feature-image

အပြာရောင်တို့အတွက် အာဖရိကကျောက်ရိုင်းပွင့် ‘ဟာကင် ဇိုင်းယက်ချ်’

၂၀၁၈/ ၁၉ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပရိသတ်များ ထင်မှတ်ထားခြင်းမရှိခဲ့သည့် ဟော်လန်လိဂ်ပြိုင်ပွဲမှ အိုင်းယက်စ်အသင်းမှာ အကြိုဗိုလ်လုပွဲအဆင့်..၊ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် လက်တစ်ကမ်းအလိုထိကို ရောက်ရှိ၊ အံ့အားသင့်စေခဲ့သည်..။ ဒီထက်ပိုပြီး အံ့အားသင့်ဖို့ ကောင်သည်မှာ ယခုလိုလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည့် ဘောလုံးရာသီအပြီး ဥရောပထိပ်တန်းအသင်းကြီးများ၏ ခေါ်ယူ၊ ဆွဲဆောင်မှုများကို ကြံ့ကြံ့ခံရင်း သူတို့အသင်း၏ အဓိက ကစားသမား အများအပြားကို ဆက်လက်ထိန်းသိမ်း နိုင်ခဲ့ခြင်းဖြစ်သည်..။

သို့သော်ဇန်နဝါရီ အပြောင်းအရွှေ့ရာသီအပြီး နှစ်ပါတ်အကြာမှာတော့ အဓိကကစားသမားတစ်ယောက်ဖြစ်သည့် ဟာကင် ဇိုင်းယက်ချ် ကို ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေးယူရိုသန်း (၄၀) ဖြင့် လက်လွှတ်လိုက်ရပေတော့မည်..။ တကယ်တော့ ဟာကင် ဇိုင်းယက်စ် အား ခေါ်ယူနိုင်ခဲ့ခြင်းမှာ နည်းပြဖရန့် လမ်းပတ် နှင့် ချယ်လ်ဆီးအသင်းအတွက် လူအများမျက်စိမောက်နေသည့် အကောင်းဆုံး တောက်ပတော့မည့် ကျောက်ရိုင်းတစ်ပွင့်ကို အမိအရ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပေသည်…။

အသက် (၂၆) နှစ်အရွယ် မော်ရိုကို လက်ရွေးစင် တောင်ပံကစားသမားမှာ ၂၀၁၆ ခုနှစ်တွင် အိုင်းယက်စ်အသင်းသို့ စတင်ရောက်ရှိခဲ့ချိန်မှ သူ၏သွင်းဂိုးနှင့်ဂိုးဖန်တီးမှု အရေအတွက်မှာ အခြားကစားသမားတွေထက် သိသိသာသာ သာလွန်ခဲ့သလို (အောက်ပါပူးတွဲပုံတွင်ရှုရန်) ပြီးခဲ့သည့် သုံးရာသီခွဲကာလအတွင်း အသင်းဖော်များအတွက် ဂိုးသွင်းခွင့်အမြောက်အမြား ဖန်တီးပေးနိုင်ခဲ့သည်..။ ဒါ့အပြင် ဇိုင်းယက်ချ် ၏ ခြေစွမ်းနှင့်ပံ့ပိုးမှုများမှာ သူတို့အသင်း၏ မမျှော်လင့်ထားသော ဥရောပအောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်ခဲ့သည်..။



ဒါ့ကြောင့်လည်း အိုင်းယက်စ်အသင်း အားကစားဒါရိုက်တာ နှင့် အာဆင်နယ်အသင်း ဂန္တဝင်တောင်ပံ ကစားသမားဟောင်း မားစ် အိုဗာမားစ် က သူ့လိုကစားသမားမျိုးကို ကမ်းလှမ်းလာသည့် အသင်းအနည်းငယ်သာ ရှိခဲ့သည့်အပေါ် အံ့သြမိကြောင်း ပြီးခဲ့သည့် ဇူလိုင်လက ပြောဆိုခဲ့သည်..။

