feature-image

Completely Frank: ဖရန့် လမ်းပတ် ပြောပြတဲ့ ချယ်လ်ဆီးအသင်း မန်နေဂျာ တစ်ယောက်ရဲ့အကြောင်း…

ချယ်လ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ် လေ့ကျင့်ကွင်း ဧည့်ကြိုဌာနရှေ့မှာ စောင့်နေတဲ့ ကျွန်တော်တို့ဆီကို ဖရန့် လမ်းပတ် ဟာ ချွေးသံတရွဲရွဲနဲ့ ရောက်ရှိလာပါတယ်..။ သူဟာ လက်ထောက်နည်းပြတွေဖြစ်တဲ့ ဂျိုဒီ မောရစ်စ်၊ ခရစ်စ် ဂျုံးစ် တို့နဲ့ နေ့စဉ်ပြုလုပ်နေကြ ကော့ဘ်ဟမ်လေ့ကျင့်ကွင်းတစ်ပါတ် (၄၅) မိနစ်ကြာ အပြေးလေ့ကျင့်ခန်းအပြီး ချက်ချင်းရောက်လာခြင်းပါပဲ..။

ကျွန်တော်တို့တွေဟာ ကိုယ်စီကိုယ်စီ ကိစ္စရပ်တွေများမြောင်လှတာကြောင့် အခုလိုတွေ့ခွင့်ရဖို့ကို အစီအစဉ် မနည်းဆွဲလိုက်ရတာပါ..။ ဖရန့် က ကျွန်တော်တို့အဖွဲ့ကို ကော့ဘ်ဟမ် လေ့ကျင့်ကွင်းက စားသောက်ဆိုင်မှာပဲ နေ့လည်စာနဲ့ ဧည့်ခံပါတယ်..။ နောက်တော့ သူ့ရဲ့ရုံးခန်းထဲမှာ ကော်ဖီတိုက်ရင်း ချယ်လ်ဆီးအသင်း မန်နေဂျာတစ်ယောက်ရဲ့ဘဝ၊ အသင်းနဲ့ ပတ်သက်တဲ့သူ့ရဲ့အမြင်တွေ..၊ လူငယ်တွေနဲ့အနာဂတ်..၊ ဥရောပပြိုင်ပွဲအကြောင်းနဲ့ မပါမဖြစ်တဲ့ ဆရာရင်း… ‘ဟိုဆေး မော်ရင်ဟို’.. အပါအဝင်
တနင်္လာနေ့မှာ တွေ့ဆုံရမယ့် မန်ချက်စတာ ယူနိုက်တက်..၊ တော့တင်ဟမ်၊ ဘေယန် မြူးနစ် အသင်းတွေနဲ့ ပွဲကျပ်ကာလအကြောင်း.. ဘာတွေဆွေးနွေးခဲ့လဲ ဆိုတာကတော့….



ဂျေမီ ရက်ဒ်နပ် - ဖရန့် ရေ.. မင်းရဲ့ရုံးခန်းထဲမှာ ဟိုဟိုဒီဒီ ကြည့်နေရင်း ငါ့ရဲ့စိတ်ထဲ အတွေးတစ်ခုဝင်လာတာက pundit တစ်ယောက်အနေနဲ့ တခြားမန်နေဂျာတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဝေဖန်သုံးသပ်နေတဲ့ဘဝကနေ အခုလို ဒီရုံးခန်းထဲက အဝေဖန်ခံ ချယ်လ်ဆီးအသင်း မန်နေဂျာဘဝကို ရွေးချယ်ခဲ့တယ်ပေါ့… Why..?

ဖရန့် လမ်းပတ် - ကိုယ့်ကိုယ်ကို မောင်းနှင်ချင်တာကြောင့်ပါ..။ အခုလိုမန်နေဂျာဘ၀ ဟာ စိတ်ရော၊ လူရော ပိုပြီးပင်ပန်းတယ်.၊ ပိုပြီးခက်ခဲပါတယ်..။ ဒါပေမယ့် ကျွန်တော်အခုပျော်ရွှင်တယ်..၊ ကျေနပ်ပါတယ်..။ ဒါဘီ အသင်းကို ရောက်သွားတဲ့အကြောင်း ပြောရမယ်ဆိုရင် နည်းနည်းတော့ ထူးဆန်းတယ်ဗျ..။ ကျွန်တော့်ဖာသာ နည်းပြလိုင်စင်အတွက် စာကျက်နေတုန်း ခင်ဗျားရဲ့အဖေ (ဟယ်ရီ ရက်ဒ်နပ်) က ဖုန်းဆက်လာပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ သူက မဲလ် မောရစ်စ် (ဒါဘီအသင်းပိုင်ရှင်) နဲ့ အဆက်အသွယ် ရှိတယ်လေ..

