ကိုယ့်ရဲ့အသင်းအနေအထားအပေါ် အားမရနိုင် ဖြစ်နေတဲ့ ချယ်လ်ဆီးအသင်း ပရိသတ်တွေကတော့ မနက်မိုးလင်း၊ အိပ်ယာနိုးတာနဲ့ phone screen လေးကို ဆွဲချရင်း ဘာများသတင်းထူးမလဲ..? ဘယ်သူများ ရောက်လာပြီလဲ..? တိုက်စစ်မှူးလား..? တောင်ပံကစားသမားလား..? ဘယ်နောက်ခံလူလား….?
ဒါပေမယ့် တစ်ရက်ပြီးတစ်ရက်ကူးလို့ အခုဆိုရင် ဆောင်းရာသီ အပြောင်းအရွှေ့ရာသီ ကုန်ဆုံးဖို့ ရက်သတ္တပါတ်တောင် မကျန်တော့တဲ့အချိန်အထိ ဒို့အသင်းကတော့ ‘ဒုံရင်း..၊ ဒုံရင်း’ ပါပဲ..။ သူတို့ဘာတွေ လုပ်နေကြလဲ..? ဘာတွေကြံနေကြတာလဲ..? လက်ကျန်တစ်ပါတ်အတွင်းမှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ်မှာလား..? ဒီအတိုင်းပဲ ပြီးဆုံးသွားတော့မှာလား..? မေးခွန်းတွေ အများကြီးပါပဲ…
“ဇန်နဝါရီ အပြောင်းအရွှေ့ ရာသီရဲ့ သဘောသဘာဝကိုက ကစားသမားသစ် ဝယ်ယူနိုင်ဖို့ ခက်ခဲတတ်ပါတယ်..။ ဒါဟာအသင်းတိုင်းအတွက် အခက်အခဲ ဖြစ်တဲ့အပြင် ရောက်လာတဲ့ လူအသစ်တွေ..၊ အထူးသဖြင့် သူတို့ဟာ တခြားလိဂ်ပြိုင်ပွဲက လာခဲ့တဲ့သူတွေဆိုရင် ပတ်ဝန်းကျင်သစ်၊ အသင်းသစ်..၊ ကစားသမားသစ်တွေနဲ့ အခြေကျအောင် အချိန်လည်းသိပ်မပေးနိုင်တာကြောင့် ပိုပြီးအခက်တွေ့တတ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်အနေနဲ့ အသင်းရဲ့လက်ရှိအနေအထားနဲ့ ကိုက်ညီမယ့်အပြင် ကျွန်တော်တို့ ရှေ့ဆက်မယ့် အနာဂတ်လမ်းကြောင်းနဲ့ ကိုက်ညီနိုင်မယ့်သူကို ရွေးချယ်နိုင်ဖို့ ဦးတည်စဉ်းစားပါတယ်..။ ‘ပြီးခဲ့တဲ့ နွေရာသီမှာ လူမခေါ်နိုင်ခဲ့တာကြောင့် အခုခေါ်ယူမှုဟာ ကျွန်တော့်ရဲ့ ပထမဆုံး ကြေးကြီးပေး ခေါ်ယူမှု (big signing) ဖြစ်ပါတယ်..’ ဆိုတဲ့ ပုံစံမျိုး ကျွန်တော်ပြုလုပ်သွားမှာ မဟုတ်ပါဘူး..။
ကျွန်တော်ကတော့ အသင်းအတွက် မှန်ကန်တဲ့ ခေါ်ယူမှုဖြစ်ဖို့ကိုပဲ ဦးတည်စဉ်းစားပါတယ်..။ ဒါ့ကြောင့်ကစားသမားအသစ်တစ်ယောက်ကို အကြောင်းအရာအများအပြားကို ထည့်သွင်းစဉ်းစားရတာ ဖြစ်ပါတယ်..။ အသင်းနဲ့အမြဲတမ်း အဆက်အသွယ် ရှိနေသလို ရေတိုအားဖြည့်မှုပဲဖြစ်ဖြစ်..၊ ရေရှည်အားဖြည့်မှုပဲဖြစ်ဖြစ်.. အသင်းအတွက် အကောင်းဆုံး ဖြစ်လာနိုင်မှာကိုပဲ ဦးတည်စဉ်းစားသွားမှာ ဖြစ်ပါတယ်..။”
