‘အင်ဒရီးယက်စ် ပီယာလို’..
သူ့အတွက်တော့ သပ်သပ်ရပ်ရပ်၊ လှလှပပ ကန်သွင်းနိုင်လိုက်တဲ့ ပြစ်ဒဏ်ဘော ကန်ချက်တစ်ခုဟာ ပြီးပြည့်စုံတဲ့ ခံစားမှုကို ပေးစွမ်းနိုင်တယ်တဲ့…။ လူတံတိုင်းရဲ့ခေါင်းပေါ်ကနေ အသာလေး ဖြတ်ကျော်သွားပြီး ဂိုးသမား လက်လှမ်းမမှီနိုင်တဲ့ ဂိုးထောင့်ထဲကို ဝှေ့ဝှိုက်ဂိုးဝင်သွားတဲ့ ခံစားချက်ကို ‘ဘဝရဲ့ အချိုမြိန်ဆုံး အရသာ’ လို့ သူ့ရဲ့ကိုယ်တိုင်ရေး အတ္တုပတ္တိစာအုပ်ထဲမှာ ပြောကြားသွားခဲ့ပါတယ်..။
ဒင်းနစ်စ် ဘားကမ့်ပ် ကတော့ ‘ပြီးပြည့်စုံတဲ့ အထိန်းအသိမ်း..၊ ထိချက်များ (perfect touch)’ ကို နှစ်သက်ပါသည်တဲ့..။ သူ့ရဲ့အလှပဆုံးသွင်းဂိုးတွေဖြစ်တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အာဂျင်တီးနားအသင်းနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ဂိုး..၊ လက်စ်တာအသင်း၊ နယူးကာဆယ် အသင်းတွေနဲ့ပွဲစဉ်တွေမှာ သွင်းယူခဲ့တဲ့ တစ်သက်တာ အမှတ်တရဂိုးတွေထက်စာရင် အဲဒီဂိုးတွေမသွင်းယူခင် နောက်ခံလူတွေ ငုတ်တုတ်မေ့ခဲ့ရတဲ့ အထိန်းအသိမ်းများကို ပိုပြီးအမှတ်ရမိကြောင်း ပြောပြပါတယ်..။ အဲဒီဂိုးတွေဆိုတာ ပြီးပြည့်စုံတဲ့ ထိချက်တွေရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ ဖြစ်တာကြောင့် perfect touch တွေကို ပိုပြီးအမှတ်ရ၊ ဂုဏ်ပြုသင့်တယ်လို့ သူကယူဆခဲ့ပါတယ်..။
အဲဒီလို ‘ကစားပွဲတွေမှာ သင့်ကိုကြည်နူးမှု အပေးနိုင်ဆုံံးအရာက ဘာလဲ..?’ ဆိုတဲ့ မေးခွန်းကို မေးဖြစ်မယ်ဆိုရင် အနုပညာဆန်တဲ့..၊ ဖန်တီးမှုပိုင်း ကောင်းမွန်တဲ့ ကစားသမားတွေပဲ ခေါင်းထဲရောက်လာမှာပါ..။ ‘အန်ဂိုလို ကန်တေး’ လို ကစားသမားကိုတော့ ဘယ်သူမှစဉ်းစားမိမှာ မဟုတ်ပါဘူး..။ ဘာဖြစ်လို့်လဲဆိုတော့ သူ့ရဲ့ပေးဆပ်မှုဟာ ပရိသတ်ရဲ့ မျက်စိထဲမှာ အနုပညာမဆန်တာကြောင့်ပါပဲ..။ အန်ဂိုလို ကန်တေး ဟာ အနုပညာရှင်တစ်ယောက် မဟုတ်ပါဘူး..။ သူဟာအသင်းမှာရှိတဲ့ အနုပညာရှင် ကစားသမားတိုင်းအတွက် အကောင်းဆုံး အကြမ်းထည်တွေကို ဖန်တီးပေးနေတဲ့ ပန်းပုဆရာ တစ်ယောက်လို့ ပြောရင် ပိုပြီးသင့်တော်မှာပါ..။