သူ့ရဲ့စီစဉ်ပေးမှုနဲ့ပဲ မဲလ် နဲ့ တွေ့ဖြစ်ပါတယ်..။ မဲလ် ဟာ အတော်လေး ရိုးသား၊ ပွင့်လင်းပါတယ်..။ ကျွန်တော့်မှာ စဉ်းစားစရာတွေ ရှိလာခဲ့ပါပြီ..။ အခုရော မန်နေဂျာဖြစ်ဖို့ လိုအပ်နေပြီလား..? ကျွန်တော့်အတွက် သင့်တော်ရဲ့လား..? မိသားစုနဲ့ အနာဂတ်အတွက်ရော..? မန်နေဂျာအလုပ်ဟာ စွန့်စားမှုတွေများလား..?

ကျွန်တော်ဟာ နည်းပြတစ်ယောက် ဖြစ်လာဖို့ ရည်မှန်းထားတယ်ဆိုပေမယ့် မျှော်လင့်မထားတဲ့အချိန်မှာ ရုတ်တရက် လမ်းကြောင်းပေါ်လာတယ်လို့ပဲ ပြောရမှာပါ..။ ခင်ဗျားအဖေကလည်း ကျွန်တော့်အပေါ် ယုံကြည်မှုရှိပုံ ရပါတယ်..။ ဒါ့ကြောင့်အခုအချိန်အထိ ကျွန်တော်လျှောက်လှမ်းခဲ့သမျှဟာ ဟယ်ရီ နဲ့ မဲလ် တို့ကို အထူးကျေးဇူးတင်ရမှာပါပဲ..

ဂျေမီ ရက်ဒ်နပ် - အေးပါ… တကယ်တော့ ငါရရမယ့်အလုပ် မင်းဆီရောက်သွားခဲ့တာပါကွာ… ဟားဟား..!! အဲဒီကနေတဆင့် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ အခွင့်အရေး ရလာခဲ့တယ်ပေါ့ကွာ..။ အဲဒီအချိန်မှာ မင်းရဲ့စိတ်ထဲမှာ အရမ်းစိတ်လှုပ်ရှားခဲ့ရလား..? တွေဝေခဲ့သေးလား..? နှစ်ခါပြန်ပြီး စဉ်းစားခဲ့သေးလား..?

ဖရန့် လမ်းပတ် - စိတ်လှုပ်ရှားခဲ့တယ်..၊ တွေဝေခဲ့ရတယ်ဆိုတဲ့အကြောင်း အရင်ကလည်း ပြောခဲ့ဖူးပါတယ်..။ ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီတာဝန်ကို အရမ်းလိုချင်နေတာကိုး..။ ‘အခုအချိန် မသင့်တော်သေးဘူ..’ ‘စောလွန်းသေးတယ်..’ စသဖြင့် တခြားသူတွေရဲ့ အကြံပေးချက်တွေကိုလည်း ကြားခဲ့ရပါတယ်..။

ဒါပေမယ့် ဒီလိုအခွင့်အရေးဆိုတာ ရဖို့မလွယ်ကူသလို ဒီအသင်းမှာ (၁၃) နှစ်ကစားခဲ့တဲ့ ကစားသမားဟောင်း တစ်ယောက်အတွက် အခုလိုအခွင့်အရေးဟာ အရမ်းကိုတန်ဖိုးကြီးမားလွန်းပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာဟာ နှလုံးသားနဲ့ ဆုံးဖြတ်ခဲ့တာပါ..။ ကျွန်တော့်ရဲ့ အသွေးအသားတွေထဲမှာ ချယ်လ်ဆီးအသင်းဟာ အမြဲတမ်း ပြည့်နှက်၊ စီးဆင်းနေသလို အခုအချိန် ပြန်ပြီးစဉ်းစားရင်ပဲဖြစ်ဖြစ်..၊ နောင်တစ်ချိန်မှာ ပြန်ပြီးစဉ်းစားမိရင်ပဲဖြစ်ဖြစ်.. ဒီလိုချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဘယ်တော့မှ နောင်တရမိမှာ မဟုတ်ပါဘူး..။ အဲဒီအချိန်တုန်းက ကျွန်တော့်ရဲ့ဦးနှောက်ကတော့ ‘မင်းအတွက် စောလွန်းသေးတယ်’ လို့ တားရှာပါသေးတယ်..။ ဒါပေမယ့် ဒါဟာကျွန်တော်အရမ်းလိုချင် မက်မောနေတဲ့ အရာတစ်ခုလည်း ဖြစ်ခဲ့တယ်လေ..။