နည်းပြ ဖရန့် လမ်းပတ် က ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအပေါ် သူ့ရဲ့သဘောထားကို အခုလိုပြောကြားခဲ့ပါတယ်..။ ဒါပေမယ့် ဖရန့် ဟာ အသင်းမှာ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ခွင့်ရှိသူ မဟုတ်တဲ့အပြင် အခုဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ချယ်လ်ဆီးတင်မကပဲ ကျန်တဲ့ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ အပြောင်းအရွှေ့ ခေါ်ယူမှုတွေဟာ ခါတိုင်းထက် ပိုလို့တောင် ပိုပြီးအေးစက်နေတာ သတိပြုမိမှာပါ..။ ဟိုလူခေါ်မယ်..၊ ဒီလူ့ကိုခေါ်မယ်.. သတင်းတွေသာ ပလူပျံနေပေမယ့် တကယ်တမ်း အကြီးစားခေါ်ယူမှုဆိုလို့ (လီဗာပူးလ်အသင်းက ဂျပန်တိုက်စစ်မှူး တာကူမီ မီနာမီနို ကို ခေါ်ယူထားတာ ရှိပါတယ်…) တော့တင်ဟမ်အသင်းက ဂတ်ဒ်ဆန် ဖာနန်ဒက်စ် ကို ခေါ်ယူမှု တစ်ခုတည်းသာ ရှိနေသေးပေမယ့် ဒါကလည်း (၁၈) လ အဌားစာချုပ်နဲ့ပါ..။ ဘာကြောင့်ပါလဲ…??
‘Brexit’ နဲ့ ပရီးမီးယားလိဂ်…
ဗြိတိန်နိုင်ငံ (ဗြိတိသျှ ကျွန်းစု) ဟာ ဥရောပသမဂ္ဂနိုင်ငံများ လို့ခေါ်တဲ့ ‘European Union (EU)’ ကနေ ခွဲထွက်တော့မယ့်ကိစ္စကို ကိုယ်စားပြုတဲ့ ‘Brexit’ ဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပါ..။ ပြသနာပေါင်း သောင်းခြောက်ထောင်နဲ့ အင်္ဂလန်ကျွန်းစုက ဥရောပတိုက်မကြီးကနေ ထွက်ခွာတော့မယ့် ‘Brexit’ ဟာ အခုလာမယ့် ဇန်နဝါရီလ (၃၁) ရက်နေ့မှ စတင်အကောင်အထည်ဖော်ဖို့ အတည်ဖြစ်သွားပါပြီ..။ အားကစားနဲ့ နိုင်ငံရေးဆိုတာ လက်ရည်တပြင်တည်း ဘယ်တော့မှ မဖြစ်သော်ငြား ဗြိတိန်နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အကြီးကျယ်ဆုံး နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်လာမယ့် ‘Brexit’ ကိစ္စရပ်ကြီးဟာ ပရီးမီးယားလိဂ်ရပ်ဝန်း အပေါ်မှာလည်း ရိုက်ခတ်မှုကြီးမားမှာ အသေအချာပါပဲ..။