ဒ့ါကြောင့်အဲဒီလို မေးခွန်းအတွက် အန်ဂိုလို ကန်တေး ရဲ့အဖြေကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်..။ ဘောလုံးကစားနည်းမှာ သူ့ကိုကြည်နူးမှု အပေးဆုံးအရာကတော့ “အသင်းဖော်တွေကို ကူညီနေရခြင်း၊ သူ့ရဲ့လုပ်အားတွေ အကောင်အထည်ပေါ်နေခြင်း၊ ကိုယ်ကျိုးမပါပဲ အသင်းရဲ့အောင်မြင်မှု၊ အသင်းသားတွေရဲ့ အောင်မြင်မှုကို မျက်ဝါးထင်ထင် မြင်တွေ့နေရခြင်း ဖြစ်တယ်လို့ သူကဖြေကြားခဲ့ပါတယ်..။ သူ့အတွက် အမှတ်ရနေမယ့် အရာတွေထဲမှာ လှပ၊ သပ်ရပ်တဲ့ ဖျက်ထုတ်မှုတွေ..၊ မြန်ဆန်သွက်လက်တဲ့ တန်ပြန်တိုက်စစ်တွေ..၊ ရှားရှားပါးပါး ရရှိခဲ့တဲ့ သွင်းဂိုးတွေလည်း မပါဝင်ခဲ့ပါဘူး..။
“ဘောလုံးကစားနည်းမှာ ကျွန်တော်အနှစ်သက်ဆုံးက ‘ဆုဖလားကို ကိုင်မြှောက်ရတဲ့ အရသာ’ ပါပဲ..။ ဒါဟာထူးခြားတဲ့ အရည်အချင်းမဟုတ်ပါဘူး..။ ဆုဖလားကို ကိုင်မြှောက်မယ်..၊ ပြီးရင်စုပေါင်း ဓါတ်ပုံရိုက်ကြမယ်..၊ အဲဒီဓါတ်ပုံမှာ လုပ်အားနှုန်းတွေ..၊ အသင်းလိုက်စုစည်းမှုတွေ..၊ ညီညွတ်မှု၊ ပေးဆပ်မှုတွေအများကြီး ပါဝင်နေပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့အားလုံးရဲ့ အန္တိမရည်မှန်းချက်ဟာ ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ပါပဲ..။ ဓါတ်ပုံတစ်ပုံမှာ ကျွန်တော့်အတွက် အမှတ်တရတွေအများကြီး ပါဝင်နေပါတယ်..။”
ဒ့ါကြောင့် ‘ကစားပွဲတွေမှာ သင့်ကိုကြည်နူးမှု အပေးနိုင်ဆုံံးအရာက ဘာလဲ..?’ ဆိုတဲ့ မေးခွန်းရဲ့အတွက် အန်ဂိုလို ကန်တေး ရဲ့အဖြေက ‘အောင်မြင်မှုတွေရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်နေရခြင်း’ လို့ ပြောခဲ့ပါတယ်..။
ကြွက်ကလေး၏ ယုံတမ်းပုံပြင်များ…
လုပ်အားနှုန်းအပြည့်နဲ့ တိတ်တဆိတ် မနားတမ်းလှုပ်ရှားနေတာကြောင့် ‘ကြွက်ကလေး’ တစ်ကောင်အလား ချစ်စနိုး တင်စားခံခဲ့ရတဲ့ အန်ဂိုလို ကန်တေး နဲ့ ပတ်သက်တဲ့ ပုံပြင်တွေ..၊ တင်စားချက်တွေ အများအပြား ရှိခဲ့ပါတယ်..။ လေ့ကျင့်ခန်းဆင်းဖို့ အားမရနိုင် ဖြစ်နေတဲ့အတွက် အသင်းဖော်တွေက ကားဝယ်ဖို့ တိုက်တွန်းရတဲ့အကြောင်း..၊ အဲဒီလို တိုက်တွန်းမှုကြောင့် ကားဝယ်ဖြစ်တဲ့အခါမှာလည်း စူပါစတား ကြယ်ပွင့်ကစားသမား တစ်ယောက်နဲ့ မတန်မရာ မီနီ ကူးပါး ကားသေးသေးလေးကိုပဲ အမြတ်တနိုး စီးနင်းနေတဲ့အကြောင်း..၊ ကမ္ဘာ့ဖလား ဆုဖလားနဲ့ အောင်ပွဲခံဖို့ ရှက်ရွံ့နေတဲ့အကြောင်း စသဖြင့် သူနဲ့ပတ်သက်တဲ့ ချစ်စရာဖြူစင်တဲ့ ပုံပြင်တွေများစွာထဲမှာ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပိုမိုတောက်ပစေဖို့ အမှန်တရားကို ပိုပိုသာသာ ဆားခပ်ပြီး ချဲ့ကားပြောဆိုမှုတွေ ပါဝင်ခဲ့ပါတယ်..။
