feature-image

မင်းသားကနုနု၊ တိုက်ပွဲကကြမ်းကြမ်း

ချယ်လ်ဆီးအသင်း၏ ယခုရာသီ ပွဲစဉ် (၂၃)အပြီးပရီးမီယားလိဂ်ရှုံးပွဲ (၈)ပွဲ...
ပြီးခဲ့သည့်ရာသီချယ်လ်ဆီးအသင်း၏ ရာသီကုန်ပရီးမီးယားလိဂ်ရှုံးပွဲ (၈)ပွဲ...
ချယ်လ်ဆီးအသင်း၏ ရှေ့လာမည့်ပွဲစဉ် (၆)ပွဲ ... အာဆင်နယ် (EPL အိမ်)၊ ဟားလ်စီးတီး (FA အဝေး)၊ လက်စတာ (EPL အဝေး)၊ မန်ယူ (EPL အိမ်)၊ စပါး (EPL အိမ်)၊ ဘိုင်ယန်မြူးနစ် (UCL အိမ်) . . .

သိပ်ကိုထိတ်လန့်စရာဖြစ်သွားမလားမသိ။ ဒါပေမဲ့လန့်စရာတော့မဟုတ်သေးပါဘူး။ ကျွန်တော်တို့ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အဆင့် (၄)နေရာမှာ မန်ယူအသင်းကို (၅)မှတ်ဖြတ်ပြီး ရပ်တည်နေဆဲဖြစ်သလို၊ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ကိုတက်ရောက်ထားတာပဲလေ။ အခက်အခဲတွေကိုမေ့ပြီး ပျော်စရာအခြေအနေကိုသာဖြည့်တွေးလိုက်ရင် ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ ပစ်မှတ်ကိုထိနေသေးတာပါပဲ . . .

ဒီရာသီပရီးမီးယားလိဂ်ရဲ့ အဆင့် (၄)နေရာတိုက်ပွဲကစိတ်ပျက်စရာပါ။ စိတ်ပျက်စရာလို့ဆိုရတာလည်း အဆင့် (၄)နေရာကိုရောက်နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ ရမှတ်ရရှိမှု၊ ရှုံးပွဲကြုံတွေ့မှုတွေအပြင်၊ ဒီအဆင့် (၄)နေရာကို ပစ်မှတ်ထားနေကြ တဲ့ မန်ယူ၊ စပါး၊ အာဆင်နယ်တို့လို Big Six အသင်းတွေရဲ့ ရလဒ်ယိမ်းယိုင်မှုတွေကြောင့်ပါပဲ။ ပရီးမီးယားလိဂ်မှာ ပွဲစဉ် (၃၈)ပွဲ စတင်ကစားခဲ့တဲ့ ၁၉၉၅-၉၆ ရာသီကစတင်ရေတွက်မယ်ဆို ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီအထိ (၂၄)ရာသီရှိပါတယ်။ ဒီ (၂၄)ရာသီမှာ ပွဲစဉ် (၂၃)အပြီး အဆင့် (၄)နေရာက အသင်းတွေရဲ့ရမှတ်ကိုချိန်ထိုးကြည့်ရင်တော့ ဒီရာသီချယ်လ်ဆီးအသင်းရထားတဲ့ (၃၉)မှတ်ဟာ ဒုတိယအနည်းဆုံးဖြစ်နေတာပါပဲ။ ၂၀၀၃-၀၄ ရာသီမှာ ပွဲစဉ် (၂၃)အပြီး အဆင့် (၄)နေရာရောက်နေတဲ့ ချာလ်တန်အသင်းနောက်ပိုင်း ချယ်လ်ဆီးအသင်းဟာ ရမှတ် (၄၀)မပြည့်ဘဲ အဆင့် (၄)နေရာမှာရပ်တည်နိုင်တဲ့ ဒုတိယမြောက်အသင်းဖြစ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် ပရီးမီးယားလိဂ်မှာ ပွဲစဉ် (၂၃)အပြီး အဆင့် (၄)နေရာမှာရပ်တည်တဲ့အသင်းဟာ ပျမ်းမျှ (၄၂.၅)မှတ်ရရှိလေ့ရှိပြီး၊ နောက်ဆုံး (၂)ရာသီ ပွဲစဉ် (၂၃)အပြီး အဆင့် (၄)နေရာမှာရပ်တည်ခဲ့တဲ့ ချယ်လ်ဆီးအသင်းကိုယ်တိုင်က အမြင့်ဆုံးရမှတ် (၄၇)မှတ်အထိကိုရယူနိုင်ခဲ့တာပါ။ ပိုဆိုးတာက ချယ်လ်ဆီးအသင်းဟာ ပွဲစဉ် (၂၃)အပြီး အဆင့် (၄)နေရာမှာရှိနေပေမယ့် ရှုံးပွဲကလည်း (၈)ပွဲအထိရှိနေပြန်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲစဉ် (၂၃)အပြီး အဆင့် (၄)နေရာမှာရှိတဲ့အသင်းရဲ့ စံချိန်တင်ရှုံးပွဲအရေအတွက်ပါပဲ။ ဘောလုံးမှာ အချက်အလက်တွေဟာ အနာဂတ်ခန့်မှန်းမှုတွေအတွက်သိပ်အရေးပါလှတယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ အတက်အကျတွေကိုချိန်ထိုးရာမှာတော့ သိပ်အရေးပါပါတယ်။


