‘Winter Break’…
ပရီးမီးယားလိဂ် ချစ်ပရိသတ်တွေအတွက်ကတော့ အရှိန်အဟုန်နဲ့ ခုတ်မောင်းနေတဲ့ ပွဲကြီးပွဲကောင်းတွေဟာ ‘Winter Beak’ ဆိုတဲ့ ဆောင်းရာသီ အနားပေးရက်ကြောင့် အထာမကျစွာနဲ့ပဲ ရပ်တန့်သွားခဲ့ရတယ်.. လို့ ထင်မှတ်စရာ ရှိပါတယ်..။ ကျွန်တော်ကတော့ ခါတိုင်းနှစ်များနဲ့မတူပဲ ထူးခြားစွာ ရရှိခဲ့တဲ့ ဆောင်းရာသီ အနားပေးရက်များအကြောင်းကို တွေးနေရင်း လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ကျော်က ချယ်လ်ဆီးအသင်းနဲ့အတူ ထူးထူးခြားခြား ရရှိခဲ့တဲ့ အနားပေးရက်များဆီ စိတ်တွေပျံသန်းသွားပါတော့တယ်..။
ကျွန်တော်တို့လို ကစားသမားတွေအတွက်ကတော့ အနားပေးရက်.. ‘break’ လို့ ဆိုလိုက်ရင် ကစားပွဲတွေ လုံးဝမရှိပဲ အနားပေးလိုက်တဲ့ကာလနဲ့ ချစ်ကြည်ရေးပွဲစဉ်တစ်ပွဲပွဲအတွက် တစ်နေရာရာကို ခရီးထွက်ရတဲ့ အနားပေးရက် ကာလဆိုပြီး နှစ်မျိုးနှစ်စားပဲ ရှိပါတယ်..။ ကျွန်တော့်ရဲ့ ချယ်လ်ဆီးအသင်း ကစားသမားသက်တမ်းတစ်လျှောက် အသင်းနဲ့အတူ အိုင်ယာလန်၊ စပိန်၊ ပေါ်တူဂီ၊ ဂျပန်.. စတဲ့ ကမ္ဘာ့နေရာအနှံ့ကို ခရီးထွက်ခဲ့ဖူးသလို ခရီးစဉ်တိုင်းဟာ အမှတ်တရများစွာနဲ့ မမေ့နိုင်စရာ ခရီးစဉ်တွေလို့ပဲ ပြောရမှာပါ..။ အဲဒီထဲက ဘယ်တော့မှ မမေ့နိုင်မယ့် ထူးထူးခြားခြား ခရီးစဉ် တစ်ခုကတော့….
၁၉၈၆ ခုနှစ်၊ မတ်လ…
နွေဦးကာလ၊ မတ်လဆန်းရဲ့ မနက်ခင်းတစ်ခုမှာ အသင်းဥက္ကဌ ကင် ဘိတ်စ် က အသင်းသားတွေကိုခေါ်ပြီး ‘ငါတို့အားလုံး တောင်ကမ္ဘာခြမ်းက တစ်နေရာကို သွားကြရင် ကောင်းလိမ့်မယ်..၊ နေရောင်ခြည်နွေးနွေးအောက်မှာ ဒို့တစ်တွေ ပြန်ပြီးအားဖြည့်ကြတာပေါ့…’ လို့ ပြောပါတယ်..။ ကျွန်တော်တို့အားလုံးကလည်း ဥက္ကဌကြီးရဲ့ ကတိစကားကြောင့် နေရောင်ခြည်ကောင်းကောင်းရမယ့် ဘယ်ဒေသကို သွားကြရင်ကောင်းမလဲဆိုပြီး အချင်းချင်းတိုင်ပင်ကြပါတယ်..။ နေရောင်ခြည် အနွေးဓါတ်လေးတွေနဲ့ စိတ်အေးမြစေမယ့် စပိန်နိုင်ငံ၊ တော်ဘက်ခြမ်းက ကမ်းခြေတွေလား..? ဖလော်ရီဒါ ကမ်းခြေတွေဆီက ငွေသောင်ယံ ဖြူလွှလွှတွေဆီလား..? ကိုယ်စီကိုယ်စီ အတွေးတွေနဲ့ ပျော်မြူးလို့သာ နေပါတော့တယ်..။ ဒါပေမယ့် ကျွန်တော်တို့အားလုံးရဲ့ ခန့်မှန်းချက်၊ အိပ်မက်တွေဟာ ဥက္ကဌ ကင် ဘိတ်စ် ရဲ့ ကြေငြာချက်အောက်မှာ မြူမှန်တွေအလား ေ၀ဝါး၊ ပျောက်ကွယ်ခဲ့ရပါတယ်..။