ဂျေမီ ရက်ဒ်နပ် - ချယ်လ်ဆီးအသင်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းရဲ့အတိတ်ကို ထိခိုက်နိုင်မယ့် အလားအလာ ရှိတယ်ဆိုတာရော ထည့်စဉ်းစားခဲ့သေးလား..?

ဖရန့် လမ်းပတ် - အသက်တဖြည်းဖြည်းရလာတာနဲ့ အဲဒီလို အောင်မြင်မှု၊ ဂုဏ်ရှိန် (legacy) ဆိုတာကြီးကို သိပ်မစဉ်းစားချင်တော့ပါဘူး..။ လုံးဝကြီး ဖယ်ထုတ်ပစ်လိုက်မယ်လို့ ပြောချင်တာ မဟုတ်ပါဘူး..။ ဒါပေမယ့် တစ်ခုနဲ့တစ်ခု မတူဘူးလို့ ထင်ပါတယ်..။ ကစားသမားဘဝနဲ့ ချယ်လ်ဆီးအသင်းကို ပေးဆပ်ခဲ့တာတွေဟာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်သလို အသင်းခေါင်းဆောင်ဘဝနဲ့ ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖလား၊ ကျွန်တော့်ရဲ့ အသင်းဖော်တွေ..၊ ချစ်တဲ့ပရိသတ်တွေနဲ့ အောင်ပွဲခံပုံရိပ်တွေဟာ ဘယ်တော့မှ မှေးမှိန်ပျောက်ဆုံးသွားမှာ မဟုတ်ပါဘူး..။

အဲဒီအချိန်က ကျွန်တော်တို့နဲ့အတူတူ ဖြတ်သန်းခဲ့ဖူးတဲ့ ပရိသတ်တွေရှိသလို ကျွန်တော့်ကို မန်နေဂျာတစ်ယောက်လိုပဲမြင်တဲ့ အသစ်..၊ အသစ်သော ပရိသတ်တွေလည်း ရှိပါမယ်..၊ အဲဒီအပေါ် ကျွန်တော့်အနေနဲ့ ဘာမှပြောစရာ မရှိပါဘူး..။ ဒါဆိုရင် ဘာတွေက အရေးကြီးဆုံးလဲ..? အခြေအနေဆိုးလာပြီဆိုရင် အားလုံးကို လွတ်ချလိုက်ရတော့မှာလာ…?

အခုအချိန်ထိ လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်း မန်နေဂျာအဖြစ် ဖြတ်သန်းခဲ့မှုအကြောင်း ပြောမယ်ဆိုရင် လူငယ်တွေကို မြေတောင်မြှောက်ပေးနိုင်ခဲ့တယ်..၊ လမ်းပတ် ရောက်လာတဲ့အချိန်က အသင်းဟာ ကစားသမား ဝယ်ယူခွင့်အပိတ်ခံထားရတယ်..၊ အီဒင် ဟာဇက် ကို ရီးရဲလ် အသင်းဆီ ရောင်းလိုက်ရတယ်..။ လက်ရှိပရီးမီးယားလိဂ်မှာ ကျွန်တော်တို့အသင်းထက်ပိုပြီး အသက် (၂၁) နှစ်အောက် လူငယ်တွေကို ကစားခွင့်ပိုပေးထားတဲ့ အသင်းဆိုလို့ နောဝစ်ချ်အသင်းပဲ ရှိပါတယ်..။ ဒါပဲပေါ့…



ဂျေမီ ရက်ဒ်နပ် - လူငယ်တွေကို သုံးစွဲဖို့ မင်းကိုဖိအားပေးခဲ့တဲ့သူတွေ ရှိခဲ့လား..?

