ကြာသာပတေးနေ့က ချယ်လ်ဆီးအသင်းနှင့်အတူ ငါးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့သည့် လူငယ်အကယ်ဒမီ ညာနောက်ခံလူ ရိစ် ဂျိမ်းစ် မှာ ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့်အတူ ဖြတ်သန်းခဲ့သည့် သူ့ရဲ့ဘဝအမှတ်တရများကို ယခုလိုပြောပြခဲ့သည်..။
မေး ဂျိမ်းစ် ရေ.. အခုအချိန်မှာတော့ ခင်ဗျားအတွက် အစစအရာရာ အဆင်ပြေ ချောမွေ့နေမှာပဲနော်…
“အခုနှစ်ဘောလုံးရာသီကို ဒဏ်ရာပြသနာနဲ့အတူ စတင်ခဲ့ရတဲ့အပေါ် စိတ်ပျက်ခဲ့ရပါတယ်..။ တဖြည်းဖြည်းနဲ့ ပြန်လည်သက်သာလာခဲ့ပြီး ဂရင်စ်ဘီ တောင်းအသင်းနဲ့ FA ဖလားပွဲစဉ်မှာ စတင်ပါဝင်ခွင့်ရခဲ့သလို ပွဲဦးထွက်မှာ အဖွင့်ဂိုးပါ ရခဲ့တဲ့အပေါ် ကျေနပ်မိပါတယ်..။ အဲဒီနောက်ပိုင်းမှာ ကျွန်တော့်အတွက် အစစအရာရာ အဆင်ပြေချောမွေ့ခဲ့တယ်လို့ ပြောရမှာပါ..။ လွန်ခဲ့တဲ့နှစ်လကျော်ကျော် အသင်းနဲ့ ပုံမှန်လိုလို ပါဝင်ခွင့်ရရှိခဲ့တဲ့ အချိန်ကနေ စတင်ပြီး နောက်ထပ်စာချုပ်သက်တမ်းသစ် တိုးနိုင်ဖို့အတွက် အသင်းနဲ့ဆွေးနွေးနေခဲ့တာပါ..။ အခုတော့ အာလုံးအဆင်ပြေခဲ့ပြီပေါ့ဗျာ..။”
မေး - စာချုပ်သက်တမ်းက ငါးနှစ်ဆိုတော့ အတော်လေးကို သက်တမ်းရှည်စာချုပ်လို့ ပြောရမှာပါ..။ ဒီလိုကာလရှည် စာချုပ်တစ်ခုဆိုတာ ခင်ဗျားအပေါ် အသင်းက ယုံကြည်မှုရှိတယ်လို့ အဓိပ္ပါယ်ရသလို နောက်လာမယ့်နှစ်ကာလအချိန်တစ်ခုထိ အသင်းမှာဆက်ပြီး ရှိနေဦးမယ်လို့လည်း ဆိုလိုတဲ့သဘောပေါ့…
“ကျွန်တော့်ဘဝရဲ့ အချိန်အတော်များများကို ဒီအသင်းမှာ ကုန်လွန်ခဲ့သလို နောက်ထပ်ဘဝတစ်လျှောက်လုံး ချယ်လ်ဆီးအသင်းနဲ့ ဆက်ပြီးလျှောက်လှမ်းရမယ်ဆိုရင်လည်း ပျော်ရွှင်မိမှာပါ..။ ချယ်လ်ဆီးအသင်းဟာ ကျွန်တော်အားပေးခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်သလို အသင်းမှာ ကာလရှည်ဆက်ပြီး ရှိနေမယ့်အပေါ် ဘာမှနောင်တရစရာ မရှိပါဘူး..။”
မေး - ဟုတ်ကဲ့ပါ..။ ဒီနှစ်ဘောလုံးရာသီမှာ လူငယ်ကစားသမားတွေအတွက် အခွင့်အရေးရလိမ့်မယ်ဆိုတာ သိခဲ့ပေမယ့် ဒဏ်ရာရနေခဲ့တယ်ဆိုတော့ ခင်ဗျားအတွက် ခက်ခဲမှာပဲ..
“သေချာတာပေါ့ဗျာ..။ ကိုယ်နဲ့အတူ ကြီးပြင်းခဲ့ရတဲ့ သူငယ်ချင်းတွေအားလုံးလိုလို အခွင့်အရေး ရခဲ့တဲ့အချိန် ကျွန်တော်ဟာ ဒဏ်ရာရနေခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ သင့်တော်တဲ့အချိန်ှမှာ ပြန်လည်ကောင်းမွန်လာပြီး ရတဲ့အခွင့်အရေးကို ထိထိမိမိ ဆုတ်ကိုင်နိုင်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ခဲ့ပါတယ်..။ ဒဏ်ရာသက်သာလာတဲ့အချိန်ဟာ ကျွန်တော်ခန့်မှန်းထားတာထက် နည်းနည်းနောက်ကျခဲ့ပေမယ့် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ရလာတဲ့အခွင့်အရေးတိုင်းကို အမိအရဆုတ်ကိုင်နိုင်ဖို့ လိုအပ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်..။”
မေး - အဲဒီအချိန်မှာ တခြားလူငယ်ကစားသမားတွေ ခြေစွမ်းပြနေခဲ့တာကြောင့် ခင်ဗျားအတွက် ဖိအားပိုပြီး များပြားခဲ့လားဗျ..?