မော်စကိုမြေမှာ ကမ္ဘာ့ဖလား ဆုဖလားကြီးနဲ့အတူ အသင်းဖော်တွေ အောင်ပွဲခံတဲ့အချိန် ကန်တေး ဟာ ဆုဖလားနဲ့အတူ အောင်ပွဲခံဖို့ ရှက်နေတာကြောင့် စတီဖင် အန်ဇော်ဇီ က သူ့ကိုဖလားနဲ့အတူ အတင်းဓါတ်ပုံရိုက်ခိုင်းရတယ်လို့ အိုလီဗီယာ ဂျီရူးဒ် က ပြောခဲ့ပါတယ်..။ ဒါပေမယ့် အမှန်တကယ်မှာ အဲဒီလို မဟုတ်ခဲ့ဘူးလို့ ကန်တေး က ပြန်ပြောပြခဲ့ပါတယ်..။
“ကျွန်တော်က ဖလားရတဲ့ အခိုက်အတန့်ကို ကြည်နူးတဲ့ခံစားမှု ရယူနေတာပါ..။ ဒါ့ကြောင့်အသင်းခေါင်းဆောင် ဟူဂို လိုရစ် တို့ ဆုဖလားကို စပြီးမြှောက်တဲ့အချိန် သူတို့နဲ့ ခပ်ဝေးဝေးမှာ ရှိနေခဲ့ပါတယ်..။ ကျွန်တော်က ကိုယ့်အလှည့်ရောက်လာမယ့်အချိန်ကို အေးအေးဆေးဆေး စောင့်နေတာပါ..။ ဆုဖလားကို မကိုင်ခင်လို့ အဝေးမှာ ရှောင်ပုန်းနေတာ မဟုတ်ပါဘူး..။”
ဒါ့အပြင် သူ့ရဲ့မီနီ ကူးပါး ကားသေးလေးနဲ့ ပတ်သက်ပြီး တစ်ချိန်က အသင်းဖော် ဂျေမီ ဗာဒီ ကလည်း အခုလို ဆေးထိုးခဲ့ပါသေးတယ်..။ အန်ဂိုလို ကန်တေး ဟာ အသင်းက အစီအစဉ်တွေကို အားမရတာကြောင့် ကားကိုအိမ်မှာပဲထားခဲ့ပြီး အိမ်နဲ့လေ့ကျင့်ကွင်းကို ပြေးသွား၊ ပြေးလာပဲ လုပ်တဲ့အကြောင်း ဂျေမီ ဗာဒီ က ပြောခဲ့ပါတယ်..။ အန်ဂိုလို ကန်တေး ကတော့ “ကျွန်တော်အဲဒီလို မလုပ်ခဲ့ပါဘူး..။ ကားလေးနဲ့ပဲ တတ်နိုင်သမျှ သွားလာခဲ့တာပါ” လို့ ငြင်းဆိုခဲ့ပါတယ်..။
တကယ်တော့ အဲဒီလိုချစ်စရာ ပုံပြင်တွေဟာ မှန်သည်ဖြစ်စေ..၊ မမှန်သည်ဖြစ်စေ.. ပရိသတ်တွေ ယုံကြည်လက်ခံခဲ့တဲ့ အကြောင်းရင်းကတော့ သူ့ရဲ့ပုံစံ၊ အကျင့်စရိုက်နဲ့ ကိုက်ညီတာကြောင့်ပါပဲ..။ ဒီလိုရှားပါးလှတဲ့ သူ့ရဲ့အကျင့်စရိုက်ကို အားဖြည့်ပေးလိုက်တဲ့ နောက်ထပ်ကောင်းခြင်းအဖြာဖြာတွေကတော့ အသင်းအပေါ် သစ္စာရှိခြင်းနဲ့ အမှန်တရားကို မြတ်နိုးခြင်းဖြစ်ပါတယ်..။ သူဟာအေးဂျင့်တွေရဲ့ လှုံ့ဆော်၊ နှိုးဆွမှုတွေကို မတုန်မလှုပ် ကြံ့ကြံ့ခံပြီး မိခင်အသင်းအပေါ် သစ္စာရှိခဲ့သလို ဝင်ငွေခွန်သက်သာစေဖို့ အသင်းကပေးတဲ့ အကြံအစည်ကိုတောင် လက်မခံပဲ အမှန်အတိုင်းပဲ အခွန်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ Football Leaks က ဖော်ထုတ်တွေ့ရှိချက်တွေဟာ သူ့ရဲ့မစွန်းမထင်းတဲ့ ကိုယ်ကျင့်တရားကို ပိုပြီးတောက်ပြောင်စေခဲ့ပါတယ်..။