‘အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ကို လေးရက်ကြာ သွားရောက်ရမယ်..’ ဆိုတဲ့ ကြေငြာချက်အပေါ် အားလုံးက အကောင်ဆုံး မတုံ့ပြန်ခဲ့တာ သိပ်မဆန်းပါဘူး..။ အဲဒီထက်ဆိုးတာက ဒီခရီးစဉ်အတွင်း အပူချိန် (၁၀၀) ဒီဂရီ ဖာရင်ဟိုက်အထက်.. သဲကန္တာရတစ်ပိုင်း.. နေ့လည်ခင်းအပူအောက်မှာ အီရတ်နိုင်ငံ လက်ရွေးစင်အသင်းနဲ့ ချစ်ကြည်ရေး ပွဲစဉ်တစ်ပွဲ ယှဉ်ပြိုင်ရဖို့ဆိုတာလည်း ပါဝင်ခဲ့ပါသေးတယ်..။ အသင်းသားတွေရဲ့ တုံ့ပြန်မှု၊ အယူအဆ ဘယ်လိုပဲရှိနေပါစေ.. ကျွန်တော်ကတော့ အဲဒီခရီးစဉ်အပေါ် အကောင်းမြင်ခဲ့ပါတယ်..။ ကွင်းလယ် ကစားသမား နီဂျယ်လ် စပတ်ခ်မန်း အပါအဝင် တစ်ချို့ကစားသမားတွေကတော့ ‘လုံးဝမလိုက်နိုင်ပါကြောင်း..’ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ကြပါတယ်..။
နောက်ဆုံးမှာတော့ ငြင်းရင်း၊ ခုန်ရင်းနဲ့ပဲ ကျွန်တော်တို့ဟာ ဘဂ္ဂဒက်မြို့တော်ကို ခရီးဆက်ဖြစ်ခဲ့ကြပါတယ်..။ ဒါပေမယ့် အီရတ်နိုင်ငံကို တိုက်ရိုက်ခရီးဆက်ဖို့ ဝေးကွာလွန်းနေတယ်လို့ ယူဆခဲ့တာကြောင့် ကျွန်တော်တို့ဟာ ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့ကို အရင်သွားခဲ့ပြီး အဲဒီကနေတစ်ဆင့် ဘဂ္ဂဒက်မြို့ကို လေယာဉ်ခရီး ဆန့်ခဲ့ကြရပါတယ်..။ ကျွန်တော်တို့ဟာ အီရတ်လက်ရွေးစင်အသင်းနဲ့ တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့ပေမယ့် နောက်တစ်ရက် အီရတ်သတင်းစာတွေထဲမှာ သူတို့အသင်းက ၂ဂိုး - ဂိုးနဲ့ အနိုင်ရပါတယ်ဆိုပြီး ခပ်တည်တည်နဲ့ သတင်းဖော်ပြပါတယ်..။ ဟိုတယ်က လူတစ်ချို့ကတော့ သတင်းအမှားတွေ ဖော်ပြတာဟာ သူတို့အတွက် ဘာမှထူးဆန်းတဲ့အရာ မဟုတ်တဲ့အကြောင်း ကျွန်တော်တို့ကို တိုးတိုးလေး လာပြောကြပါတယ်..။