ပရီးမီးယားလိဂ်ဟာ အင်္ဂလန်ကျွန်းစုရဲ့ ကမ္ဘာလုံးဆိုင်ရာ သင်္ကေတတစ်ခု ဆိုပေမယ့် ဗြိတိသျှကျွန်းစုတစ်ခုလုံး ဥရောပသမဂ္ဂကနေ ထွက်ခွာမယ့်ကိစ္စနဲ့ နှိုင်းယှဉ်လိုက်ရင် အတော်လေးကို သေးမွှားတဲ့ ကိစ္စရပ်တစ်ခု ဖြစ်သွားပါတယ်..။ ဒ့ါကြောင့် ‘Brexit’ ကိစ္စရပ်ကြီးကို စတင်လိုက်မယ့် ဇန်နဝါရီ (၃၁) ရက်နေ့နောက်ပိုင်း ပရီးမီးယားလိဂ် အသင်းတွေဟာ ဥရောပဘောလုံးလောကနဲ့ ဘယ်လိုအဆက်ဖြတ်မယ်..၊ ဘယ်လိုရှေ့ဆက်ကျမယ်..၊ အနာဂတ်မှာ ဘယ်လိုတွေဖြစ်နိုင်မယ် ဘယ်သူကမှ မပြောနိုင်ကြသေးပါဘူး..။ လက်ရှိပရီးမီးယားလိဂ် အဖွဲ့ချုပ် စီအီးအို ရစ်ချက် မာစတာစ် ကတော့ Brexit ကြောင့် ပရီးမီးယားလိဂ် အသင်းတွေကို ဘာမှမထိခိုက်နိုင်ပါဘူးလို့ ပြောပေမယ့် ဘယ်သူကမှ မယုံကြပါဘူး..။
အဲဒီလို မသေချာ၊ မရေရာသေးတဲ့ အခြေအနေအရပ်ရပ်တွေကြောင့် အီးယူကနေ ခွဲထွက်မယ့် လုပ်ငန်းစဉ်ကိစ္စရပ်တွေ ဆောင်ရွက်နေတဲ့ ကာလအတွင်း အရင်အတိုင်းပဲ ဆက်လက်ရှေ့ဆက်သွားမယ့် ကာလကို တစ်နှစ်သတ်မှတ်ထားပါတယ်..။ သဘောကတော့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအထိ အရင်အတိုင်းပဲ ရှေ့ဆက်ကြပါမယ်..။ ဒါဆိုရင် အဲဒီကာလကျော်လွန်လို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်ကနေစပြီး ဘယ်လိုတွေ ဆက်ဖြစ်မလဲ..?
အဲဒီအဖြေကို ပြောနိုင်ဖို့ဆိုရင် အီးယူကနေ ဘယ်လိုပုံစံနဲ့ ခွဲထွက်မှာလဲ..? အပြီးအပိုင် ကွာရှင်းပြတ်စဲခြင်းပုံစံနဲ့ ခွဲထွက်မှာလား..? ဥရောပနဲ့ တစ်ချို့နေရာတွေမှာ ဆက်တွဲထားမယ်..၊ တစ်ချို့နေရာတွေမှာ ခွဲထွက်မယ်… စတဲ့ ‘တွဲရေး..၊ ခွဲရေးပုံစံ’ နဲ့ ရှေ့ဆက်မလား..? တိတိကျကျ သိရှိပြီးမှ ပြောနိုင်မှာပါ..။ ဒါပေမယ့် အခုအချိန်ထိ ဘယ်သူကမှ တိတိပပ မပြောနိုင်သေးပါဘူး..။ ပရီးမီးယားလိဂ် အဖွဲ့ချုပ်နဲ့ အသင်းတွေကတော့ ‘တွဲရေး၊ ခွဲရေးပုံစံ’ ကို ပိုကြိုက်ပေမယ့် အဆိုးဆုံး ဖြစ်သွားနိုင်တဲ့ ဥရောပနဲ့ ယတိပြတ် သံယောဇဉ်ဖြတ်မယ့် ‘No Deal’ ပုံစံကို အားလုံးက မျှော်လင့်ထားကြပါတယ်..။ ဒါဆိုရင် ဘာတွေပြောင်းလဲသွားနိုင်မှာလဲ..?