“ဟာကင် ဟာ တစ်နှစ်ထက်တစ်နှစ် ကစားပုံပိုပြီး ကောင်းမွန်လာခဲ့သလို သူ့ရဲ့တိုက်စစ်၊ ခံစစ်ပိုင်း အချက်အလက်တွေကလည်း တကယ့်ကို အပျံစားပါပဲ..။ ဒါတွေကို အသင်းကြီးအတော်များများ သတိထားမိခဲ့ကြမှာပါ..။ ကျွန်တော်ဆိုရင် အိုဇေးလ် ကိုရောင်းပြီး အဲဒီပိုက်ဆံတစ်ဝက်လောက်နဲ့ ဇိုင်းယက်ချ် ကို ရအောင်ဝယ်ဖို့ အာဆင်နယ်အသင်းကို တိုက်တွန်းမိမှာပါ..၊ ဒါပေမယ့် ကျွန်တော့်ပြောစကားကို သူတို့နားထောင်မှာ မဟုတ်ပါဘူး..။”

ဇိုင်းယက်ချ် မှာ အတွင်းသို့ ချိုးဝင်ထိုးဖောက်လေ့ရှိသည့် တောင်ပံကစားသမား (inverted winger) ဖြစ်ပြီး ညာတောင်ပံ ကစားသမားအဖြစ် အများဆုံးကစားလေ့ရှိသူဖြစ်သည်..။ လျှင်မြန်မှုနှင့် ဘောလုံးသယ်ယူမှု ကောင်းမွန်ပြီး ပြိုင်ဘက်နောက်ခံအစွန်လူများကို အတွင်းသို့ ချိုးဝင်ခြင်း (inside) သာမက ဂိုးစည်းတစ်လျှောက် ဆွဲပြေးခြင်း (outside) ဖြင့်လည်း ကျော်ဖြတ်နိုင်စွမ်းရှိသူဖြစ်သည်..။ အထူးသဖြင့် ယခုနှစ် ချန်ပီယံလိဂ် အုပ်စုပြိုင်ပွဲအဆင့်တွင် ချယ်လ်ဆီးပရိသတ်များ သတိထားမိခဲ့ကြသည်က တည်ကန်ဘောများ ပေးပို့ရာတွင် (setpiece delivery) ထူးခြားကောင်းမွန်လှသည့် (တည်ကန်ဘောမှ ဂိုးဝင်အောင် ကန်သွင်းပေးနိုင်ခဲ့သည်..) သူ၏စွမ်းရည်ပဲဖြစ်သည်..။ ဟာကင် မှာ ယခုနှစ်ဘောလုံးရာသီ ဟော်လန်လိဂ် (Eredivisie) ပြိုင်ပွဲတွင် (၆) ဂိုးသွင်း၊ (၁၂) ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်း တောင်ပံကစားသမားများထက် ဂိုးသွင်း၊ ဂိုးဖန်တီးမှုပိုင်းတွင် သိသိသာသာ သာလွန်နေသော်လည်း ဟော်လန်လိဂ်ပြိုင်ပွဲနှင့် ပရီးမီးယားလိဂ် ၏ အဆင့်အတန်း ကွာခြားမှုကို ထည့်သွင်းစဉ်းစားရပါဦးမည်..။