ပွဲပြီးနောက်ရက်မှာ ကျွန်တော်တို့ဟာ အီရတ်ခေါင်းဆောင်ကြီး ဆက်ဒမ် ဟူစိန်နဲ့ သူ့ရဲ့ညီဖြစ်သူတို့နဲ့ တွေ့ဖို့ရှိပေမယ့် ကွင်းထဲကို ပရိသတ် (၂၀,၀၀၀) ကျော် ရောက်လာတဲ့အချိန်ကျမှ ခေါင်းဆောင်ကြီးဟာ ကျွန်တော်တို့နဲ့တွေ့ဖို့ ထွက်လာခဲ့တာကြောင့် သူနဲ့တွေ့ဖို့ တစ်နာရီကျော် စောင့်ခဲ့ရတာဟာလည်း အမှတ်တရပါပဲ..။ ကျွန်တော်မှတ်မိသလောက်တော့ အီရတ်ဘောလုံးပရိသတ်ဟာ ဘောလုံးကစားနည်းကို အရမ်းချစ်မြတ်နိုးသလို သူတို့အသင်းကိုလည်း အူလှိုက်သည်းလှိုက် အားပေးကြပါတယ်..။ ဒါပေမယ့် ကစားပွဲမှတ်တမ်းခွေ ထွက်လာတဲ့အခါမှာ သူတို့အသင်းရဲ့ ကစားပုံနဲ့ ဂိုးကန်သွင်းချက်တွေကိုပဲ တည်းဖြတ်ပြီး ထုတ်လွှင့်ပေးခဲ့တာဟာလည်း အံ့ဖွယ်တစ်ပါးပါပဲ..။
နောက်ရက်မှာတော့ ကျွန်တော်တို့ဟာ ဘဂ္ဂဒက်မြို့တော်က ရှေးဟောင်းအမွေအနှစ်တွေကို သွားရောက်၊ လေ့လာခွင့် ရခဲ့ပါတယ်..။ ဘဂ္ဂဒက်မြို့တော်ကြီးရဲ့ ရှေးဟောင်းမြို့ဟောင်းဘက်ခြမ်းမှာ ကျွန်တော်တို့အသင်းသားတွေနဲ့ သူငယ်ချင်းဖြစ်သူ ဂျွန် မီလာ တို့ အတူတူ သွားလာ၊ လေ့လာနေတုန်း ကျွန်တော်တို့ရဲ့နောက်ကနေ စက်သေနတ်ကိုင် လျို့ဝှက်ထောက်လှမ်းရေး ရဲတပ်ဖွဲ့ဝင်များက မျက်ခြေမပြတ် တောက်လျှောက်လိုက်နေခဲ့တာကိုလည်း သတိပြုမိခဲ့ပါတယ်..။
အဲဒီလေးရက်ခရီးစဉ်ကနေ အပြန်မှာ အသင်းရဲ့ကစားပုံနဲ့ရလဒ်တွေ ခဏတာလောက် ကောင်းမွန်ခဲ့ပေမယ့် အဲဒီနှစ်ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်းဟာ အဆင့် (၆) နေရာနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်..။ အခုလက်ရှိ အသင်းဟာ အဲဒီတုန်းက ကျွန်တော်တို့ရဲ့အသင်းထက် အများကြီးပိုကောင်းတာကြောင့် ယခုလိုအချိန်မှာ အမှန်တကယ် အပြည့်အ၀ အနားယူခဲ့မယ်ဆိုရင် အသင်းရဲ့ရလဒ်ပိုင်း ဒီထက်ပိုပြီး တိုးတက်လာလိမ့်မယ်ဆိုတာ ကျွန်တော်သေချာပေါက် ယုံကြည်မိပါတယ်..။
ကျွန်တော်ဟာ လက်စ်တာအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်အကြား အနားရတဲ့ Winter Break ကာလအတွင်း ကိုယ့်ရဲ့ကစားသမားတွေ ဘယ်နေရာတွေကိုများ သွားရောက်ခဲ့ကြလဲ..? လေ့လာစောင့်ကြည့်ခဲ့ပါတယ်..