ ထူးဆန်းသည့် နည်းဗျူဟာမဟုတ်သော်လည်း ကိုဗာဆစ် ရော၊ ကန်တေး ရောမှာပါ တိုက်စစ်အားသန် ကွင်းလယ်ကစားသမားတစ်ယောက်၏ စွမ်းရည်မျိုး အပြည့်အ၀ ရှိမနေသည့်အပြင် အမြဲတမ်းလိုလို တိုက်စစ်ဇုန်မှာပဲ ရှိနေခြင်းကြောင့် ပြိုင်ဘက်ကစားသမားများမှာ ကွင်းလယ်ခံစစ်ဇုန်ကို အရှိန်အဟုန်နှင့် အလွယ်တကူ ကျော်ဖြတ်သွားခြင်းကို မကြာခဏ ရင်ဆိုင်ခဲ့ရသည်..။
ပြိုင်ဘက်အသင်းကို ထိုးဖောက်ရာတွင် ဖရန့် လမ်းပတ် မှာ ကိုဗာဆစ်/ ကန်တေး တို့ကို တိုက်စစ်ဇုန်အထိ လိုက်ပါခိုင်းသည်..၊ မေဆန် မောင့် ကို ကွင်းလယ်နှင့် ခံစစ်ကြောင်းအကြားတွင် လှုပ်ရှားခိုင်းထားပြီး တန်မီ အေဘရာဟမ် နှင့် တောင်ပံကစားသမားနှစ်ယောက်ကို အတွင်းဘက်ကို တိုးဝင်ခိုင်းသည့်အပြင် နောက်ခံအစွန်လူများကို တောင်ပံမှ အားဖြည့်စေခဲ့သောကြောင့် တစ်ဖက်အသင်း၏ ခံစစ်ဇုန်ထဲတွင် လူတွေကျပ်ကုန်ပြီး တိုက်စစ်လမ်းကြောင်းများ ပိတ်ဆို့ကုန်သည့် အခြေအနေများကို မကြာခဏ ကြုံတွေ့ခဲ့ရသည်..။ ထို့ကြောင့် ဖရန့် လမ်းပတ် အနေဖြင့် စုပြုံပိတ်ဆို့သော ခံစစ်ကြောင်းများကို ထိုးဖောက်နိုင်ရန် ယခုတက်ပိုပြီး စနစ်ကျသော၊ ပေးပို့မှု မြန်ဆန်တိကျသော နည်းဗျူဟာများကို ပြောင်းလဲနိုင်ဖို့ လိုအပ်နေပေသည်..။
ဖရန့် လမ်းပတ် မှာ ၄- ၃- ၃ ကစားကွက်ကို ရံဖန်ရံခါမှ အသုံးပြုလေ့ရှိသည်..။ တကယ်တော့ ၄- ၃- ၃ ကစားကွက်အခင်းအကျင်းတွင် ပြိုင်ဘက်အသင်းများ အသုံးချလေ့ရှိသည့် ကွင်းလယ်နှင့်ခံစစ်ကြောင်းကြားမှ ကွက်လပ်ပျောက်သွားသလို တိုက်စစ်ပိုင်း စွမ်းဆောင်ရည်လည်း ပိုမိုကောင်းမွန်သည်ကို တွေ့ရှိရသည်..။ ထို့အပြင် ၄- ၃- ၃ ကစားကွက်အခင်းအကျင်းမှာ ၄- ၂- ၃- ၁ ကစားကွက်လောက် တိကျသည့် အသေးစိတ် ညွန်ကြားမှု၊ ပေါင်းစပ်ရွှေ့လျားမှုတို့ မလိုအပ်သော်လည်း အဆိုပါကစားကွက် အခင်းအကျင်းအတိုင်း ထိရောက်စွာ ကစားနိုင်ရန် အရည်အချင်း ပြည့်မှီသည့် ကစားသမားများ (ဥပမာ- hold up play ကောင်းမွန်သော အထောင်တိုက်စစ်မှူးနှင့် တစ်ကိုယ်တော် ထိုးဖောက်မှု ကောင်းမွန်သော တောင်ပံကစားသမားများ) ရှိနေရန် လိုအပ်သည်..။ ထို့ကြောင့် လမ်းပတ် အနေဖြင့် ဟန်ချက်မညီသော ကစားသမားအင်အား အနေအထားတွင် တစ်ဦးချင်းအရည်အသွေး ပိုမိုပြည့်ဝသည့် တိုက်စစ်ပိုင်း အားဖြည့်မှု ပြုလုပ်ပြီး ၄- ၃- ၃ ကစားကွက်ဖြင့် ရှေ့ဆက်မလား..? လူစာရင်းကို ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိပဲ လက်ရှိကျင့်သုံးနေသော ၄- ၂- ၃- ၁ ကစားကွက်ကို ပိုမိုစနစ်ကျပြီး ဟန်ချက်ညီညီ ကျစ်လျစ်သော ကစားကွက်ဖြစ်လာအောင် ဖြည်းဖြည်းချင်း ပြောင်းလဲမလား..? ဆိုသည့် လမ်းနှစ်သွယ်ကို စဉ်းစားရမည့်သဘော ဖြစ်နေခဲ့သည်..။ ဒါကလည်း သူ၏နည်းစနစ်ပိုင်းအရွေ့မှာ ယခုလာမည့် အပြောင်းအရွှေ့ ရာသီအတွင်း အသင်း၏ လှုပ်ရှားမှုအပေါ် မူတည်နေနိုင်ပါသည်..။
(၄) ဇန်နဝါရီ အပြောင်းအရွှေ့ကာလ..