 
ဒီတော့အချက်အလက်တွေရ ဒီရာသီမှာ ချယ်လ်ဆီးဟာ ပွဲစဉ် (၂၃)အပြီး အဆင့် (၄)နေရာမှာ ရှိနေပေမယ့် ခြေစွမ်းနဲ့ ရလဒ်ပိုင်းထက် ပြိုင်ဘက်တွေရဲ့အပြိုင်ခြေချော်မှုနဲ့ ကံတရားကြောင့်ဆိုတာ ငြင်းလို့မရပြန်ပါဘူး။ လမ်းပတ်ကိုယ်တိုင်လည်း ဒီအချက်ကိုကောင်းကောင်းရိပ်စားမိပါလိမ့်မယ်။ အခုအချိန်အထိ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပတ်သက်လို့ စကားတစ်လုံးမှ ပြောဆိုခြင်းမရှိသေးသလို၊ လက်ရှိရပ်တည်မှုအပေါ်မှာလည်း ချီးကျူးဂုဏ်ယူနေတာမျိုးသိပ်မရှိပါဘူး။ ဒါဟာ အချိန်မရွေးပြောင်းလဲသွားနိုင်တဲ့ ယာယီရပ်တည်မှုဆိုတာကို ကောင်းကောင်းသဘောပေါက်မှာပါ။ အမှန်ဆို အသင်းသာခြေစွမ်းပုံမှန်အတိုင်းရှိနေမယ်၊ နိုင်သင့်တဲ့ပွဲကို ပုံမှန်အနိုင်ရနေမယ်ဆို လီဗာပူးလ်ချန်ပီယံဆုကိုကျိန်းသေပြောလို့ရသလိုပဲ၊ ကျွန်တော်တို့လည်း ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာကို ကျိန်းသေတစ်နေရာပြောလို့ရနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့မင်းသားဟာ တိုက်ပွဲကြမ်းကြမ်းကြားမှာ ယိုင်နဲ့နဲ့ဖြတ်လျှောက်နေရဆဲပါ။ ကံကောင်းပြန်တာက ကိုယ့်အသင်းအခြေအနေယိုင်နဲ့နေချိန်မှာပဲ ကိုယ့်ရဲ့အဓိကပြိုင်ဘက်တွေထဲ ဘယ်အသင်းခြေစွမ်း တက်လာနိုင်တယ်ဆိုတဲ့ အရိပ်အယောင် မတွေ့ရတာပါပဲ။ ဒီအတွက်လမ်းပတ်အကောင်းဆုံးပြင်ဆင်ရမှာဖြစ်သလို၊ ပြင်ဆင်ဖို့အချိန်နဲ့ အခြေအနေလည်း အများကြီးရနေပါတယ်။
 
ပရီးမီးယားလိဂ်မှာ (၆)ပွဲဆက်အနိုင်ရတဲ့အထိတောက်ပခဲ့ဖူးတဲ့ကာလမှာ ကျွန်တော်တို့အနေနဲ့ လက်ရှိအကောင်းဆုံးဖြစ်နေတဲ့ စုဖွဲ့မှုထဲ ကစားသမားအသစ်တစ်ယောက်ထပ်ရောက်လာပြီး Form ပျက်သွားမှာစိုးရိမ်တဲ့အခြေအနေ၊ လူခေါ်စရာမလိုဘူးဆိုတဲ့ ကြွေးကြော်သံတွေ သံပြိုင်အော်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒါဟာကာလရှည်ပြေးရတဲ့ပရီးမီးယားလိဂ်ဖြစ်တယ်။ ဒါကိုလမ်းပတ်လည်းမတောင့်ခံနိုင်ခဲ့ပါဘူး။ လက်ရှိအခြေအနေမှာတော့ ဘယ်နေရာအတွက် ဘယ်သူ့ကိုခေါ်ပါတော့ဆိုတဲ့ အသံတွေခပ်စိပ်စိပ်ပြန်ကြားလာရပါတယ်။ တကယ်လည်း ထိပ်တန်းအဆင့်ရှိတဲ့၊ ပြိုင်ဘက်အမြဲသတိထားနေရမယ့် icon ကစားသမားတွေ စတမ်းဖို့ဒ်ဘရစ်ထဲရောက်ဖို့ လိုအပ်နေပါတယ်။