“No.. ကျွန်တော့်အတွက် ဘာမှဖိအားပိုပြီး မများခဲ့ပါဘူး..။ ကျွန်တော့်အတွက် အရေးအကြီးဆုံးက ပါဝင်ကစားခွင့် ရရှိဖို့ပါပဲ..။ ဒါ့ကြောင့်ဟိုးအဝေးကြီးကို မျှော်ပြီးကြည့်မနေခဲ့ပါဘူး..။”
မေး - အခုအချိန်မှာ ခင်ဗျားရဲ့ ဖြတ်တင်ဘော စွမ်းရည်အပေါ် ချီးမွမ်းမှုတွေ များပြားနေခဲ့ပါတယ်..။ အဲဒီဖြတ်တင်ဘောတွေ ကောင်းမွန်ခဲ့တာ ခင်ဗျားရဲ့ ပင်ကိုယ်အရည်အချင်းလား..? လေ့ကျင့်ယူခဲ့ရတာလား…>
“ငယ်တုန်းကတည်းက ကျွန်တော်ဟာ ဘောလုံးပေးပို့မှုတွေ ကောင်းမွန်ခဲ့ပါတယ်..။ တကယ်တော့ ဘောလုံးခြေထဲမှာ ရှိနေပြီဆိုရင် ဘောလုံးပေးပို့တာနဲ့ ဖြတ်တင်တာ ဘာမှသိပ်ပြီး မခြားနားပါဘူး..။ ဒါပေမယ့် ခင်ဗျားကစားရတဲ့နေရာက ဖြတ်တင်ဘောတွေ များများပြုလုပ်ရမယ့်နေရာဆိုရင် ခင်ဗျားရဲ့ဖြတ်တင်ဘောတွေရဲ့ အရည်အသွေးဟာ အရေးကြီးလာပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ ငယ်စဉ်ကတည်းက ပေးပို့မှု ကောင်းမွန်ခဲ့တယ်ဆိုပေမယ့် ပေးပို့မှုမျိုးစုံကို သင်ယူရတယ်..၊ အထပ်ထပ်အခါခါ လေ့ကျင့်ခဲ့ရပါတယ်..။”
မေး - ဒေးဗစ် ဘက်ဟမ် နဲ့ နှိုင်းယှဉ်ခံခဲ့ရတဲ့အပေါ်ကိုရော…
“ဒေးဗစ် ဘက်ဟမ် ဆိုတာ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္တဝင်ကစားသမားတစ်ယောက် ဖြစ်သလို ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းတကာ့ အကောင်းဆုံး ဖြတ်တင်ဘော ပေးပို့နိုင်ခဲ့တဲ့သူလည်း ဖြစ်ခဲ့ပါတယ်..။ ဒ့ါကြောင့်သူ့လိုကစားသမားမျိုးရဲ့ ဖြတ်တင်ဘောနဲ့ တစ်တန်းတည်းနှိုင်းယှဉ် ဖော်ပြခံခဲ့ရတယ်ဆိုတာ သိပ်ကိုကျေနပ်ဖို့ ကောင်းပါတယ်..။ ဒါပေမယ့် ဒေးဗစ် ဟာ အဲဒီလို နာမည်တစ်လုံးအတွက် နှစ်ပေါင်းများစွာ သက်သေပြသလာခဲ့တဲ့သူ ဖြစ်သလို သူ့ရဲ့ဖြတ်သန်းခဲ့မှုအပေါ် ကျွန်တော်အထူးလေးစားခဲ့ရပါတယ်..။ ကျွန်တော်ကတော့ အခုမှပွဲနည်းနည်းလေးပဲ ရှိပါသေးတယ်..။ လူတွေပြောနေကြတယ်ဆိုပေမယ့် ကျွန်တော့်အနေနဲ့ လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အပြင် ဒီထက်အများကြီး တိုးတက်လာဖို့ လိုအပ်နေပါသေးတယ်..။”
မေး - ခင်ဗျားရော ပြစ်ဒဏ်ဘော (free kick) ကန်သွင်းတာ ထူးချွန်ရဲ့လားဗျ..?