ချယ်လ်ဆီးအသင်းအပေါ် ချမှတ်ထားသော transfer ban ပြစ်ဒဏ်ကို ရုပ်သိမ်းပြီး ဖြစ်သည့်အတွက် ထိပ်ဆုံးလေးသင်းနေရာကို ဆက်လက်ထိန်းသိမ်းပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယခုအချိန်တွင် အသင်းကို အားဖြည့်မှု ပြုလုပ်ရမည်ဆိုသည့်အတွေးက အသင်းပရိသတ်တိုင်းမှာ ရှိနေခဲ့သည်..။ ထိုသို့ကစားသမားသစ်များ ဝယ်ယူအားဖြည့်မှု တစ်ခုတည်းနှင့် အသင်းတွင်ရှိနေသည့် ပြသနာအားလုံးကို ပြေလည်သွားနိုင်မည် မဟုတ်သော်လည်း ကစားသမားအသစ် အားဖြည့်ခွင့်ရသည့် အခွင့်အရေးကို ထိထိမိမိ အသုံးချပြီး အသင်းအတွက် အမှန်တကယ် လိုအပ်သည့်နေရာများကို ဦးစားပေး ဖြည့်တင်းနိုင်ရန်တော့ လိုအပ်ပေလိမ့်မည်..။
ယနေ့အထိ ပေါ်ထွက်နေသည့် အပြောင်းအရွှေ့ ကောလဟာလသတင်းများအရ အသင်းဘုတ်အဖွဲ့မှာ ဘယ်နောက်ခံလူ၊ တောင်ပံကစားသမားနှင့် တိုက်စစ်မှူးနေရာများကို ဖြည့်တင်းရန် စဉ်းစားနေသည်ဟု ယူဆရသည်..။ ဒါကလည်း အသင်းကနေ ထွက်ခွာရန် ရှိနေသည့် ကစားသမားများ၏ အခြေအနေနှင့် ချိန်ညှိနေပုံရပါသည်..။ သို့သော်ဇန်နဝါရီ အပြောင်းအရွှေ့၏ သဘောသဘာဝအရ အခြေအနေကောင်းများ ရရှိနေသည့် အသင်းကြီးအတော်များများမှာ သူတို့၏အဓိက ကစားသမားများကို လွယ်လွယ်ကူကူနှင့် လက်လွတ်နိုင်ဖွယ် မရှိသောကြောင့် ပရိသတ်များအကြား ရေပန်းစားနေသည့် ဂျာဒွန် ဆန်ချို၊ တီမို ဝါနာ နှင့် ဘင် ချီဝဲလ် တို့လို ကစားသမားများကို ယခုလိုဒုတိယရာသီဝက်တွင် ခေါ်ယူနိုင်ရန် အလားအလာ အင်မတန်မှ နည်းပါးနေပေသည်..။
ယခုဆောင်းပါး ပြီးဆုံးအချိန်အထိ ကစားသမား အဝင်အထွက်နှင့် ပတ်သက်ပြီး ခိုင်မာသော သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးသလို ချယ်လ်ဆီးအသင်းမှာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတိုင်းတွင် ဈေးကွက်ပိတ်သိမ်းခါနီးမှ လှုပ်ရှားလေ့ရှိသည့် သဘာဝရှိသည့်အတွက် ပရိသတ်များအနေဖြင့် စိတ်ရှည်ရှည်ထားနိုင်ရန် လိုအပ်ပါသည်..။
(၅) နိဂုံးသုံးသပ်ချက်
