feature-image

‘မိုက်ကယ် အက်ဆီယန်’ ပြောပြတဲ့ အပြာရောင်ကစားသမားဘ၀ အမှတ်တရများ…

ချယ်လ်ဆီးအသင်း၏ အအောင်မြင်ဆုံးကာလတွင် အာဖရိက ကြယ်ပွင့်တစ်ဦးအဖြစ် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ‘မိုက်ကယ် အက်ဆီယန်’ ဆိုသည်မှာ မဆုတ်မနစ်သော ကြိုးစားအားထုတ်မှု၊ အနိုင်မခံအရှုံးမပေးတတ်သည့် စိတ်ဓါတ်နှင့် ခွန်အားအပြည့်ဖြင့် အသင်း၏ ကွင်းလယ်ကစားကွက်ကို ထိန်းကျောင်းနိုင်ခဲ့သည့်အတွက် စတန်းဖို့ဒ် ဘရစ်ချ် ပရိသတ်များက ‘The Bison’ ဟု ချစ်စနိုး ခေါ်တွင်ခဲ့ကြသည်..။ အဖရိကတိုက် ဂါနာနိုင်ငံဖွား.. ဂန္တဝင် ကွင်းလယ်ကစားသမားကြီးမှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ကိုးနှစ်တာ ကာလအတွင်း ချယ်လ်ဆီးအသင်းအတွက် (၂၅၆) ပွဲကစား၊ (၂၅) ဂိုး သွင်းယူပေးနိုင်ခဲ့သည်..။

မကြာမီက ချယ်လ်ဆီးအသင်း Official website နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ၊ မေးမြန်းခန်းတွင် သူ၏အကောင်းဆုံး၊ အမှတ်ရဆုံးဖြစ်မည့် ပွဲစဉ်တစ်ပွဲကို ရွေးထုတ်ခိုင်းခဲ့ရာ ကိုးနှစ်တာကာလအတွင်း ရရှိခဲ့သော အောင်မြင်မှုများ၊ အမှတ်တရဖြစ်ရပ်များ၊ အမြဲတသသ ကျန်ရစ်နေခဲ့မည့် သွင်းဂိုးများကြောင့် သူ့အတွက် အရွေးရခက်..၊ အခက်တွေ့ခဲ့ရသည်..။ အဆိုပါအကောင်းဆုံးသော အမှတ်တရ ဖြစ်ရပ်များအကြားမှ သူ့အတွက်..၊ အသင်း၏သမိုင်းအတွက် ဘယ်တော့မှ မမေ့နိုင်မည့် သွင်းဂိုးများ၊ အောင်မြင်မှုများနှင့် အမှတ်တရဖြစ်ရပ်များအပေါ် ‘The Bison’ က ယခုလိုပြောပြခဲ့ပါသည်..။



ပထမဆုံးသွင်းဂိုး..

“ချယ်လ်ဆီးအသင်းအတွက် ကျွန်တော့်ရဲ့ ပထမဆုံးဂိုးကို ၂၀၀၆ ခုနှစ်၊ တော့တင်ဟမ်အသင်းနဲ့ပွဲစဉ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်..။ အဲဒီပွဲစဉ်ဟာ ကျွန်တော်တို့အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်း တစ်ယောက်ဖြစ်တဲ့ ပီတာ အော့စ်ဂွတ် ကွယ်လွန်ပြီး စတန်းဖို့ဒ် ဘရစ်ချ် မှာ ပထမဆုံး ပြန်လည်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်တာကြောင့် အသင်းပရိသတ်နဲ့ ကျွန်တော်တို့အတွက် စိတ်လှုပ်ရှား၊ စိတ်ထိခိုက်ခဲ့ရတဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ အဲဒီဝမ်းနည်းပူဆွေးမှုတွေကို ကျော်ဖြတ်ပြီး အနိုင်ရလဒ်ကို ဆောင်ယူနိုင်ပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ဖြေသိမ့်စရာတစ်ခု ရရှိခဲ့တာပေါ့ဗျာ..။

ချယ်လ်ဆီးအသင်းအနေနဲ့ မြို့ခံပြိုင်ဘက်အသင်းတွေနဲ့ ဒါဘီပွဲစဉ်တွေဟာ အရေးကြီးပါတယ်..။ ပရိသတ်တွေဟာ ဒီလိုမြို့ခံပြိုင်ဘက်ချင်း ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်တွေကို ဘယ်လောက် အလေးထားတယ်ဆိုတာ နိုင်ပွဲတွေအပေါ် သူတို့တွေရဲ့ တုံ့ပြန်မှုတွေ ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်..။”



ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆု…


“ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ဆိုတာ ကျွန်တော့်အတွက် ကြီးမားတဲ့ အိပ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်..။ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော့်ရဲ့ စတန်းဖို့ဒ် ဘရစ်ချ် ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ ဆုပေးပွဲအခမ်းအနားမှာ ကျွန်တော်ဟာ ဆုဖလားကို ကွင်းလယ်မှာထားပြီး အကြာကြီး မလှုပ်မယှက် ငေးကြည့်နေခဲ့ပါတယ်..။ တကယ့်ကို ကြည့်လို့မဝနိုင်ပါဘူးဗျာ…။ ကျွန်တော်အင်မတန် လိုချင်တောင့်တခဲ့တဲ့ ဆုဖလားတစ်ခု ဖြစ်ခဲ့တဲ့အပြင် အသင်းအတွက်လည်း နှစ်ကြိမ်ဆက်တိုက် (back to back) ဆွတ်ခူးနိုင်ခဲ့တာဆိုတော့ အားလုံးအတွက် တကယ့်ကို ထူးရှယ်အခိုက်အတန့်ပါပဲ..။

ဒါ့အပြင် အဲဒီလိုအကောင်းဆုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းမှာ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ခွင့်ရရှိခဲ့တာကြောင့်လည်း အရမ်းကိုပျော်ရွှင်၊ ကျေနပ်ခဲ့ရတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်..။ အထူးသဖြင့် အဓိကပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းကို ၃- ၀ နဲ့ အနိုင်ရ၊ ဗိုလ်စွဲခဲ့ခြင်းကြောင့် အဲဒီဆုဖလားဟာ ကျွန်တော်တို့အတွက် ပိုပြီးအဓိပ္ပါယ်ရှိ..၊ တန်ဖိုးရှိခဲ့ပါတယ်..။”




အာဆင်နယ်အသင်းနှင့်ပွဲစဉ်တွင် သွင်းယူပေးခဲ့သော ချေပဂိုး…


“အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ အဝေးကန်ချက်သွင်းဂိုးဟာ ချယ်လ်ဆီးအသင်းအတွက် ကျွန်တော်သွင်းယူပေးခဲ့သမျှဂိုးတွေထဲမှာ အကောင်းဆုံးဂိုး ဖြစ်ပါလိမ့်မယ်..။ အဲဒီဘောလုံးရာသီဟာ အသင်းနဲ့ကျွန်တော့်ရဲ့ ဒုတိယဘောလုံးရာသီဖြစ်သလို ကျွန်တော်တို့ဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ သူတို့ကို ရှုံးနိမ့်နေတယ်..၊ အချိန်ကလည်း တရွေ့ရွေ့နဲ့ ကုန်ဆုံးဖို့ နီးကပ်လာပါပြီ..။ အဲဒီအချိန် ကျွန်တော်ဟာ ကွင်းလယ်မှာ နေရာလွတ်လေး ပေါ်နေတာ တွေ့မိပါတယ်..။ အဲဒါနဲ့ ကျွန်တော့်ဆီကို ဘောလုံးပေးဖို့ ဖရန့် လမ်းပတ် ကို လှမ်းပြောပါတယ်..။

သူကကျွန်တော့်ရဲ့ရှေ့ကို အသာလေး အနေတော်လှိမ့်ပေးလိုက်ပါတယ်..။ အဲဒီအချိန်ကျွန်တော့်ရဲ့စိတ်ထဲမှာ ပထမဆုံး ဖြစ်ပေါ်လာတာက ‘ကန်သွင်းလိုက်ဖို့..’ ပါပဲ..။ အဲဒီနေရာလွတ်အတိုင်း အတိအကျ ကန်သွင်းနိုင်ခဲ့တာကြောင့် ဂိုးဝင်သွားခဲ့ပါတယ်..။ ဂိုးဝင်သွားတဲ့အချိန် ပရိသတ်တွေရဲ့ ရူးသွပ်စေခဲ့တဲ့ အပျော်တွေ ကူးစက်ခဲ့သလို အဲဒီဂိုးသွင်းအပြီး အောင်ပွဲခံခဲ့တဲ့အချိန် ကျွန်တော်တို့အရမ်း ပျော်ရွှင်ခဲ့ပါတယ်..။ အာဆင်နယ်အသင်းလို အဓိကပြိုင်ဘက်ကြီးကို ဘယ်သူကမှ အရှုံးမပေးချင်ခဲ့သလို ကျွန်တော်တို့ဟာ ပွဲမပြီးမချင်း ဘယ်တော့မှ အရှုံးကိုလက်မခံခဲ့ပါဘူး..။”



ညာနောက်ခံလူ နေရာ (သို့မဟုတ်) သူ့အတွက် နေရာမှန်လား….?