ဝီလီယံ မှာ ယခုနှစ်ဘောလုံးရာသီ၊ ဖရန့် လမ်းပတ် ၏ အသင်းတွင် ညာတောင်ပံမှ အများဆုံးတာဝန်ယူ ကစားခဲ့ရပြီး ဘရာဇီးလ် တောင်ပံကစားသမားမှာ ညာသန်ဖြစ်သောကြောင့် ကွင်းလယ်ကျော်ကျော်တွင် ဘောလုံးရခဲ့ပါက အတွင်းဘက်သို့ ဆွဲဝင်ခြင်းနှင့် ထိုသို့ချိုးဝင်နိုင်ခြင်း မရှိပါက တောင်ပံတစ်လျှောက် ဂိုးစည်းအထိ ဆွဲပြေးခြင်းကိုသာ  ပိုမိုအားသန်ပေသည်..။ ထို့ကြောင့်တစ်ဖက်နောက်ခံလူများအနေဖြင့် သူ၏ထိုးဖောက်မည့်လမ်းကြောင်းကို မှန်းဆရလွယ်ကူသလို ဝီလီယံ မှာ ဘယ်တောင်ပံတွင် အသင်းအတွက် ပိုပြီးအကျိုးပြုနိုင်သည်ကို တွေ့ရှိရသည်..။ သို့သော်ဒဏ်ရာကင်းစင်နေပါက ခရစ်စ်တီယန် ပူလီဆစ် မှာ ဘယ်တောင်ပံတွင် အများဆုံးနေရာယူ ကစားလေ့ရှိပါသည်..။



ထို့ကြောင့်ဇိုင်းယက်ချ် အတွက် အဖြစ်နိုင်ဆုံးနေရာမှာ ညာတောင်ပံတွင် နေရာရဖို့များပြီး ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း မှာ ဘယ်၊ ညာနှစ်ဘက်စလုံး ကစားနိုင်သူ ဖြစ်သောကြောင့် အသင်း၏ပွဲထွက် တိုက်စစ်အတွဲမှာ ဇိုင်းယက်ချ်၊ တန်မီ အေဘရာဟမ် နှင့် ဘယ်တောင်ပံတွင် ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း တို့ ဖြစ်လာနိုင်ဖွယ်ရှိပါသည်..။

ဟာကင် ဇိုင်းယက်ချ် ၏ ခြေစွမ်းကို ချယ်လ်ဆီးအသင်း တောင်ပံကစားသမားများ၏ ခြေစွမ်းနှင့် နှိုင်းယှဉ်ကြည့်ရာတွင် အဆင့်အတန်း ကွာခြားသည့် လိဂ်ပြိုင်ပွဲမှအချက်အလက်များကို ထည့်သွင်းမစဉ်းစားပဲ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စုအဆင့်ထိ ပွဲစဉ်များမှ ကစားသမားများ၏ ခြေစွမ်းချင်းကို အောက်ပါအတိုင်း နှိုင်းယှဉ်ကြည့်ပါမည်..။



အထက်ပါပုံတွင်ပြထားသည့် Overall အချက်အလက်များအရ ဇိုင်းယက်ချ် မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၆) ပွဲအတွင်း (၂) ဂိုးသွင်း၊ (၄) ဂိုးဖန်တီးနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်း တောင်ပံကစားသမားများထက် သိသိသာသာ သာလွန်ခဲ့ပါသည်..။ ထို့အပြင် ညာတောင်ပံမှ ချိုးဝင်ကစားလေ့ရှိသည့် ဘယ်သန်ကစားသမားဖြစ်ပြီး တိကျသည့်အဝေးကန်ချက်ဖြင့် ဂိုးကန်သွင်းသူတစ်ယောက် ဖြစ်သောကြောင့် (တစ်ပွဲလျှင် ပျမ်းမျှဂိုးကန်သွင်းချက် (SpG- Shots per Game) - ၃.၂ ကြိမ်) သူ၏ကစားဟန်မှာ လမ်းပတ် လိုချင်သည့် ကစားဟန်နှင့် ကိုက်ညီဖို့ ရှိနေသည်..။ ဖရန့် လမ်းပတ် မှာ သူ၏ကစားသမားများ ဂိုးဧရိယာအပြင်မှ ကန်သွင်းခြင်းကို အားပေးသူတစ်ယောက် ဖြစ်သည်နှင့်အညီ ယခုနှစ်ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်း၏ ဂိုးကန်ချက်စုစုပေါင်း (၄၀၇) ကြိမ်၏ (၃၄%) ရာခိုင်နှုန်းမှာ ဂိုးဧရိယာပြင်ပ အဝေးကန်ချက်များ ဖြစ်နေသည်ကို တွေ့ရှိရပါသည်..။