(၁) ယခုလက်ရှိ အီးယူနဲ့ ဗြိတိသျှအစိုးရတို့ သဘောတူ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်နေ့ ကျော်လွန်သွားတာနဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ကစတင်ပြီး ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ အီးယူနိုင်ငံက ကစားသမားတွေအားလုံး (လက်ရှိစာရင်းအရ ၁၅၂ ယောက်)..၊ ဂျာမနီက ဂျာဂင် ကလော့ပ်၊ စပိန်က ပက်ပ် ဂွာဒီယိုလာ၊ နော်ဝေးက အိုလေ ဂန်းနား ဆိုလ်ရှား တို့အပါအဝင် ပရီးမီးယားလိဂ်ကို ရောက်နေကြတဲ့ EU နိုင်ငံတွေက နည်းပြ (၉) ယောက် တို့ဟာ လက်ရှိဗြိတိန်နိုင်ငံမှ ကျင့်သုံးနေတဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒအရ တခြား Non- EU နိုင်ငံများက (အခြားကမ္ဘာအရပ်ရပ်က နိုင်ငံများ) ကစားသမားများနည်းတူ ဗြိတိန်နိုင်ငံမှာ အလုပ်လုပ်ခွင့် (Work Permit) လျှောက်ထားရတော့မှာ ဖြစ်ပါတယ်..။ အဲဒီကန့်သတ်ချက်ဟာ အသင်းကြီးတွေအတွက် သိပ်မသိသာပေမယ့် အသင်းငယ်တွေနဲ့ အဆင့်နိမ့် လိဂ်ပြိုင်ပွဲများမှ အသင်းမျာကိုတော့ အကြီးအကျယ် ထိခိုက်စေလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်..။
Work Permit ခွင့်ပြုတဲ့ပုံစံနဲ့ သတ်မှတ်ချက်တွေ..၊ ကင်းလွတ်ခွင့်တွေကို စာရှည်သွားမှာ စိုးတဲ့အတွက် မရှင်းပြတော့ပါဘူး..။ သေချာတက ပရီးမီးယားလိဂ်အနေနဲ့ တခြားဥရောပလိဂ် ပြိုင်ပွဲတွေနဲ့ ကစားသမား ယှဉ်ပြိုင်ခေါ်ယူတဲ့နေရာမှာ တစ်ပန်းရှုံးနေမှာပါ.။ ဒါ့အပြင် အန်ဂိုလို ကန်တေး၊ ရီယက်ဒ် မာရက်ဇ် တို့လို မထင်မရှား ကစားသမားမျိုးကို လက်စ်တာအသင်းက ကြိုတင်ခေါ်ယူတာမျိုး မဖြစ်နိုင်တော့သလောက် ခက်ခဲသွားပါလိမ့်မယ်.။
(၂) Brexit ကြောင့် အမှန်တကယ် အထိနာသွားမယ့် ကဏ္ဍက အသက် (၁၈) နှစ်အောက် လူငယ်ကစားသမားများ ခေါ်ယူနိုင်ခွင့် ဖြစ်ပါတယ်..။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဟာ အသက် (၁၈) နှစ်အောက် ကစားသမား အပြောင်းအရွှေ့ကို တင်းတင်းကျပ်ကျပ် တားဖြစ်ထားျပေမယ့် အီးယူအဖွဲ့ဝင် နိုင်ငံတွေအချင်းချင်းကြားမှာ အသက် (၁၆) နှစ်နဲ့ (၁၈) နှစ်ကြားက လူငယ်ကစားသမားတွေကို လွတ်လပ်စွာ ခေါ်ယူခွင့် ပြုထားပါတယ်..။ ဒါ့ကြောင့်ဗြိတိသျှ ကျွန်းစုအနေနဲ့ အီးယူကနေ အပြီးအပိုင် ထွက်ခွာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့နောက်ပိုင်း ပရီးမီးယားလိဂ် အသင်းတွေအနေနဲ့ အခုချယ်လ်ဆီးအသင်းက ခေါ်ယူထားတဲ့ အသက် (၁၆) နှစ်အရွယ် နော်ဝေးတိုက်စစ်မှူး ဘရိုင်ယန် ဖီရာဘီးမား လိုမျိုး လူငယ်ကစားသမားမျိုးကို ခေါ်ယူခွင့်ရရှိတော့မှာ မဟုတ်တော့ပါဘူး..