။ ကျွန်တော်တွေ့မိသလောက် ကျွန်တော်တို့သွားရောက်ခဲ့တဲ့ ဘဂ္ဂဒက်မြို့တော်နဲ့ မဝေးလှတဲ့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ဟာ အနားယူခွင့်ရတဲ့ ကစားသမားတွေ အများဆုံးသွားရောက်တဲ့ နေရာတစ်ခု ဖြစ်လာတာ တွေ့ရပါတယ်..။ တကယ်တော့ ဘယ်နေရာမှာပဲ ရောက်နေသည်ဖြစ်ပါစေ.. ကစားသမားတွေအနေနဲ့ ကစားယူခွင့်ရတဲ့ ကာလအတွင်းမှာ ထိထိရောက်ရောက် အနားယူဖို့ လိုအပ်ပါတယ်..။
ဘာဖြစ်လို့လည်းဆိုတော့ အခုတစ်ကြိမ် Winter Break ကနေ ပြန်လာတာနဲ့ ကျွန်တော်တို့အသင်းရဲ့ ဘောလုံးရာသီဟာ အရင်ထက်ပိုပြီး ခက်ခဲ၊ ကြမ်းတမ်းတော့မှာပါ..။ ဒါ့အပြင် အခု Winter Break မတိုင်ခင်လေးမှာပဲ အသင်းက ကစားသမား တစ်ယောက်၊ နှစ်ယောက်လောက်ကို ခဏလောက် အနားပေးထားရင်ကောင်းလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့ပါသေးတယ်..။ ဒါ့ကြောင့်အခုလာမယ့် တနင်္လာနေ့ (မြန်မာစံတော်ချိန် အင်္ဂါနေ့နံနက်) မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရတဲ့အချိန်ကျရင် အဲဒီ Winter Break ကို ဘယ်လိုထိထိရောက်ရောက် အသုံးချနိုင်ခဲ့လဲ.. ဆိုတာ ပေါ်လွင်လာမှာပါ..။
နောက်တန်းလူတွေအတွက် အခုလိုအနားရတဲ့ ကာလအတွင်းမှာ ရရှိထားတဲ့ အသေးစားဒဏ်ရာလေးတွေ သက်သာ ပျေက်ကင်းအောင် ကုသရုံနဲ့ လုံလောက်နိုင်ပေမယ့် တိုက်စစ်မှူးတွေအတွက် စိတ်ရော၊ ခန္ဓာကိုယ်ပါ ကြံ့ခိုင်မှုအကောင်းဆုံးအခြေအနေ တည်ဆောက်ရရှိနိုင်ဖို့ လိုအပ်ပါတယ်..။ ဒါ့ကြောင့်အသင်းမှာ အနားရဖို့ အမှန်တကယ် လိုအပ်နေတဲ့ တန်မီ အေဘရာဟမ်၊ မေဆန် မောင့် နဲ့ ဝီလီယံ တို့ဟာ အခုလို Winter Break ကြောင့် အကျိုးအရှိဆုံးဖြစ်မယ့် ကစားသမားတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်..။ ကျွန်တော့်အနေနဲ့ အခုလိုပြောရတာဟာ နောက်တန်းလူတွေကို ခွဲခြားဆက်ဆံတာ မဟုတ်ပဲ တိုက်စစ်မှူးတွေအနေနဲ့ အခြားသူတွေထက် စိတ်ရော၊ ခန္ဓာကိုယ် ကြံ့ခိုင်မှု ပိုမိုကောင်းမွန်နေဖို့ လိုအပ်ကြောင်းကိုပဲ သတိပေးရုံသက်သက် ဖြစ်ပါတယ်..။