ကန်တေး ရဲ့ ကွင်းထဲက လုပ်အားနှုန်း၊ ပေးဆပ်မှုတွေဟာ ကိုယ်တိုင်တောက်ကြွားနိုင်ဖို့ထက်စာရင် တခြားသူတွေ တောက်ပခွင့်ရအောင် ပံ့ပိုးပေးနေတဲ့ လျှောက်လှမ်းတစ်ခုလို ဖြစ်နေတဲ့အပြင် သူ့ရဲ့အပြစ်ကင်းတဲ့ အပြုံးပုံရိပ်များကလည်း ကွင်းထဲက အနားသတ်မဲ့ လှုပ်ရှားမှုတွေလို အမြဲတမ်း တောက်ပနေတဲ့ ‘Kante’s Role’ ကို ပိုမိုလင်းလက်စေခဲ့ပါတယ်..။ ဒါပေမယ့် သူဟာ အများကသူ့ကို စူပါစတား တစ်ယောက်လို မြင်လာအောင် ဘယ်တုန်းကမှ ကျင့်ကြံနေထိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး.။
ပြီးခဲ့တဲ့အပါတ်က လန်ဒန်မြို့ Nine Elms လမ်းပေါ်က စတိုးဆိုင်တစ်ခုမှာ ပြုလုပ်ခဲ့တဲ့ Adidas ကုမ္ပဏီရဲ့ လာမယ့်ဥရောပဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် Uniforia ဘောလုံး ပရိုမိုးရှင်း အခမ်းအနားကို ကန်တေး ဟာ အသင်းဖော် မစ်ချီ ဘတ်ရှူအားယီ၊ ကက်ပါ အရီဇာဘာလာဂါ၊ အဲဗာတန်အသင်းမှ မွိုက်စ် ကိန်း၊ အာဆင်နယ် ဂန္တဝင်တိုက်စစ်မှူးဟောင်း အီယန် ရိုက် တို့နဲ့အတူ တက်ရောက်ခဲ့ပါတယ်..။ အဲဒီအခမ်းအနားမှာ သူကအလုပ်သဘောအရ တက်ရောက်ရတာ ဖြစ်ပေမယ့် အခုလို ကိန်းကြီးခမ်းကြီး အခမ်းအနားတွေကို သဘောမတွေ့လှကြောင်း အခုလို ပြောပြပါတယ်..။
“ဒီလိုအခမ်းအနားတွေနဲ့ အကျွမ်းတဝင် ဖြစ်လာအောင် လေ့ကျင့်ယူရဦးမယ်ဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ တခါတလေကျ မဖြစ်မနေ တက်ရောက်ပေးဖို့ လိုအပ်တာကိုး…”
ဘတ်ရှူအားယီ၊ အရီဇာဘာလာဂါ နဲ့ မွိုက်စ် ကိန်း တို့ဟာ မီးရောင်စုံ၊ ဆလိုက်မီး၊ ကင်မရာမီး တဖျက်ဖျက်အောက်မှာ အသားကျနေပေမယ့် သူတို့ထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ ကန်တေး ကတော့ ဓါတ်ပုံဆရာတွေ..၊ မီဒီယာတွေရှေ့မှာ ဟန်လုပ်ပြရတာ အဆင်ပြေပုံ မရပါဘူး..။ ဒါဟာပုံပြင်ဟောင်းတွေနဲ့ဝေးရာ… ဟန်ဆောင်မှုတွေ မပါတဲ့ မူလလက်ဟောင်း ‘အန်ဂိုလို ကန်တေး’ ဖြစ်နေဆဲဆိုတဲ့ သက်သေပါပဲ..။
ဆုဖလားတွေနဲ့အတူ….