ဖရန့် လမ်းပတ် - မေဆန် ဟာ ဒီနှစ်မှာ အဌားထပ်ပြီး ထွက်ရဖို့ နီးစပ်ခဲ့သေးလား..? နီးစပ်ခဲ့သေးပါတယ်..။ တိုမိုရီ ကိုလည်း အဌားချဖို့ စီစဉ်ပြီးသားပါ..။ တိုမိုရီ ကို ဒီမှာဆက်ပြီးထားဖို့ နောက်ဆုံးမိနစ်မှာ ဆုံးဖြတ်ခဲ့တာလည်း ကျွန်တော်နဲ့အတူတူ ဒါဘီအသင်းမှာ လက်တွဲခဲ့ဖူးတုန်းက သူ့ရဲ့စိတ်ဓါတ်နဲ့ ခံယူချက်ကို ကြိုက်နှစ်သက်တဲ့အတွက်ပါ..။

ကျွန်တော်ဟာ တန်မီ ကို ဦးစားပေးလွန်းတာ မဟုတ်ပါဘူး..။ ကျွန်တော့်ဆီမှာတိုက်စစ်မှူး သုံးယောက်ရှိတယ်..၊ အဲဒီအထဲမှာ သူဟာအထိုက်တန်ဆုံးဆိုတာ ပြသနိုင်တဲ့အတွက် သူ့ကိုရွေးတာပါ.. အင်မတန် ရှင်းပါတယ်..။ အပြောင်းအရွှေ့ ပိတ်ခံရတာကြောင့် လူငယ်တွေဘက် နည်းနည်းပိုပြီး အားသန်သွားတာတော့ ရှိပါတယ်..။ ဒါပေမယ့် ပရိသတ်က အသင်းကလူငယ်တွေ နေရာရလာတာကို မြင်ချင်တယ်ဆိုတာ ကျွန်တော်သိတယ်..၊ ကျွန်တော်တို့အသင်း အကယ်ဒမီက သူတို့အပေါ် ဘယ်လိုရင်းနှီးမြုပ်နှံခဲ့တယ်..၊ ဘယ်လိုတွေ ပျိုးထောင်ခဲ့လဲ ကျွန်တော်သိပါတယ်..။

ကီဗင် ဒီ ဘရိုင်း၊ မိုယာမက် ဆာလာ တို့အကြောင်း ပြောနေတာ မဟုတ်ဘူးနော်..၊ ဒါကခေါင်းစဉ်သပ်သပ်ပါ..။ ဒါပေမယ့် လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်တုန်းက ဒီထက်ပိုပြီး နေရာရသင့်ခဲ့တဲ့ အကယ်ဒမီ ကစားသမားတစ်ချို့ ရှိခဲ့မှာပါ..။ နီးလ် ဘတ်၊ ဂျင် ဖရေဇာ နဲ့ အကယ်ဒမီ နည်းပြအဖွဲ့တွေဟာ လူငယ်တွေအပေါ် ချွေးနဲ့သွေးနဲ့ပေးဆပ်ရင်း အချိန်အကြာကြီး ရင်းနှီးမြုပ်နှံခဲ့ရတာပါ..။

ဂျေမီ ရက်ဒ်နပ် - လူငယ်တွေနဲ့ ပတ်သက်ရင် မင်းကစွန့်စားလွန်းပါတယ်..

ဖရန့် လမ်းပတ် - အစ်ကိုပြောတာ နားလည်ပါတယ်..။ ဒါပေမယ့် လူငယ်တွေကို နေရာပေးသင့်တဲ့ တစ်ချို့အခြေအနေတွေ ရှိလာတတ်ပါတယ်..။ ဥပမာ- ၃- ၀ နဲ့ ဦးဆောင်နေနိုင်တဲ့အခါမျိုးမှာ ဘီလီ ဂေးလ်မား ကို လူစားလဲတာမျိုးပေါ့..။ ဒါပေမယ့် ဒီလိုအခွင့်အရေးရဖို့ဆိုရင် ကျွန်တော်တို့နဲ့အတူတူ နေ့စဉ်အကောင်းဆုံး လေ့ကျင့်နေဖို့တော့ လိုသေးတာပေါ့..။ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ Carabao ဖလားပွဲမျိုးမှာ ထည့်ကစားတာလည်း သူတို့ရဲ့ယုံကြည်မှုကို ပိုပြီးမြင့်မားလာစေပါတယ်..။