“ပြစ်ဒဏ်ဘောတွေ ကန်ခွင့်ရတိုင်း အကောင်းဆုံး ကြိုးစားပြီး ကန်သွင်းတယ်..၊ ပေးပို့မှုတွေ ပြုလုပ်ခဲ့ပါတယ်..။ ဖြတ်တင်ဘောတွေနဲ့ ပြစ်ဒဏ်ဘောတွေဟာ အရမ်းကြီးမကွာခြားလှဘူးလို့ ကျွန်တော်ထင်ပါတယ်..။”
မေး - ခင်ဗျားက ညာနောက်ခံလူတစ်ယောက်ဆိုတော့ ပေးပို့မှုတွေအပြင် ခံစစ်ပိုင်းစွမ်းရည်လည်း ထူးချွန်မှ ဖြစ်မှာပါ..။ ခင်ဗျားရဲ့ခံစစ်ပိုင်း ကာကွယ်နိုင်မှု စွမ်းရည်ဟာ ပရီးမီးယားလိဂ်အဆင့်အတန်းမှီအောင် တိုးတက်လာခဲ့တယ်လို့ ထင်မြင်မိလား..?
“ခံစစ်ကစားသမား တစ်ယောက်အနေနဲ့ ပရီးမီးယားလိဂ်မှာ အမှားအယွင်း ကျူးလွန်မိရင် တစ်ကြိမ်ဆိုတစ်ကြိမ် ပေးဆပ်ရမှာပါပဲ..။ တကယ့်အရည်အသွေးမြင့် ထိပ်တန်းကစားသမားတွေ အများကြီးရှိနေတဲ့အတွက် ကျွန်တော့်အနေနဲ့ အမြဲတမ်းသတိရှိနေဖို့ လိုအပ်ပါတယ်..။ သူတို့တွေဟာ လျှင်မြန်လွန်းတယ်..၊ ပါးနပ်လွန်းပါတယ်..။”
မေး - ခင်ဗျားရဲ့ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ဝီးလ်ဖရက် ဇာဟာ နဲ့ ရင်ဆိုင်ခဲ့ရတာ တကယ့်ကို ကြီးမားတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်ခဲ့မှာပဲနော်..
“သူဟာတကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ..။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဆိုရင်လည်း မမှားပါဘူး..။ ဒါပေမယ့်ကျွန်တော်ဟာ သူ့ကိုအကောင်းဆုံး ရင်ဆိုင်၊ ထိန်းချုပ်နိုင်ခဲ့သလို ကျွန်တော့်ရဲ့အကောင်းဆုံး ခြေစွမ်းကိုလည်း ပြသနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်အတွက် သူနဲ့ရင်ဆိုင်ခဲ့ရတဲ့ ခရစ်စ်တယ် ပဲလေ့စ်အသင်းနဲ့ပွဲဟာ ကျေနပ်ဖို့ကောင်းတဲ့ ပွဲတစ်ပွဲလို့ ပြောရမှာပါ..။”
မေး - နိုဝင်ဘာလတုန်းက ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ ပေးလိုက်ရတဲ့ဂိုးနဲ့ ပတ်သက်ပြီး ခင်ဗျားအပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်..။ ဒါပေမယ့်နည်းပြဖရန့် လမ်းပတ် က ခင်ဗျားကို နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ အက်စ်တွန် ဗီလာအသင်းနဲ့ပွဲမှာ ဆက်ပြီးယုံကြည်ခဲ့ပါတယ်..။ နည်းပြရဲ့အဲဒီလို ယုံကြည်ခဲ့မှုဟာ ခင်ဗျားအတွက် ခွန်အားဖြစ်ခဲ့ပါသလား..?
“ဟုတ်ပါတယ်..။ ခရက်စ်ဝဲလ် သွင်းယူသွားခဲ့တဲ့ အဲဒီဂိုးဟာ ကျွန်တော့်ရဲ့အမှားကြောင့် ပေးလိုက်ရတာပါ..။ အေရွန် ခရက်စ်ဝဲလ် ဟာ ဘယ်သန်ဖြစ်တာကြောင့် ဘယ်ဘက်ကိုပဲ ဆွဲထွက်သွားပြီး ဖြတ်တင်နိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ ကျွန်တော်တွက်ဆခဲ့တာပါ..။ ဒါပေမယ့် သူကအတွင်းကို တစ်ချက်ခေါက်လိုက်တဲ့အချိန် ကျွန်တော့်အတွက် အသင့်မဖြစ်ခဲ့ပါဘူး..။ အဲဒီအမှားကြောင့် ကျွန်တော်တို့ ရှုံးပွဲတွေ့ခဲ့ပေမယ့် နောက်ပွဲရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တယ်..၊ မန်နေဂျာရဲ့ ယုံကြည်မှု ရရှိခဲ့တယ်ဆိုတာ သိပ်ကိုကောင်းမွန်တဲ့ အားပေးမှုတစ်ခုလို့ ပြောရမှာပါ..။ အဲဒီပွဲမှာ အမှားအယွင်း မရှိခဲ့ပါဘူး..။”
မေး - အခုအချိန်မှာ ခင်ဗျားဟာ ညာနောက်ခံလူနေရာမှာပဲ အမြဲတမ်းကစားရတော့မှာလား..? ကွင်းလယ်အဖျက် နေရာမှာ ပြန်ကစားရဖို့ အခွင့်အရေး ရှိနိုင်သေးလား…?