လက်ရှိဇန်နဝါရီအပြောင်းအရွှေ့မှာမဟုတ်ရင်တောင် လာမယ့်နွေရာသီမှာရောက်လာဖို့ ပူလီဆစ်လိုမျိုး ကြိုတင်သဘောတူညီမှု ယူထားတာမျိုးဖြစ်ဖြစ် ဖန်တီးထားရပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့ပြန်တွေးရမှာက ဒီရာသီဟာ ဟာဇက်မရှိတော့တဲ့အခြေအနေ၊ ပြီးခဲ့တဲ့နွေဈေးကွက်မှာ အပြောင်းအရွှေ့လုပ်ခွင့်မရတဲ့အခြေအနေ၊ ပရီးမီးယားလိဂ်အတွေ့အကြုံမရှိတဲ့နည်းပြနဲ့ ဖြတ်သန်းနေရတဲ့အခြေအနေဆိုတာပါပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့တိုက်ပွဲဟာ သာမန်ထက်ပိုကြမ်းတမ်းမယ်ဆိုတာ နှစ်ခါပြန်တွေးစရာမလိုပါပဲ။ ဒါပေမဲ့လမ်းပတ်ဟာ ယုံကြည်မှုတွေ မြင့်စေတဲ့အခိုက်အတန့်တွေကို သူကိုယ်တိုင်ပဲဖန်တီးပေးခဲ့တယ်။ ဒီတော့ ရလဒ်ကျဆင်းသွားတဲ့အချိန်မှာ သူကိုယ်တိုင်ပဲဖိအားပိုများခဲ့တယ်။ ပြောရရင် ရာသီအစမှာ ချယ်လ်ဆီးအ သင်းကို ဒီလိုရပ်တည်နိုင်နေမယ်လို့ တွေးထားမယ့်သူသိပ်မရှိသလို၊ လက်ရှိအဆင့် (၄)နေရာမှာရပ်တည်နေနိုင်တာကလည်း ကိုယ်ကောင်းနေတာထက် ပြိုင်ဘက်တွေအပြိုင် ညံ့နေလို့ပါပဲ။ ဒါဟာစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဘာပဲပြောပြောချီးကျူးရမှာက လမ်းပတ်ဟာ ဒီလိုရပ်တည်နေနိုင်အောင်လည်း စပါး၊ အာဆင်နယ်လိုအသင်းတွေကို အဝေးကွင်းမှာအနိုင်ယူပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း တွေးရပါမယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဘက်တွေညံ့လို့လက်ရှိနေရာမှာ ရပ်တည်နေတယ်ဆိုရင်တောင် ပြိုင်ဘက်တွေထက် ပိုမညံ့အောင် ထိန်းသိမ်းနိုင်ခဲ့တာကပဲ လက်ရှိရပ်တည်မှုကို ဖြစ်စေခဲ့တာပါ။


 
လမ်းပတ်အတွက် ပိုမိုကြမ်းတမ်းတဲ့ တိုက်ပွဲတွေကအနီးစပ်ဆုံးမှာပဲ စောင့်ကြိုနေပါပြီ။ အာဆင်နယ်၊ လက်စတာ၊ မန်ယူ၊ စပါးတို့နဲ့ ပရီးမီးယားလိဂ်ပွဲကျပ်ကာလမှာ အဆိုးဆုံးအခြေအနေ ရောက်သွားနိုင်သလို၊ ရလဒ်ကောင်းတွေနဲ့ယုံကြည်မှုလည်းပြန်တည်ဆောက်သွားနိုင်ပါတယ်။ ဒီပွဲတွေဟာ ဒီအသင်းတွေအားလုံးအတွက် UCL ဝင်ခွင့်တိုက်ပွဲမှာ သက်ရောက်မှုကြီးနိုင်တာကလည်း လမ်းပတ်အတွက် စိန်ခေါ်မှုပါပဲ။ နောက်ပြီးဖလားလက်မဲ့မဖြစ်ဖို့ အသင်းကြီးတွေဝိုင်းလုမယ့် FA ဖလားကလည်း လမ်းပတ်ထိန်းထိန်းသိမ်းသိမ်းကစားရမယ့်အခြေအနေပါ။ ပြီးရင်တော့ ရင်အခုန်ရဆုံးလည်းဖြစ်၊ ရောက်သလောက်လည်းခရီးဆက်ရမယ့် ချန်ပီယံလိဂ်ကလည်း သိပ်မဝေးတော့ပါဘူး။