ကျွန်တော်ဟာ လူငယ်ကစားသမားတွေ ဘယ်လောက်များများ ထည့်ပြီးကစားရမလဲ စမ်းသပ်နေတာ မဟုတ်ပါဘူး..။ အရည်အချင်းရှိတဲ့ လူငယ်သွေးသစ်တွေ ပေါ်ထွက်နေတာကြောင့် သူတို့ကို အခွင့်အရေးပေးနိုင်မလား.. စဉ်းစားပေးနေတာပဲ ရှိပါတယ်..။ သူတို့ကို အခွင့်အရေးပေးဖို့ ဝန်မလေးပေမယ့် အသင်းရလဒ်အပေါ် ထိခိုက်လို့ မဖြစ်ဘူးလေ..၊ အဲဒီလောက်လည်း ကျွန်တော်မမိုက်မဲပါဘူး..။



ဂျေမီ ရက်ဒ်နပ် - ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေကာလတုန်းက ဘယ်သူ့ကိုမှ မခေါ်နိုင်ခဲ့ဘူးပေါ့..။ ဒါပေမယ့် ရူဘင် အကြောင်းပြောတိုင်း မင်းရဲ့မျက်လုံးတွေ အရောင်လက်သွားတယ်.. ဟားဟား.. ရူဘင် ကို ဒီထက်ပိုပြီး တိုးတက်လာအောင် မင်းဘယ်လို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားလဲ..?

ဖရန့် လမ်းပတ် - ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတုန်းက BATE ဘိုရီဆော့ဗ်အသင်းနဲ့ပွဲမှာ ရူဘင် လော့ဖ်တပ်စ် ချိခ် hattrick ရခဲ့တယ်..။ အဲဒီထဲက နှစ်ဂိုးက ကျွန်တော်သွင်းနေကျ ပုံစံမျိုးပါပဲ… ပင်နယ်တီဧရိယာ ခြောက်ကိုက်စည်းထဲက အနီးကပ်ကန်ချက်၊ အဝေးကန်ချက်… အဲဒီတော့ သူ့ကိုဒီထက်ပိုပြီး  သင်ပေးစရာ မလိုဘူးလို့ ထင်တာပဲ..။ ဒါပေမယ့် ရူဘင် ဟာ ကိန်းဂဏန်း၊ အချက်အလက်တွေကို ဂရုစိုက်တဲ့သူ မဟုတ်ဘူး..။ အဲဒါကြောင့် သူနဲ့ကျွန်တော် ဆွေးနွေးဖို့တော့ လိုပါတယ်..။ ‘မင်းတစ်ရာသီအတွင်း (၁၅) ဂိုး၊ ဂိုး (၂၀) သွင်းပေးနိုင်မလား..?’ .. အဲဒီလိုတော့ တောင်းဆိုရမယ်ထင်ပါတယ်..။

ဂျေမီ ရက်ဒ်နပ် - ထရန့် အဲလက်စ်ဇန်းဒါး အာနိုးလ် ဟာ အခုလက်ရှိဘောလုံးလောကမှာ အကောင်းဆုံး ညာနောက်ခံလူတစ်ယောက်ပါ..။ ရိစ် ဂျိမ်းစ် အကြောင်း နည်းနည်းပြောပြပါလား..

ဖရန့် လမ်းပတ် - ဒါဘီအသင်းမှာတုန်းက ဇန်နဝါရီ အပြောင်းအရွှေ့မှာ သူ့ကိုခေါ်နိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်..။ သူ့ရဲ့ဖြတ်တင်ဘောတွေဟာ ‘အရမ်းကို ကောင်းလွန်းပါတယ်..။’ ဒါပေမယ့် ‘အရမ်းကောင်းလွန်းတယ်’ ဆိုတဲ့ နေရာမှာ သူဘာလုပ်ချင်လဲဆိုတာ ကြိုပြီးသိထားနိုင်ဖို့လည်း လိုပါသေးတယ်..။ ဒါ့ကြောင့်သူ့ဆီက ဖြတ်တင်ဘောတွေ မထွက်လာခင် ဂိုးဧရိယာထဲမှာ ကိုယ့်ရဲ့လူတွေ ကြိုပြီးရှိနေရပါမယ်..။ သူဟာချယ်လ်ဆီးအသင်းမှာ အောင်မြင်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာပါ..။ အဝေးကြီးကို မကြည့်ပါနဲ့.. မကြာခင်မှာပဲ ရိစ် ဟာ ထရန့် ကို ကောင်းကောင်းစိန်ခေါ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်..။




ဂျေမီ ရက်ဒ်နပ် - ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း.. သူလည်း (၁၉) နှစ်ပဲ ရှိသေးတာနော်..