အန်ဂိုလို ကန်တေး နဲ့ ပတ်သက်ရင် ပြင်သစ်လီဂူးပြိုင်ပွဲ ကန်း အသင်းကနေ လက်စ်တာအသင်းဆီ သူ့ကိုခေါ်ဆောင်လာခဲ့တဲ့ နည်းပြတစ်ဦးနဲ့ ကင်းထောက် စတိဗ် ဝက်ရှ် ရဲ့ ဥပမာခိုင်းနှိုင်းချက်ဟာ နာမည်ကျော်ခဲ့ပါတယ်..။ အင်္ဂလန်မြေကို ရောက်ရောက်ချင်း ၂၀၁၅ ခုနှစ်မှာ လက်စ်တာ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလားရရှိခဲ့တဲ့ ဘောလုံးရာသီမှာ ကန်တေး ဟာ ဒရင့်ခ်ဝါးတား နဲ့အတူ တွဲဖက်ပြီး ကွင်းလယ်ကစားကွက်ကို ထိန်းကျောင်း၊ မောင်းနှင်ခဲ့ပါတယ်..။ အဲဒီဘောလုံးရာသီက သူ့ရဲ့သူမတူတဲ့ လုပ်အားနှုန်းအပေါ် စတိဗ် ဝက်ရှ် က ‘ကမ္ဘာဂြိုလ်ကြီးရဲ့ (၇၀%) ရာခိုင်နှုန်းကို သမုဒ္ဒရာတွေနဲ့ လွမ်းခြုံထားပြီး ကျန်တဲ့သုံးဆယ်ရာခိုင်နှုန်းကို ကန်တေး က လွှမ်းခြုံထားတယ်’ လို့ တင်စားခိုင်းနှိုင်းခဲ့ပါတယ်..။ သူပြောခဲ့အတိုင်း ကန်တေး ဟာ လက်စတာအသင်းရဲ့ ကွင်းလယ်တစ်ခုလုံး ထက်အောက်၊ ဘယ်ညာ ပြေးလွှား လွှမ်းခြုံထားပြီး သူတစ်ယောက်တည်းနဲ့ ပြိုင်ဘက်အသင်းရဲ့ ကွင်းလယ်ကို ဖြတ်တောက် ထိန်းချုပ်ထားနိုင်ခဲ့သလိုပါပဲ..။
ဒါဟာ လုပ်အားနှုန်းသက်သက်ပါ…။ အနုပညာ ဖန်တီးမှု မပါဝင်ခဲ့ပါဘူး..။ ကန်တေး ကလည်း သူ့ရဲ့ကစားပုံကို အဲဒီအတိုင်းပဲ ရိုးရိုးသားသား ရှုမြင်ပါတယ်..။
“ကျွန်တော်ဟာ စူပါစတား တစ်ယောက်လို့ ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို ရှုမြင်မထားပါဘူး..။ အရင်တုန်းကအတိုင်း ဘောလုံးကစားတဲ့ သာမာန်လူတစ်ယောက်လိုပဲ ကိုယ့်ကိုယ်ကို သဘောထားပါတယ်..။”
သို့သော်ကန်တေး က ထိုသို့လူရှေ့၊ သူရှေ့ မထွက်ချင်တဲ့ သူ့ရဲ့အကျင့်စရိုက်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာနဲ့ ကွဲပြားခြားနားကြောင်း အခုလိုပြောပြပါတယ်..။
“ကျွန်တော်ဟာ ကိုယ့်ကြောင့်သူတပါး အနှောင့်အယှက် မဖြစ်ရအောင် အမြဲတမ်းဂရုတစိုက် နေထိုင်လေ့ရှိပါတယ်..။ ဒါပေမယ့် အဲဒီအကျင့်စရိုက်ဟာ ကျွန်တော့်ရဲ့ ကစားဟန်အပေါ် ဘယ်တုန်းကမှ အနှောင့်အယှက် မဖြစ်ခဲ့ပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ပန်းခြံထဲမှာ လူဆယ်ယောက်ရဲ့ရှေ့..၊ အဲဒီကနေ လူ (၁၀၀)၊ လူ (၁,၀၀၀)..၊ လူတစ်သောင်း..၊ လူ (၈၀,၀၀၀).. နောက်တော့ တစ်ကမ္ဘာလုံးက လူတွေရှေ့.. အဆင့်ဆင့် ဖြတ်သန်းပြီး ကစားလာခဲ့တာကြောင့် အဲဒီလိုပြသနာ မရှိခဲ့ပါဘူး..။ ဒါ့ကြောင့်ကျွန်တော်ဟာ လူတွေရှေ့ထွက်ရတာ မနှစ်သက်ဘူးဆိုပေမယ့် အဲဒီအကျင့်ဟာ ကွင်းထဲကျရင် ကိုယ့်ကိုယ်ကို ယုံကြည်မရှိတာနဲ့ ကွာခြားပါတယ်..။"