အထက်ပါပုံတွင် ပြထားသည့် ခံစစ်ပိုင်းကူညီမှု (Defence) အချက်အလက်များအရ ဇိုင်းယက်ချ် မှာ ဝီလီယံ နှင့် အိုဒွိုင်း တို့ထက် ခံစစ်ပိုင်းကူညီနိုင်မှုနှင့် လုပ်အားနှုန်း ပိုမိုကောင်းမွန်သည်ကို တွေ့ရသည်…။ အောက်တွင်ဖော်ပြထားသော တိုက်စစ်ပိုင်း ပံ့ပိုးမှု (Attack) နှင့် ဘောလုံးပေးပို့ပုံ (Passing) အချက်အလက်များကို နှိုင်းယှဉ်ကြည့်ပါက ဝီလီယံ နှင့် အိုဒွိုင်း တို့မှာ တစ်ဖက်အသင်း ခံစစ်ကစားသမားများကို တစ်ဦးချင်းကျော်ဖြတ်မှုများ (dribbling) ပြုလုပ်ခြင်းကို ပိုမိုအားသန်သည်ကို တွေ့ရှိရပြီး ဇိုင်းယက်ချ် မှာမူ ဘောလုံးဖြန့်ဝေဖြင်းနှင့် အသင်း၏ကစားကွက်ကို ထိန်းညှိခြင်း (dictating the play) ကို ပိုမိုအားသန်ခဲ့သည်ကို တွေ့ရပါသည်.။ ထို့ကြောင့် ဇိုင်းယက်ချ် မှာ ဂိုးဖန်တီးမှုများ ပိုမိုပြုလုပ်နိုင်ခြင်းဖြစ်သည်ဟု ယူဆရပါသည်..။ ထိရောက်သည့် ပေးပို့မှုများ ပြုလုပ်နိုင်မှု (KeyP- Key passes) အပိုင်းတွင် ဝီလီယံ က တစ်ပွဲလျှင် ပျမ်းမျှ (၃.၂) ကြိမ်ဖြင့် ဇိုင်းယက်ချ် ထက် သာလွန်ခဲ့သော်လည်း ဇိုင်းယက်ချ် က ကိုယ်တိုင် (၂) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဘရာဇီးလ် တောင်ပံ ကစားသမားမှာ (၁) ဂိုးသာ ရရှိထားခဲ့သည်..။



အောက်ဖော်ပြပါပုံတွင် ယခုနှစ်ဘောလုံးရာသီ ဟော်လန်လိဂ်ပြိုင်ပွဲများအတွင်း ဟာကင် ဇိုင်းယက်ချ် ၏ အဝေးကန်ချက် ပြုလုပ်ခဲ့သော နေရာများကို ဖော်ပြထားပြီး သူ၏လျှင်မြန်သော အရှိန်အဟုန်ဖြင့် အတွင်းသို့ ချိုးဝင်ထိုးဖောက်ဟန်နှင့် ပြင်းထန်တိကျသော ဘယ်ခြေကန်ချက်တို့ ပေါင်းစပ်မိချိန်တွင် မော်ရိုကိုလက်ရွေးစင် တောင်ပံကစားသမားမှာ တစ်ဖက်ခံစစ်ကစားသမားများအတွက် အလွန်အန္တရာယ်ကြီးသော ရှေ့တန်းလူတစ်ယောက် ဖြစ်လာခဲ့ရသည်..။ ထို့အပြင် ဇိုင်းယက်ချ် မှာ ဂိုးဧရိယာအတွင်း နေရာယူကောင်းမွန်ပြီး နေရာလွတ်များကို အတိအကျရောက်ရှိ အဆုံးသတ်ပေးနိုင်သူလည်း ဖြစ်သည်ကို တွေ့ရပါသည်..။