။ ဒါ့ကြောင့်ဘောလုံးကျွမ်းကျင်သူတွေကတော့ Brexit နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဆက်စ် ဖာဘရီဂတ်စ် လို ကစားသမားတွေ ပေါ်ထွက်လာဖို့ လွယ်ကူမှာ မဟုတ်တော့သလို နောက်နှစ်အပြောင်းအရွှေ့ရာသီမှာ ပရီးမီးယားလိဂ် အသင်းတွေဟာ အသက် (၁၈) နှစ်အောက် လူငယ်ကစားသမားတွေကို နောက်ဆုံးအခွင့်အရေးအနေနဲ့ အုံလိုက်ကျင်းလိုက် ခေါ်ယူဖို့ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်..။
အခြားဘဏ္ဍာရေး ကဏ္ဍပိုင်းမှာလည်း နစ်နာစရာတွေ ရှိနေသေးတာကြောင့် အခွန်ဆောင်တဲ့ ငွေကြေးသပ်သပ်နဲ့တင် တစ်နှစ်ကို စတာလင်ပေါင် (၃.၃) ဘီလီယံခန့် အစိုးရကို ဝင်ငွေရှာပေးနေတဲ့ ပရီးမီးယားလိဂ် အနေနဲ့ လက်ရှိအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ (Brexit အပြီးမှာ ပရီးမီးယားလိဂ်ကို သီးခြားကင်းလွတ်ခွင့် (excemption) ပေးဖို့..) ဗြိတိသျှအစိုးရ အပါအဝင် သက်ဆိုင်တဲ့သူတွေနဲ့ ဆက်လက် ညှိနှိုင်းလျှက်ရှိပါတယ်..။
ကန့်လန့်တိုက်နေတဲ့ ‘FA’
အခုလို Brexit ကိစ္စကြောင့် မသေမချာ၊ မရေရာတဲ့ အနာဂတ်အပေါ် ပရီးမီးယားလိဂ် အဖွဲ့ချုပ်နဲ့ အသင်းတွေ အကျပ်ရိုက်နေချိန်မှာ တစ်စခန်းထလာတာက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ဖြစ်ပါတယ်..။ တကယ်တော့ ပရီးမီးယားလိဂ် ဆိုတာကလည်း FA ရဲ့ ငွေကြေးခွဲဝေပေးမှု၊ ငွေကြေးစီမံ ခန့်ခွဲပေးပုံတွေကို မကျေနပ်လို့ ခွဲထွက်ခဲ့တာ ဖြစ်တဲ့အတွက် သူတို့နှစ်ဖွဲ့ရဲ့ ဦးတည်ချက်ကလည်း မတူပါဘူး..။ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်က ကမ္ဘာလုံးဆိုင်ရာ ပျံ့နှံ့မှုကို (Global) ဦးတည်ပေမယ့် FA ကတော့ အင်္ဂလန်ဘောလုံးလောကနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတွေ အောင်မြင်မှု ပိုမိုရဖို့ (Local) ဦးတည်ပါတယ်..။ ဒီမှာတင် Global နဲ့ Local ထိပ်တိုက်တွေ့ပါတယ်.။
FA က အမြဲတမ်းဘာကို ပြောလေ့ရှိလဲဆိုတော့ ပရီးမီးယားလိဂ် စတင်တည်ထောင်ခဲ့တဲ့ ၁၉၉၂ ခုနှစ်မှာ အင်္ဂလန်ကျွန်းစုသား ငယ်မွေးခြံပေါက် (Home Grown) ကစားသမားအချိုးအစားဟာ ကစားသမားစုစုပေါင်းရဲ့ (၇၀%) ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် အခု ၂၀၁၉ ခုနှစ်ရောက်တဲ့အချိန် အင်္ဂလန်ကျွန်းသားတွေရဲ့ ပါဝင်မှုဟာ (၃၃%) ရာခိုင်နှုန်းပဲ ကျန်ပါတော့တယ်..။ ဒါ့ကြောင့် FA ဟာ Brexit ဗရုပ်ဘရက် ကာလကို အသုံးချပြီး ပရီးမီးယားလိဂ်မှာ အင်္ဂလိပ် ကစားသမားတွေ ပိုမိုနေရာနိုင်မယ့် အကွက်တွေ စရွှေ့ပါတော့တယ်..။