တကယ်တော့ ကျွန်တော်တို့အသင်းဟာ လာမယ့်တနင်္လာနေ့က စတင်ပြီး မန်ချက်စတာ ယူနိုက်တက်၊ တော့တင်ဟမ်၊ လီဗာပူးလ်၊ ဘေယန် မြူးနစ်အသင်းနဲ့ အပြန်အလှန်နှစ်ကျော့ အပါအဝင် တစ်ကျော့ပြန် ခြေစွမ်း၊ ရလဒ်တွေ ကောင်းမွန်နေတဲ့ အဲဗာတန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ပွဲစဉ်အကျပ်ဆုံး ကာလကို ဖြတ်ကျော်ရမှာပါ..။ ဒါ့ကြောင့်ကစားသမားတစ်ယောက်ချင်းစီဟာ (၁၀၀%) ရာခိုင်နှုန်းပြည့် ကြံ့ခိုင်မှုရရှိနေမှ တော်ရုံကျနိုင်မယ့် အနေအထားဆိုတာ လူတိုင်းသိထားပြီး ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဒီတစ်ပါတ်ကနေ စတင်ပြီး ကျော်ဖြတ်ရမယ့်ပွဲစဉ်တွေအတွက် အရမ်းကိုစိတ်လှုပ်ရှားရသလို ဘယ်ပွဲကို အမျှော်လင့်ရဆုံးလဲ ဆိုတာ မပြောပြနိုင်အောင် ဖြစ်နေရပါတယ်..။
သေချာတာကတော့ Winter Break ကာလကို ဘယ်လိုအသုံးချနိုင်ခဲ့သလဲ..? ဆိုတဲ့ မေးခွန်းရဲ့ အကောင်းဆုံးအဖြေကတော့ ပထမဆုံး ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ပဲ ဖြစ်လာမှာပါ..။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂၀၂၀ ခုနှစ်၊ နှစ်သစ်မှာ လေးမှတ်သာ ရရှိသေးပြီး ခက်ခဲတဲ့ကာလနဲ့ ရင်ဆိုင်နေရသလို ပေါလ် ပေါ့ဘာ ရဲ့ တိုးအား၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် ရဲ့ အမြန်နှုန်းနဲ့ အဆုံးသတ်သေချာမှုတို့ကို မရရှိသေးဘူး ဆိုပေမယ့် ကျွန်တော်တို့အသင်းအတွက် ခက်ခဲဦးမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာဦးမှာပါ..။ ဒါ့အပြင် ချယ်လ်ဆီးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဆိုတဲ့ လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဒါဘီပွဲစဉ်တွေထဲက ပွဲစဉ်တစ်ပွဲဆိုတဲ့ အစဉ်အလာကလည်း ရှိနေပါသေးတယ်..။ ဒီအချက်တွေအပြင် တစ်လကျော်ကျော် ပွဲကြီးပွဲကောင်း ငတ်နေတဲ့ ပရီးမီးယားလိဂ် ပရိသတ်တွေအတွက် မျှော်လင့်စရာ ပွဲကြီးပွဲကောင်းဆိုတဲ့ ငတ်မွတ်၊ တောင့်တမှုက ဒီပွဲရဲ့အရှိန်အဝါနဲ့ ပြိုင်ဆိုင်မှုကို လောင်မီးထိုးပေးနေသလိုပါပဲ..။