ဖရန့် လမ်းပတ် - အခုခေတ် လူငယ်ကစားသမားတွေမှာ ကျွန်တော်တို့ခေတ်ကထက်သာတာက (၁၀) နှစ်သား အရွယ်လောက်ကတည်းက သူတို့ဟာ ကိုယ့်ရဲ့ကစားပုံကို video သင်ခန်းစာတွေ ပြန်ကြည့်နေနိုင်ပါပြီ..။ အားသာချက်တွေ အားနည်းချက်တွေကို ပြန်သုံးသပ်နိုင်လာပါပြီ..။ ကျွန်တော်တို့ဆီမှာလည်း အရင်လက ဘန်လေအသင်းနဲ့ပွဲမှာ တောင်ပံကစားသမားတွေရဲ့ လှုပ်ရှားပုံကို နေရာစုံကနေ မှတ်တမ်းတင်ထားတဲ့ video တွေ ရှိပါတယ်..။ အဲဒီပွဲမှာ ကာလန် ရဲ့ အနီးကပ်ပိတ်သွင်းလိုက်တဲ့ဂိုးဟာ ဒီနှစ်ရာသီမှာ ကျွန်တော့်ရဲ့ အကြိုက်ဆုံးဂိုး ဖြစ်လာနိုင်ပါတယ်..။

ဒါ့အပြင်ရာဟင်း စတာလင်း၊ ဆာဒီယို မာနေး၊ ဆာလာ တို့ ဘာကြောင့်ဂိုးတွေအများကြီး ရနေတာလဲ..? သေချာလေ့လာရပါမယ်..။ တောင်ပံကစားသမားတစ်ယောက် အနေနဲ့ ထိပ်တန်းအသင်းကြီးတစ်သင်းမှာ နေရာရချင်တယ်ဆိုရင် ဂိုးတွေပုံမှန်သွင်းပေးနိုင်မှ ဖြစ်ပါမယ်..။

ဂျေမီ ရက်ဒ်နပ် - အခုဆိုရင် မင်းတို့အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၄) နေရာ ရောက်နေပါတယ်…။ ရိုးရိုးသားသားပဲ ငါ့ကိုဖြေစမ်းပါ.။ အခုလက်ရှိ မင်းရဲ့အသင်းအနေအထားနဲ့ ဒီနေရာကိုဆက်ပြီး ထိန်းထားနိုင်မယ်လို့ ယုံကြည်ထားလား..?

ဖရန့် လမ်းပတ် - Yes.. ပွဲစဉ်အားလုံးမှာ ကျွန်တော်တို့အသင်း ကစားခဲ့တဲ့ခြေစွမ်းကို ပြန်ပြီးကြည့်လိုက်မယ်ဆိုရင် ဒီထက်ပိုပြီး မြင့်မားတဲ့နေရာတောင် ရသင့်တယ်လို့ ထင်ပါတယ်..။


ဂျေမီ ရက်ဒ်နပ် - လာမယ့်နှစ်ပါတ်ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်၊ တော့တင်ဟမ်..၊ ဘေယန် မြူးနစ်.. တို့နဲ့ ယှဉ်ပြိုင်ဖို့ရှိနေတယ်..၊ မင်းတို့အတွက် တကယ့်ကိုပွဲကျပ်ကာလပဲနော..