FA က ပရီးမီးယားလိဂ် အသင်းတွေရဲ့ နိုင်ငံရပ်ခြား ကစားသမား (Overseas Players) ပါဝင်မှုအချိုးအစားကို လက်ရှိမှာ (၁၇) ယောက် ခွင့်ပြုနေရာကနေ (၁၂) ယောက်အထိ လျော့ချဖို့..၊ ငယ်မွေးခြံပေါက် ကစားသမား တစ်ယောက်အဖြစ် သတ်မှတ်ချက်ကို အသက် (၁၈) နှစ်ကနေ အသက် (၂၁) နှစ်အထိ မြှင့်တင်ဖို့…၊ စတဲ့ နိုင်ငံရပ်ခြား ကစားသမားတွေအတွက် ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းတွေကို ပြဌာန်းနိုင်ဖို့ အဆိုတင်သွင်းပါတယ်..။ အဲဒီမှာ ပရီးမီးယားလိဂ်နဲ့ အသင်းတွေက ပြင်းပြင်းထန်တန် ကန့်ကွက်ကြပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလို Overseas ကစားသမားတွေကို လျေုာ့ချရမယ်ဆိုရင် အသင်းတိုင်းဟာ ကစားသမား အတော်များများ ရောင်းထုတ်လိုက်ရမယ့်ကိန်း ဆိုက်သွားမှာ ဖြစ်တာကြောင့်ပါ..။
အခုထက်ထိ ညှိနှိုင်းမှုတွေ ပြုလုပ်နေတုန်းဖြစ်ပြီး ဘာသဘောတူညီမှုမှ မရသေးပါဘူး..။ FA ကလည်း သူလုပ်ချင်တာကို အလျော့ပေးမယ့်ပုံ မရှိပါဘူး..။ မနေ့ကတော့ Brexit နောက်ပိုင်းမှာ လူငယ်အကယ်ဒမီ ငယ်မွေးခြံပေါက် အင်္ဂလိပ် ကစားသမားတွေကို ပိုပြီးကစားခွင့်ပေးတဲ့ အသင်းတွေအတွက် အပြောင်းအရွှေ့ ရာသီလှုပ်ရှားမှုတွေမှာ ပိုပြီးအခွင့်အရေးပေးမယ့် ‘ဆုပေး၊ ဒဏ်ပေးစနစ် (credit based system)’ တစ်ခုကို အဆိုပြုတယ်လို့ သတင်းထွက်ပေါ်လာပါတယ်..။ FA ကတော့ နောက်ပိုင်းကာလတွေမှာ အသင်းတွေဘက်က အင်္ဂလိပ် ကစားသမားတွေကို For show ရုပ်ပြစားရုံလောက် ခေါ်တာမျိုးမဟုတ်ပဲ အမှန်တကယ် အသုံးချစေချင်လို့ ခေါ်ယူတာ..၊ အမှန်တကယ် နေရာပေးတာမျိုး ဖြစ်စေချင်ပါတယ်..။ ဒါကြောင့် သူတို့ဘက်က ‘ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ..’ ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်တဲ့ပုံ ဖြစ်နိုင်ပေမယ့် သူတို့တင်ပြတဲ့ စနစ်ပုံစံဟာ အတော်လေးကို ရှုပ်ထွေးပြီး မန်နေဂျာတွေ တိုင်ပတ်မယ့် အလားအလာပဲလို့ တုံ့ပြန်ကြပါတယ်..။
အင်္ဂလိပ် ကစားသမားများနဲ့ ချယ်လ်ဆီးအသင်း..
အခုလို FA နဲ့ ပရီးမီးယားလိဂ်နဲ့ ထိပ်တိုက်တွေ့နေတဲ့ အနေအထားမှာ လက်ရှိချယ်လ်ဆီးအသင်း လျှောက်လှမ်းနေတဲ့ ပုံစံကတော့ ‘FA ရဲ့အကြိုက်..၊ မွန်းလိုက်’ ပါပဲ..။ ရိုမန် အေဘရာမိုဗစ်ချ် အသင်းကို ဝယ်ယူခဲ့ပြီးတဲ့နောက်ပိုင်း အသင်းရဲ့သွားနေတဲ့ လမ်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ သူများထက် အမြဲတမ်းရှေ့ကပြေးခဲ့ပါတယ်..။ ငွေကိုရေလိုသုံးပြီး အကောင်းဆုံးနည်းပြ..၊ အကောင်းဆုံး ကစားသမားတွေနဲ့ အောင်မြင်မှုကို ဝယ်ယူခဲ့တဲ့ပုံစံမျိုးကို ပထမဆုံး အောင်မြင်အောင် လျှောက်လှမ်းပြခဲ့သလို ချန်ပီယံလိဂ် ရပြီနောက်ပိုင်း လူငယ်ကစားသမားတွေကို ဦးတည်ဝယ်ယူတယ်..