“၂၀၀၇ ခုနှစ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ကွာတားဖိုင်နယ်မှာ ကျွန်တော်တို့ဟာ ဗလင်စီယာအသင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်..။ စပိန်နိုင်ငံမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ် ပထမပိုင်းမှာ ကျွန်တော်ဟာ ကွင်းလယ်မှာ ကစားခဲ့ရပါတယ်..။ ပထမပိုင်းအပြီး အိမ်ရှင်အသင်းဟာ ဖာနန်ဒို မိုရီယန်းတက်စ် ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်..။ ဒုတိယပိုင်း ပြန်လည်စတင်တဲ့အချိန်မှာ နည်းပြဟိုဆေး မော်ရင်ဟို က ကျွန်တော့်ကို ညာနောက်ခံ အစွန်လူနေရာကို ရွှေ့ခဲ့ပါတယ်..။ ကျွန်တော်ဟာ အမြဲတမ်းခွန်အားအပြည့်နဲ့ ကစားနိုင်တဲ့သူ ဖြစ်တဲ့အတွက် အဲဒီနေရာမှာ ကစားရတာ ပြသနာမရှိပါဘူး..။

ဒုတိယပိုင်းမှာ အင်ဒရေ ရှက်ဗ်ချန်ကို က ကျွန်တော့်ရဲ့ ညာတောင်ပံ ဖြတ်တင်ဘောကနေ အနီးကပ်ပိတ်သွင်းပြီး ချေပဂိုးရရှိခဲ့ပါတယ်..။ မိနစ် (၉၀) အထိ တစ်ဂိုးစီသရေကျနေခဲ့ပြီး တကယ့်ကို ခက်ခဲခဲ့တဲ့ ပွဲစဉ်တစ်ပွဲပါ..။ ဒီလိုနဲ့တိုက်စစ်ကို လိုက်ပါရင်း ကျွန်တော်ရှိနေတဲ့ ညာဘက်ခြမ်းဆီကို ဘောလုံးရောက်လာပါတယ်..။ ဂိုးသမားရဲ့ အနေအထားကို တစ်ချက်ကြည့်တယ်..၊ များသောအားဖြင့် ဂိုးဧရိယာထဲကို ဖြတ်တင်မလား..? သူ့ရဲ့အပေါ်ကနေ ကျော်ပြီအပြင်းကန်သွင်းမလား..? ဒါကိုပဲ ရွေးချယ်လေ့ရှိတာကြောင့် သူ့ကိုကြည့်ရတာ ကျွန်တော်ဖြတ်တင်လာရင် ထွက်ဆွဲဖို့ ပြင်ဆင်ထားပုံ ရပါတယ်..။ အဲဒီမှာ သူနဲ့အနီးဂိုးတိုင်ကြားက နေရာလွတ်ကျဉ်းကျဉ်းလေးကို မြင်လိုက်တာကြောင့် အဲဒီနေရာလွတ်ထဲကို အပြင်းကန်သွင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ သူလုံးဝမမျှော်လင့်ထားတဲ့ အနေအထားကို ကန်သွင်းခဲ့တာ ဖြစ်တဲ့အတွက် ကာနီဇားရက်စ် ဟာ အမြန်လှဲအိပ်ပြီး တားဆီးနိုင်ဖို့ ကြိုးစားသေးပေမယ့် မမှီတော့ပါဘူး..။”


ဝင်ဘလေကွင်းထက်မှ အောင်ပွဲများ..