ယခုရာသီဝက် ကုန်ဆုံးသွားချိန်တွင် ဖရန့် လမ်းပတ် ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများ၊ ကန့်သတ်ချက်များအရ အဆင့်လေးနေရာတွင် တည်တည်ငြိမ်ငြိမ် ရပ်တည်နေနိုင်သည့် စွမ်းဆောင်ရည်မှာ ကျေနပ်စရာ၊ လက်ခံနိုင်စရာ စွမ်းဆောင်ရည်ဖြစ်ပါသည်.။ ယခုလို အောင်မြင်မှုတွေ ရရှိနေသလို အခြားတစ်ဘက်တွင် သိသာထင်ရှားသည့် နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်၊ လိုအပ်ချက်များဖြစ်သည့် ခိုင်မာကျစ်လျစ်သည့် ကစားဟန် မတည်ဆောက်နိုင်သေးခြင်း..၊ ကစားသမားအများစု ပုံမှန်ခြေစွမ်း မရရှိခြင်း၊ သူ၏ဦးစားပေးကစားကွက်နှင့် အံမဝင်သည့် ကစားသမားအများအပြား ရှိနေခြင်း၊ ကစားကွက်ပုံစံတိုင်းတွင် ကစားသမား တစ်ဦးချင်းစီအတွက် တိကျသည့် အသေးစိတ် ညွန်ကြားချက် ပေးအပ်ထားမှုမရှိခြင်းတို့ကို အမြန်ဆုံးပြုပြင်နိုင်ရန် လိုအပ်ပေလိမ့်မည်..။
ထို့ကြောင့် ဖရန့် လမ်းပတ် နှင့် လူငယ်ကစားသမားများအနေဖြင့် ယခုတက်ပိုမိုကောင်းမွန်သည့် နည်းစနစ်ပိုင်း ချဉ်းကပ်မှု၊ လူအခင်းအကျင်းဖြင့် အခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်းသွားနိုင်မည်ဟု မျှော်လင့်ထားသော်လည်း အသင်းတွင် ပေါ်ပေါက်နေသည့် အခက်အခဲအားလုံးကို တမဟုတ်ချင်း အလွယ်တကူ ဖြေရှင်းသွားနိုင်လိမ့်မည်ဟု ယူဆထားလို့တော့ မရနိုင်ပေ..။ ယခင်ကာလကနှင့် မတူခဲ့သည့် ဘောလုံးရာသီတစ်ခုနှင့် စတင်ခဲ့သည့်အတွက် အခက်အခဲများ၊ ကန့်သတ်ချက်များကို နားလည်ပေးထားရန် လိုအပ်သလို မာကျောသော ပြိုင်ဘက်များကို အတွေ့အကြုံ..၊ သင်ယူမှုတို့ဖြင့် ကျော်ဖြတ်သွားနိုင်လိမ့်ဟု ယူဆရပါသည်.။ တစ်ဖက်ကလည်း ယခုနှစ်ဘောလုံးရာသီတွင် အောင်မြင်မှုများ ရရှိနိုင်ရန်နှင့် အနာဂတ်အတွက် အခြေခံအုတ်မြစ်ကောင်းများ ချမှတ်နိုင်ရန်အတွက် ချက်ချင်လက်ငင်း ဖြေရှင်းသင့်သော ရေတိုပြသနာများကို အမြန်ဆုံးဖြေရှင်းပေးနိုင်ရန် လိုအပ်ပါသည်..။ ထို့ကြောင့်ချယ်လ်ဆီးအသင်း၏ ဖရန့် လမ်းပတ် နှင့် လူငယ်ကစားသမားများဖြင့် စတင်လာခဲ့သော အပြောင်းအလဲ ‘transformation one’ ဘောလုံးရာသီမှာ ရာသီဝက်အထိ ကျေနပ်ဖွယ်ကောင်းနေသေးသည်ဟု ပြောနိုင်သော်လည်း ပန်းဝင်ခရီးတွင် လှပစေရန်ဆိုလျှင် ဤခရီးမှာ မနီးသေးကြောင်း တင်ဆက်ပေးလိုက်ရပါသည်..။
#FRANK
(We aint got no history မှ ဆောင်းပါးရှင် highwayman89 ၏ “Mid-season Evalution: League Position, Players, Tactics, Transfers” ဆောင်းပါးကို ပြန်ဆိုပါသည်..။)