၊ ဈေးကွက်ပျံ့နှံ့မှု..၊ အသင်းရဲ့ စီးပွားရေးအခြေအနေ..၊ ကွင်းတွင်းအောင်မြင်မှုကို မျှမျှတတ စီမံ၊ လျှောက်လှမ်းခဲ့တဲ့ ဒုတိယမြောက်အရွှေ့ ခြေလှမ်းရာမှာလည်း သူများတွေထက် တာထွက်စောခဲ့ပါတယ်..။ ဒီနှစ် ဖရန့် လမ်းပတ် တို့ရဲ့ အင်္ဂလန်လူငယ် အကယ်ဒမီ သွေးသစ်တွေနဲ့ဖောက်ခဲ့တဲ့ တတိယလမ်းဟာ အလုံးစုံအဆင်ပြေလှတယ် မဟုတ်လှပေမယ့် နောင်တစ်ချိန်မှာ အသင်းတိုင်း အနှေးနဲ့အမြန်ဆိုသလို မလွှဲမသွေ လျှောက်လှမ်းရမယ့်လမ်းပါ..။ ဒါ့ကြောင့် Brexit အလွန် တတိယအရွေ့မှာလည်း ချယ်လ်ဆီးအသင်းဟာ ခြေတစ်လှမ်းစောနေတုန်းပဲလို့ ပြောနိုင်ပါတယ်..။
ဒ့ါကြောင့်ပရိသတ်တွေ ကြိုက်သည်ဖြစ်စေ..၊ မကြိုက်သည်ဖြစ်စေ..၊ ဖရန့် လမ်းပတ် ကို ‘ဦးမျိုးချစ်ကြီး’ လို့ ဘယ်လိုပဲ သမုတ်သည်ဖြစ်စေ… နောက်ပိုင်းမှာလည်း ချယ်လ်ဆီးအသင်းနဲ့ ဖရန့် လမ်းပတ် တို့ဟာ လူငယ်အကယ်ဒမီ သွေးစစ်စစ်၊ အင်္ဂလန်သားတွေကို ပိုပြီးဦးစားပေး ချီတက်သွားဖို့များပါတယ်..။ ဒါကတော့ ရေရှည်ကိစ္စဖြစ်ပါတယ်..။
အခုလက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ကို ပြန်ကြည့်မယ်ဆိုရင် ဒီလိုရာသီဝက် အပြောင်းအရွှေ့ကာလရဲ့ သဘောသဘာဝအရ အနာဂတ်အတွက် အလားအလာရှိတဲ့ လူငယ်သွေးသစ် ကစားသမားတွေကို ဝယ်ယူနိုင်ဖို့ ခက်ခဲတတ်ပါတယ်..။ ဒါပေမယ့်လက်ရှိအချိန်မှာ ရရှိထားတဲ့ အခြေအနေကောင်းတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အားဖြည့်မှုတွေ လိုအပ်နေမှန်း သိရက်သားနဲ့ လက်ပိုက်ကြည့်နေသလို ဖြစ်နေတဲ့အပေါ် အသင်းပရိသတ်တွေက အားမရကြပါဘူး..။ တခြားအသင်းတွက နွေရာသီအပြောင်းအရွှေ့မှာ လိုအပ်တဲ့ဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့နိုင်တာကြောင့် အခုလို မရေမရာ၊ မသေမချာတဲ့ အခြေအနေကို လက်ပိုက်ကြည့်နေနိုင်တယ်လို့ ပြောနိုင်ပေမယ့် ချယ်လ်ဆီးအသင်းကတော့ နွေရာသီတုန်းကမရခဲ့တဲ့ အခွင့်အရေးကို အခုဆောင်းရာသီမှာ အသုံးချပြီး အားဖြည့်သင့်တယ်ဆိုတဲ့ အယူအဆလည်း ရှိနေပါတယ်..။ ဒါပေမယ့် ဟူးလ် စီးတီးအသင်းနဲ့ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ဖရန့် လမ်းပတ် က ‘အပြောင်းအရွှေ့ ရာသီနောက်ဆုံးရက်အထိ စောင့်ကြည့်ကြပါ..’ လို့ပဲ မယုတ်မလွန် ပြောသွားပါတယ်..။