“၂၀၀၇ ခုနှစ်၊ FA ဖလားဗိုလ်လုပွဲကို ဝင်ဘလေကစားကွင်းသစ်ကြီးမှာ ကျင်းပတဲ့အခါ ကျွန်တော်တို့နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ပထမဆုံးအကြိမ်အဖြစ် ကွင်းသစ်ကြီးမှာ ယှဉ်ပြိုင်ရပါတယ်..။ အဲဒီပွဲမှာ ကျွန်တော်ဟာ ဂျွန် တယ်ရီ နဲ့အတူ တွဲဖက်ပြီး ဗဟိုခံစစ်မှူးအဖြစ် ကစားရတယ်လို့ ထင်တာပဲဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီနှစ်ဘောလုံးရာသီမှာ ကျွန်တော်ဟာ အသင်းမှာနေရာစုံ ကစားနေရတာဆိုတော့ ဘယ်လိုနေရာကပဲ ကစားရတယ် ဖြစ်ပါစေ.. အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးဆပ်နိုင်ဖို့ပဲ စဉ်းစားထားပါတယ်..။ ဒါပေမယ့် ဝင်ဘလေကွင်းသစ်ကြီးမှာ ပထမဆုံး ပြည်တွင်းဖလား ဗိုလ်လုပွဲကြီးကို ကစားရတဲ့ ခံစားချက်ကိုတော့ အခုထိမှတ်မိနေဆဲပါပဲ..။ ဒါ့အပြင်ကျွန်တော်တို့ဟာ ဒီဒီယာ ဒရော့ဘာ ရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်..။ FA ဖလားကို လှမ်းကိုင်ရတဲ့အချိန် ခံစားချက်ကတော့ ဆုဖလားတွေကို ကိုင်မြှောက်ရတဲ့အချိန်တိုင်း ရရှိလေ့ရှိတဲ့ ခံစားမှုအတိုင်းပါပဲ…။”




ကာလရှည် ဒဏ်ရာမှအပြန်….

“၂၀၀၉ ခုနှစ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ဂျူဗင်တပ်စ်အသင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ ကျွန်တော်ပြန်လည် ပါဝင်ခွင့်ရရှိခဲ့ပါတယ်..။ အဲဒီပွဲမတိုင်ခင်ကျွန်တော်ဟာ ငါးလ၊ ခြောက်လလောက် ဒဏ်ရာကြောင့် နားနေခဲ့ရတာဆိုတော့ အခုလိုတကယ့်ပွဲကြီးပွဲကောင်းတစ်ပွဲနဲ့ ပြန်ပြီးကစားရတာ သိပ်တော့မလွယ်ကူလှပါဘူး..။ ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာ ဖရန့် လမ်းပတ် ရဲ့ (၂၅) ကိုက်ကန်ချက်ဟာ ဂိုးဘားတန်းထိပြီး ပြန်ကျလာတာကို ကျွန်တော်က အနီးကတ်ပိတ်သွင်းပြီး ချေပဂိုးရယူနိုင်ခဲ့ပါတယ်..။ ထူးဆန်းတာက ကျွန်တော်ဒဏ်ရာရခဲ့တဲ့ ဘယ်ခြေနဲ့ပဲ သွင်းယူပေးခဲ့တာပါ..။

ကာလရှည်ဒဏ်ရာကနေ အမြန်ဆုံးပြန်လည်ကောင်းမွန်လာဖို့ ကျွန်တော်ဟာအစွမ်းကုန် ကြိုးစားခဲ့သလို အခုလိုပွဲကြီးတစ်ပွဲ ချက်ချင်းဝင်ကစားခဲ့ရပေမယ့် ကျွန်တော်ဟာ ကြံ့ခိုင်မှုပြည့်စုံပြီး အသင့်အနေအထား ဖြစ်နေခဲ့ပါပြီ..။ ကျွန်တော်တို့အသင်းရဲ့ ဆေးအဖွဲ့..၊ ကြံ့ခိုင်ရေးအဖွဲ့တွေရဲ့ ပံ့ပိုးမှုတွေအရမ်းကို ကောင်းမွန်ခဲ့တာကြောင့် ဘာမှဒဏ်ရာမရရှိခဲ့ဖူးသလို အမြန်ဆုံးပြန်လည်ကောင်းမွန်ခဲ့တယ်လို့ပဲ ပြောရမှာပါ..။”