ဒီတော့ စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့အသဲနှလုံး လမ်းပတ်အနေနဲ့ အတိတ်ကာလမှာ ဖြတ်သန်းခဲ့ရတဲ့ ကြမ်းတမ်းခက်ခဲတဲ့ကာလထက်၊ အနာဂတ်မှာဖြတ်သန်းရတော့မယ့် တိုက်ပွဲတွေက အစပေါင်း များစွာပိုခက်ပါလိမ့်မယ်။ ဒီအချိန်မှာတော့ ကျန်အသင်းတွေ ခြေချော်ဖို့ကလည်း တွေးထားလို့ မရတော့သလို၊ အခုလိုအဆိုးရွားဆုံးအခြေအနေနဲ့ အဆင့် (၄)မှာဆက်ရှိနေမယ်လို့လည်း အာမမခံတော့ပါဘူး။ လမ်းပတ်ကံကောင်းတာက ချယ်လ်ဆီးနဲ့ သက်ဆိုင်သူတွေရဲ့ အသည်းနှလုံးကို ရယူထားနိုင်တာဖြစ်ပြီး၊ ဒါကပဲသူ့အတွက် ပရိသတ်ဖိအားကိုတိုက်ရိုက်မခံရဘဲ ရှေ့ဆက်ခွင့်ရဖို့ ရှိပါလိမ့်မယ်။ ဒါကပဲလမ်းပတ်အတွက်ယုံကြည်မှုဖြစ်စေဖို့မျှော်လင့်မိပါတယ်။ ဖရန်ကီဟာ ကျွန်တော်တို့ချစ်ရသူပါပဲ။ သူ့အနေနဲ့ အတွေ့အကြုံနုနယ်ချိန်မှာပဲ၊ ချယ်လ်ဆီးလိုအသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲလို တိုက်ပွဲတွေမှာ ဦးဆောင်နေရပါတယ်။ ဒီအသင်းကလည်း ဆုဖလားတွေအတွက် အမြဲတိုက်ပွဲဝင်နေတဲ့အသင်းဆိုတော့ လမ်းပတ်အပေါ် ပရိသတ်ရဲ့နားလည်မှုကလည်း ကာလတစ်ခုပဲရှိမှာပါ။ ဒီကာလကို လမ်းပတ်ကြိုတွေးထားဖို့ လိုသလို၊ အောင်ပွဲတွေနဲ့ ပရိသတ်ယုံကြည်မှုကို အမြန်ဆုံးယူဖို့တော့ လိုပါလိမ့်မယ်။

လက်ရှိအချိန်ဟာ ကျွန်တော်တို့ရဲ့ သူရဲကောင်းဖရန်ကီဟာ အတွေ့အကြုံနုနယ်စွာနဲ့ ဦးဆောင်နေသလို၊ သူ့ယုံကြည်တဲ့သူရဲကောင်းတွေကလည်း ချန်ပီယံလိဂ်ဆိုတာကို ဒီရာသီမှစကစားဖူးတဲ့ အေဘရာဟမ်၊ မေဆန်မောင့်၊ တိုမိုရီ၊ ရစ္စဂျိမ်းစ်၊ အိုဒွိုင်းတို့လို နုနယ်လွန်းသူတွေပါ။ သူတို့ဟာ လက်ရှိအချိန်မှာ နှစ်ဦးနှစ်ဖက်ယုံကြည်မှုဆိုတဲ့အရာ တစ်ခုနဲ့သာ ကြမ်းတမ်းလှတဲ့ခရီးကြမ်းကို ဖြတ်လျှောက်နေရတာပါ။ သေချာတာက လက်ရှိမှာ ဖ န်ကီဟာ ဖရန်ကီပီသစွာနဲ့ လုပ်နိုင်သလောက် အစွမ်းကုန်လုပ်ထားနိုင်သလို၊ လုပ်သင့်တာအားလုံးကိုလည်း အခက်အခဲနဲ့ကြမ်းတမ်းမှုအကြားမှာ ရာနှုန်းပြည့်လုပ်ထားနိုင်ခဲ့တယ်ဆိုတာပါပဲ။

#pt