အထက်ဖော်ပြပါ အကြောင်းအချက်တွေကြောင့် ဒီနှစ်ဆောင်းရာသီ အပြောင်းအရွှေ့ကာလဟာ ချယ်လ်ဆီးအသင်း ပရိသတ် မျှော်လင့်ထားသလို ငွေသုံးကြမ်းတဲ့ အပြောင်းအရွှေ့ရာသီတစ်ခု ဖြစ်မလာရတာလို့ ပြောနိုင်ပါတယ်..။ ဒါပေမယ့် လက်ရှိအသင်းရဲ့ပဲ့ကိုင်ရှင် မာရီယာနာ ဂရာနော့ဗ်ကီးယား တို့ ဘုတ်အဖွဲ့ဟာ ယုံစားလို့ရတဲ့သူတွေမဟုတ်ပဲ မထင်ရင်မထင်သလို မမျှော်လင့်တဲ့ အကွက်တွေ ရွေ့တတ်တဲ့အကျင့် ရှိပါတယ်..။ ဒ့ါကြောင့်မျှော်လင့်ထားတဲ့ ထိပ်တန်းကစားသမား ခေါ်ယူဖြည့်တင်းမှုတွေ ရောက်လာနိုင်ဖို့ အလားအလာ နည်းပါးနေသော်ငြား ဈေးကွက်ပိတ်သိမ်းဖို့ လက်ကျန်ငါးရက်၊ ခြောက်ရက်တာ ကာလအတွင်း အချိန်ကိုက် လှုပ်ရှားမှုတွေကြောင့် အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းချိန်မှာ ပရိသတ် ကျေနပ်လောက်တဲ့ အားဖြည့်မှုမျိုးတွေ ဖြစ်လာဦးမလား.. ဆိုတာကို နည်းပြ ဖရန့် လမ်းပတ် နောက်ဆုံးပြောဆိုလိုက်တဲ့ ငြီးတွားသံ စကားလုံးများနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်…
“အခုလောလောဆယ်မှာ ပြောပြရလောက်တဲ့ ကစားသမားခေါ်ယူဖို့ လှုပ်ရှားမှု ဘာမှမရှိသေးပါဘူး..။ ကျွန်တော်တို့ဟာ နွေရာသီမှာတုန်းက ပြစ်ဒဏ်ကြောင့် ပြင်ဆင်ခွင့်မရခဲ့လို့ နစ်နာခဲ့ပြီးပါပြီ..။ ဒါ့အပြင်အသင်းရဲ့ သမိုင်းတစ်လျောက် အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တဲ့ အီဒင် ဟာဇက် ကို လက်လွှတ်ခဲ့ရပါတယ်..။ ဒါကလက်ရှိအနေအထားပါ..။
ကျွန်တော့်ရဲ့တာဝန်က ကစားသမားတွေကို ပိုပြီးကောင်းမွန်တဲ့ ကစားသမားတွေ ဖြစ်လာအောင် လေ့ကျင့်ကွင်းမှာ နေ့တိုင်းလေ့ကျင့်ပေးရပါတယ်..။ နောက်ထပ်တစ်ပိုင်းအနေနဲ့ ဘယ်လိုကစားသမားသစ်တွေ အားဖြည့်ပြီး အသင်းကို တိုးတက်အောင် ကြိုးစားရပါမယ်..။
ကျွန်တော်တို့ဟာ နွေရာသီတုန်းက တခြားအသင်းတွေနဲ့ တန်းတူအခွင့်အရေး မရခဲ့လို့ နစ်နာခဲ့ရပါပြီ.။ ဒါ့ကြောင့်အခုအချိန်ဟာ အသင်းကို တိုးတက်အောင် ဖြည့်ဆည်းရမယ့် အခွင့်အရေးပါပဲ..။ ကျွန်တော့်ဆီမှာ ဘယ်လိုကစားသမားတွေနဲ့ ပိုပြီးတိုးတက်အောင် လုပ်လို့ရနိုင်မယ်ဆိုပြီး တွေးထားတာတွေ ရှိပါတယ်..။
ကျွန်တော့်ဘက်ကတော့ ရှင်းပါတယ်..။ ငွေရေးကြေးရေးဟာ ကျွန်တော်နဲ့မဆိုင်ပါဘူး..။ ဒါပေမယ့်ကျွန်တော်အနေနဲ့ အားလုံးအပေါ် ရိုးသားရမယ်..၊ အခြေအနေမှန်ကို မြင်နိုင်ရပါမယ်..။ ဒါ့ကြောင့်အခုအချိန်ဟာ ရေတိုဖြည့်ဆည်းမှုအတွက် သင့်တော်တဲ့အချိန်လို့ ပြောချင်ပါတယ်..။”
Reference
- How Brexit May Impact the Premier League?, by Jodie Miller, ww.crytonewsz.com
- Brexit and the Premier League: What You Need to Know, by Peter Taberner, www.highpresssoccer.com
- AHEAD OF THE GAME: Select English-qualified players and Premier League clubs could earn credits for signings, by Matt Hughes, www.dailymail.co.uk