ဘာစီလိုနာအသင်းနဲ့ အမှတ်တရ…

“အဲဒီနှစ်ဘောလုံးရာသီ၊ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲအဆင့်မှာ ဘာစီလိုနာအသင်းနဲ့ ကျွန်တော်တို့ ရင်ဆိုင်ရပါတယ်..။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ကျွန်တော်သွင်းယူပေးခဲ့တဲ့အဖွင့်ဂိုး ချယ်လ်ဆီးပရိသတ်တိုင်း မှတ်မိနေကြတုန်းပဲဗျ..။ ကျွန်တော်ကတော့ အဲဒီဂိုးဟာ အာဆင်နယ်အသင်းနဲ့ပွဲမှာ သွင်းခဲ့တဲ့ဂိုးလောက်တော့ မလှဘူးလို့ ထင်ပါတယ်..။ အာဆင်နယ်အသင်းနဲ့ပွဲတုန်းက အဖြောင့်ကန်ချက်က ဒီပွဲမှာသွင်းယူပေးခဲ့တဲ့ လေးကိုင်းသဏ္ဍာန် ကွေးညွတ်ပြီး ကျလာတဲ့ကန်ချက်ထက် ပိုပြီးလှပတယ်လို့ ထင်တာပဲ..၊ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းမွန်ခဲ့တဲ့ သွင်းဂိုးတစ်ဂိုးလို့ ပြောရမှာပါ..။

နောက်ပြီးကျွန်တော်ဟာ ဘယ်ခြေနဲ့ မြေမကျကန်သွင်းခဲ့တာဖြစ်ပြီး တကယ်တမ်းဆိုရင် ကျွန်တော့်ရဲ့ ဘယ်ခြေဟာ ညာခြေလောက် မသန်ပါဘူး..။ ဒါပေမယ့် မြေမကျကန်ချက်ဆိုတော့ ဘောလုံးဟာအရှိန်နဲ့ ဂိုးထဲဝင်သွားတာဆိုတော့ ဘယ်သူမှမထင်လိုက်ပုံ ရပါတယ်..။ ကျွန်တော့်ရဲ့ရှေ့ကို ကျလာတဲ့ ဘောလုံးရဲ့ အနေအထားအရ မြေမကျကန်သွင်းတာကပဲ အသင့်တော်ဆုံး ဖြစ်မယ်လို့ ယူဆခဲ့သလို လှပတဲ့ အမှတ်တရ သွင်းဂိုးတစ်ဂိုး ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် နောက်ဆုံးဗိုလ်လုပွဲကို မတက်ရောက်နိုင်ခဲ့တဲ့အတွက် ပွဲပြီးတဲ့အချိန်မှာ ကျွန်တော်တို့အားလုံး အထူးစိတ်ပျက်ခဲ့ရတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။”



The Comeback…

“ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးရယူခဲ့ခြင်းဟာ ကျွန်တော်တို့အသင်းအတွက် တကယ့်ကို မမေ့နိုင်မယ့် အမှတ်တရ နေ့တစ်နေ့ပါပဲ..။ အဲဒီချန်ပီယံလိဂ် ချန်ပီယံဆုဖလား လမ်းကြောင်းတစ်လျှောက် နာပိုလီအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို အခုထက်ထိ မှတ်မိနေတုန်းပါ..။ ပထမအကျော့ အီတလီမြေမှာ ကျွန်တော်တို့ဟာ ၃- ၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်..။ ဒါ့ကြောင့်စတန်းဖို့ဒ် ဘရစ်ချ် မှာ ကန်ရမယ့် ဒုတိယအကျော့ ပွဲစဉ်ဟာ ကျွန်တော်တို့အတွက် တကယ့်ကိုခက်ခဲခဲ့ပါတယ်..။ အဲဒီလိုအခက်ခဲဆုံး ပွဲစဉ်တစ်ပွဲမှာ အသင်းနဲ့အတူ ပါဝင်ကူညီနိုင်ခွင့် ရရှိခဲ့တာ ကျွန်တော့်အတွက် ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရ အောင်မြင်မှုတစ်ခုပါပဲ..။ တကယ်လို့ ဘာစီလိုနာ..၊ ဘိုင်ယန် မြူးနစ်အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ပါဝင်ခွင့်ရခဲ့မယ်ဆိုရင် ပိုပြီးတော့ ကျေနပ်ဖို့ကောင်းခဲ့မှာ ဖြစ်ပေမယ့် ကျွန်တော်ဟာ အသင်းအတွက် အမြဲတမ်းအသင့် ရှိနေခဲ့တယ်..၊ ဒီလိုချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းမှာ ပါဝင်ခွင့် ရခဲ့တယ်..၊ နောက်ပြီးချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်စွမ်းရှိတယ်ဆိုတာ ပြသနိုင်ခဲ့တဲ့အပါ် အထူးကျေနပ်၊ ဂုဏ်ယူမိပါတယ်..။”