ဒါ့အပြင် သူက “ကျွန်တော်ဟာ တစ်ဘက်အသင်းဆီကနေ ဘောလုံးကို ပြန်ပြီးအရယူရတာ နှစ်သက်တယ်..၊ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကို တားဆီးရတာကို နှစ်သက်ပါတယ်…။” လို့ ပြောကြားခဲ့ပါတယ်..။ သူဟာအသင်းလိုက် စုစည်းမှုနဲ့ အသင်းရဲ့အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ရတာကို နှစ်ခြိုက်သူဖြစ်ပြီး သူ့ရဲ့နောက်ဆုံးရည်မှန်းချက်က ‘အနိုင်ရဖို့’ ပဲဖြစ်ပါတယ်..။ အဲဒီလိုအကျင့်စရိုက်နဲ့ ခံယူချက်တွေကြောင့်ပဲ သူဟာအားကစားလောကရဲ့ အဖြူစင်ဆုံး၊ အကျင့်စာရိတ္တ အသန့်စင်ဆုံး ကစားသမားတွေထဲက တစ်ယောက်အဖြစ် အားလုံးက လက်ခံထားကြတာပါ..။
ဒ့ါကြောင့် အန်ဂိုလို ကန်တေး ရဲ့ ဖြစ်တည်မှု၊ သူ့ရဲ့အနုပညာဟာ ပီယာလို၊ ဘားကမ့်ပ် တို့လို မှော်ဆန်တဲ့ ခမ်းနားမှုတွေနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး..။ သူရှာဖွေနေတဲ့ ကျေနပ်ခြင်း၊ ပြီးပြည့်စုံခြင်းဟာလည်း လူတွေသဘောတွေ့လေ့ရှိတဲ့ တဒင်္ဂပျော်မွေ့ခြင်း၊ အနုအရွ ဖန်တီးမှုတွေအပေါ်မှာ မူတည်မနေပါဘူး..။ သူဖြတ်သန်းခဲ့တဲ့ ခရီးလမ်းကို မကုန်မခမ်းနိုင်တဲ့ လုပ်အားနှုန်း၊ ပေးဆပ်ခြင်း၊ ပေါင်းစည်း ညီညွတ်ခြင်းတွေနဲ့ တည်ဆောက်ထားခဲ့ပြီး ပရီးမီးယားလိဂ် ဆုဖလားနှစ်ကြိမ်၊ FA ဖလား၊ ယူရိုပါ လိဂ်၊ ကမ္ဘာ့ဖလား ဆိုတဲ့ ဆုဖလားတွေကို အမှတ်တရအဖြစ် ချန်ထားရစ်ခဲ့ပါတယ်..။
နောက်ဆုံးမှာတော့ “ဓါတ်ပုံတစ်ပုံမှာ ကျွန်တော့်အတွက် အမှတ်တရတွေအများကြီး ပါဝင်နေပါတယ်..။” လို့ ပြောခဲ့တဲ့ စကားအတိုင်း သူ့ရဲ့မခိုမကပ်တဲ့ ပေးဆပ်ခဲ့မှုတွေ..၊ ရုန်းကန်မှုတွေ..၊ အမှတ်တရတွေကို ကိုယ်စားပြုနေတဲ့ ဆုဖလားတွေနဲ့အတူ ဖြူစင်တဲ့အကျင့်၊ သူမတူတဲ့ လုပ်အားနှုန်းတွေနဲ့ အောင်မြင်မှုတွေကို ရှာဖွေနေတဲ့ အန်ဂိုလို ကန်တေး ရဲ့ ပုံရိပ်လွှာအကြောင်းကို တင်ဆက်လိုက်ပါရတယ်..။
#FRANK
(The New York Times မှ ဆောင်းပါးရှင် Rory Smith ၏ “At Chelsea, Hard Work as High Art” ဆောင်းပါးကို ပြန်ဆိုပါသည်..။)