ဇိုင်းယက်ချ် မှာ သူ၏ခြေစွမ်းကို ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် သက်သေပြနိုင်ပြီး ဖြစ်သော်လည်း ဟော်လန်လိဂ်ပြိုင်ပွဲနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတို့၏ အဆင့်အတန်း၊ ဖိအားနှင့် ပတ်ဝန်းကျင် ကွာခြားမှုကြောင့် အချို့ကစားသမားများမှာ ပြိုင်ပွဲနှင့် အထာကျရန် ရုန်းကန်ခဲ့ရသည်ကို သတိပြုရန် လိုအပ်ပါသည်..။ သို့သော်ခြေစွမ်းနှင့်အတွေ့အကြုံအရ နောက်လတွင် အသက် (၂၇) နှစ်ပြည့်မည့် အာဖရိက ကျောက်ရိုင်းပွင့်မှာ သူ၏အကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်သလို မနှစ်ကဘောလုံးရာသီတွင် တော့တင်ဟမ်အသင်း၊ ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းလို ပရီးမီးယားလိဂ်ခံစစ်ကြောင်းများကို ကောင်းကောင်းဒုက္ဓပေးနိုင်စွမ်းရှိကြောင်း သက်သေပြသပြီးလည်း ဖြစ်ပါသည်..။

"ဇိုင်းယက်ခ်ျ က ချယ်လ်ဆီးအသင်းကို ပြောင်းဖို့လား..? အပြောင်းအရွှေ့တစ်ခု ဖြစ်လာဖို့ရှိသလို ကျွန်တော်တို့လည်း မျော်လင့်ထားပြီးသားပါ..။ တကယ်တော့ ဒီလိုဖြစ်လာမယ်ဆိုတာ လွန်ခဲ့တဲ့ တစ်နှစ်..၊ နှစ်နှစ်ကတည်းက မျော်လင့်ခဲ့ပေမယ့် တစ်နှစ်ပြီးတိုင်း 'wow.. သူဆက်ပြီး ရှိနေသေးတာပဲ..' ဆိုပြီး ကျေနပ်ခဲ့ရပါတယ်..။ နောက်ဆုံးမှာတော့ ရာသီကုန်အထိ အသင်းမှာ သူဆက်ပြီး ရှိနေသေးတဲ့အပေါ်ကိုပဲ ကျေနပ်မိပါတယ်..။"

အိုင်းယက်စ်အသင်းနည်းပြ အဲရစ်ခ် တန် ဟတ်ဂ် က ဇိုင်းယက်ချ် ၏ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့မည့်အပေါ် ဗုဒ္ခဟူးနေ့ညနေပိုင်းတွင် ပြောဆိုခဲ့သည့်အတိုင်း အိုင်းယက်စ်အသင်းမှာ သူတို့အသင်း၏ အဓိကဂိုးဖန်တီးနေသည့် ကစားသမားတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်..။

အင်္ဂလန်မြေသို့ အခြေကျချိန်တွင် ဇိုင်းယက်ချ် မှာ ဟော်လန်လိဂ်ပြိုင်ပွဲမှာကဲ့သို့ အသင်းပေါ် အကျိုးပြုနိုင်လိမ့်မည်ဟု သေချာပေါက် ပြောနိုင်ဦးမည် မဟုတ်ပေ..။ သို့သော်လည်း ယခုလို ရူးသွပ်စရာကောင်းလောက်အောင် ခေါင်ခိုက်၊ ဖောင်းပွနေသည့် အပြောင်းအရွှေ့ဈေးနှုန်းများအကြားတွင် သူ့အတွက် ပေးချေလိုက်ရသည့် ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) ဆိုသည့် တန်ကြေးမှာ ချယ်လ်ဆီးအသင်းအတွက် သင့်တော်သည့်၊ ပေးသင့်ပေးထိုက်သော ခေါ်ယူမှုတစ်ခုဟု သတ်မှတ်နိုင်ပါကြာင်း တင်ဆက်လိုက်ရပါသည်..။

(The Telegraph မှ ဆောင်းပါးရှင် JJ Bull ၏ 'I can't believe he's still at Ajax': Why Hakim Ziyech could be brilliant for Chelsea’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)