‘ဘောလုံးရာသီတစ်ခုရဲ့ အဆုံးအဖြတ်ကာလဟာ နှစ်သစ်ကူးပြီးနောက်ပိုင်းမှသာ စတင်ပါတယ်..’ လို့ အကျော်ဒေးယျ မန်နေဂျာတစ်ယောက်ဖြစ်တဲ့ ဆာ အဲလက်စ် ဖာဂူဆန် က ပြောခဲ့ဖူးပါတယ်..။ ဒါ့ကြောင့်အခုတစ်ကြိမ် Winter Break အပြီး ပြန်လည်စတင်ခဲ့တဲ့ကာလဟာ ထိပ်ဆုံးလေးသင်းနေရာနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်အတွက် အရင်ကထက် ပိုလို့တောင် အရေးကြီးဦးမှာပါ.။ အခုဆိုရင် တော့တင်ဟမ်၊ မန်ချက်စတာ ယူနိုက်တက် တို့အပြင် ခရစ်စ် ဝိုင်းလ်ဒါးစ် ရဲ့ ရှက်ဖီးလ် ယူနိုက်တက်အသင်းကိုလည်း လျော့တွက်လို့ မရတော့ပါဘူး..။ ဒီတစ်ပါတ်မှာ ချယ်လ်ဆီးအသင်းရဲ့ပွဲစဉ်မရှိတာကြောင့် ရှက်ဖီးလ်နဲ့ ဘုန်းမောက်အသင်းတို့ရဲ့ပွဲစဉ်ကို ကျွန်တော်သွားကြည့်ဖြစ်ခဲ့ပါတယ်..။ သူတို့ဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာကို ကြက်ကန်းတိုးပြီး ရောက်ရှိလာခဲ့တာ မဟုတ်သလို ပွဲစဉ်ဇယားချင်း ယှဉ်ကြည့်လိုက်မယ်ဆိုရင် သူတို့အသင်းရဲ့ နောက်လာမယ့်လေးပွဲဟာ ကျွန်တော်တို့ရဲ့ နောက်လာမယ့်လေးပွဲထက် ပိုပြီးနိုင်ခြေများပါတယ်..။ ဒါ့ကြောင့်ရှက်ဖီးလ် ယူနိုက်တက်အသင်းကို ကျွန်တော်တို့ လျစ်လျူရှုထားလို့ မဖြစ်ပါဘူး..။
ဒါ့ကြောင့်ဒီတစ်ပါတ်မှာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းကို ပြန်ရောက်ပြီး အသင်းနဲ့အတူ လေ့ကျင့်မယ့် ညီငယ်ကစားသမားတွေကို ချယ်လ်ဆီးအသင်းကနေ ကြိုဆိုလိုက်ရပါတယ်..။ သူတို့တွေဟာ မကြာခင်မှာ ရင်ဆိုင်ရတော့မယ့် ဖိအားတွေ၊ စိန်ခေါ်မှုတွေအတွက် လိုအပ်တဲ့ ခွန်သစ်၊ အားသစ်တွေကို ပြီးခဲ့တဲ့ဆယ်ရက်အတွင်း ကောင်းမွန်စွာ အနားယူခဲ့ရင်း ဖြည့်စွက်နိုင်ခဲ့ကြပါမှာ..။ ညီနောင်များအနေနဲ့ Winter Break ကနေ ရရှိလာတဲ့ ခွန်သစ်၊ အားသစ်များနဲ့ အသင်းကိုတွန်းတင်ရင်း အခုနှစ်ဘောလုံးရာသီအတွက် အခက်ခဲဆုံး၊ အရေးကြီးဆုံးကာလကို အကောင်းဆုံး ဖြတ်သန်းနိုင်လိမ့်မယ်လို့ ယုံကြည်၊ မျှော်လင့်ထားပါကြောင်း တင်ဆက်ပေးလိုက်ရပါတယ်..။
ပက် နီဗင်း
(ချယ်လ်ဆီးအသင်း Official Website တွင် ဖော်ပြထားသော ဂန္တဝင်တောင်ပံ ကစားသမားဟောင်း Pat Nevin ၏ “From Baghdad to Dubai – mid-season Chelsea breaks have changed over time explains Pat Nevin” ဆောင်းပါးကို ပြန်ဆိုပါသည်..။)