“ကျွန်တော်ဘယ်နေရာမှာ ကစားရမလဲဆိုတာ မန်နေဂျာအပေါ် မူတည်ပါတယ်..။ သူကသာ နောက်ထပ်တစ်နေရာရာမှာ ကစားစေချင်တယ်ဆိုရင်လည်း ကျွန်တော့်အတွက် ဝန်မလေးပါဘူး..။ အခုလက်ရှိ ကစားနေရတဲ့ ညာနောက်ခံလူနေရာမှာ အဆင်ပြေပေမယ့် ကျွန်တော်ဟာ အဲဒီနေရာမှာပဲ ကစားရပါမယ်လို့ ဘယ်သူကမှ ပြောထားတာ မရှိသေးပါဘူး..။”
မေး - ဂျိုဒီ မောရစ်စ်..၊ ဂျိုး အက်ဒ်ဝဒ် တို့နဲ့ ပြန်လည်လက်တွဲရတဲ့အကြောင်း ပြောပြပါလား…
“လူငယ်အကယ်ဒမီ (အသက် ၁၆ နှစ်အောက်၊ ၁၇ နှစ်အောက်..၊ ၁၈ နှစ်အောက်၊ အသက် ၁၉ နှစ်အောက်) အသင်းအဆင့်ဆင့်တွေမှာ ဂျိုး..၊ ဂျိုဒီ တို့ရဲ့ လက်အောက်မှာ လေ့ကျင့်ခဲ့ရတာ ဖြစ်တဲ့အတွက် အရမ်းကိုဝမ်းသာဖို့ ကောင်းပါတယ်..။ ဒ့ါအပြင် ကျွန်တော်တို့ဟာ ကျောင်းသားဘဝထဲက သူတို့ရဲ့လက်အောက်မှာ ကြီးပြင်းခဲ့တဲ့သူဆိုတော့ ကျွန်တော်တို့အကြောင်း သူတို့ကောင်းကောင်းသိပြီးသားပါ..။ အခုဆိုရင် အသင်းကြီးမှာပါ အတူတူရောက်ရှိခဲ့ပြီဆိုတော့ ကျွန်တော်တို့အတွက် အများကြီးအထောက်အကူရပါတယ်..။ ကျွန်တော်တို့ကြားမှာ ဆက်ဆံရေး အမြဲတမ်း ကောင်းမွန်နေသလို လေ့ကျင့်ကွင်းမှာလည်း နေ့စဉ်စကားတွေ ပြောဖြစ်ပါတယ်..။”
မေး - အခုထိချယ်လ်ဆီးအသင်းကြီးနဲ့ ခင်ဗျားအတွက် အမှတ်အရဆုံး အခိုက်အတန့်ကို ပြောပြနိုင်မလား..?
“အိုင်းယက်စ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ဂိုး ဖြစ်ပါလိမ့်မယ်..။ ဒီနှစ်ဘောလုံးရာသီအတွက် အခုအချိန်ထိ ကျွန်တော့်ရဲ့အကောင်းဆုံး အခိုက်အတန့်လို့ပဲ ပြောရပါလိမ့်မယ်..။ ပွဲအစမှာ မပါခဲ့ရပေမယ့် ၁- ၄ အရှုံးရလဒ်ကနေ ပြန်လာနိုင်ခဲ့တဲ့အပေါ် ကစားကွင်းတစ်ခုလုံး ‘အုံး’ကနဲပါပဲ..။ အဲဒီဂိုးမှာ ကျလာတဲ့ဘောလုံးရဲ့ အနေအထားဟာ ကန်သွင်းဖို့ခက်ခဲပါတယ်..။ ဒ့ါကြောင့်ကျွန်တော်ဟာ ဂိုးပေါက်တည့်ရင် တော်ပါပြီဆိုပြီး သဘောထားခဲ့တာပါ..။ ကျွန်တော်တို့ အနိုင်ဂိုးရနိုင်ခဲ့ပေမယ့် ခွင့်မပြုခဲ့တာကြောင့် စိတ်ပျက်ခဲ့ရပါတယ်..။”