ဖရန့် လမ်းပတ် - ကျွန်တော်တို့အနေနဲ့ အဲဒီလိုအသင်းကြီးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုတာ ပြသနိုင်ဖို့လည်း လိုအပ်ပါတယ်.. မဟုတ်ဘူးလား..? ကျွန်တော်ကိုယ်တိုင်လည်း အဲဒီပွဲတွေကို မစောင့်နိုင်အောင်ပါပဲ.. အထူးသဖြင့် ယူနိုက်တက်နဲ့ တော့တင်ဟမ် တို့ဟာ အမှတ်ပေးဇယားမှာ ကျွန်တော်တို့နဲ့ အရမ်းကပ်နေပါပြီ..။ ပြီးခဲ့တဲ့ အဲဒီလိုပွဲကျပ်တွေမှာ ကျွန်တော်တို့ အမှတ်တွေဆုံးရှုံးခဲ့ပါတယ်..။ ဒါ့ကြောင့်အခုလိုထိပ်တိုက်တွေ့မယ့်အချိန်ဟာ အနီးကပ်အသင်းတွေကို အမှတ်ဖြတ်နိုင်မယ့် အခွင့်အရေးပါပဲ..။ အခုဆိုရင် ကစားသမားတွေဟာ winter break ကနေ အားပြန်ဖြည့်ပြီးပါပြီ..။ ဒါ့ကြောင့်အသင်းကောင်းတွေနဲ့ ပွဲကြီးပွဲကောင်းတွေကို အကောင်းဆုံး ရင်ဆိုင်ကြတာပေါ့..

ဂျေမီ ရက်ဒ်နပ် - ဒီဇင်ဘာတုန်း က ဟိုဆေး ကို အဝေးကွင်းမှာ ၂ - ၀ ရလဒ်နဲ့ မင်းတို့အနိုင်ရခဲ့ပါတယ်..။ အဲဒီပွဲမှာ မင်းတို့ဟာ ‘3 back’ နဲ့ ပွဲထွက်လာခဲ့ြ့ပီး အားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်..။ ငါတို့လည်း အံ့အားသင့်ခဲ့တာပဲ..၊ ဘာဖြစ်လို့လဲဆိုတော့ Sky Sports Match Zone ကနေ တင်ဆက်တဲ့ ပွဲကြိုသုံးသပ်ချက်မှာ မင်းတို့အသင်းနဲ့ ပတ်သက်ပြီး သုံးသပ်တဲ့အခါ ‘back four’ အပေါ်ပဲ အခြေခံပြီး ဆွေးနွေးခဲ့တာ..

ဖရန့် လမ်းပတ် - အဲဒီပွဲမတိုင်ခင်မှာ ဟိုဆေး က ကျွန်တော့်ကိုရော ချယ်လ်ဆီးအသင်းကိုရော အနိုင်ရချင်တယ်လို့ ပြောခဲ့ပါတယ်..။ ကျွန်တော်လည်းသူ့လိုပါပဲ..။ တော့တင်ဟမ်နဲ့ပွဲမှာ ကျွန်တော်တို့အသင်းဟာ အခုနှစ်ဘောလုံးရာသီရဲ့ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်..။ ထိပ်တန်းအသင်းကြီးတွေကို ရင်ဆိုင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ဟာ အကောင်းဆုံးခြေစွမ်းမှာ ရှိနေမှရပါမယ်..။ ဟိုဆေး မော်ရင်ဟို ရဲ့ အသင်းတွေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် သူတို့အသင်းဟာ ဖိအားတွေရှိနေပြီဆိုရင် ပိုပြီးအန္တရာယ်ကြီးပါတယ်..။



ဂျေမီ ရက်ဒ်နပ် - ဒါဆိုရင် ဟိုဆေး အပါအဝင် ဆုံခဲ့ဖူးတဲ့ တခြားမန်နေဂျာကြီးတွေဆီက ဘာတွေသင်ယူခဲ့ရလဲ..?

ဖရန့် လမ်းပတ် - မော်ရင်ဟို ဟာ ကိုယ့်ကိုယ်ကို အရမ်းယုံကြည်ချက် ပြင်းထန်တဲ့သူပါ..။ ကာလို အန်စလော့တီ က သူ့ထက်ပို အေးချမ်းပါတယ်..။ သူကအဖေတစ်ယောက်လိုပဲ စောင့်ရှောက်လေ့ရှိတယ်..၊ အဲဒီပုံစံကိုလည်း သဘောကျမိတယ်..။ အေဗရန် ဂရန့် လည်း ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့ပါတယ်..။ အထူးသဖြင့် အမေဆုံးတဲ့အချိန် အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ သူ့ရဲ့ပံ့ပိုးမှုတွေ အရမ်းအရေးပါခဲ့ပါတယ်..။ တစ်ချို့လူတွေက သူတို့အရမ်းကိုးကွယ်ခဲ့တဲ့ မန်နေဂျာကို ပုံတူကူးချဖို့ ကြိုးစားကြတာရှိပါတယ်..။ ပြောပုံဆိုပုံ၊ ဝတ်စားဆင်ယူပုံ၊ နည်းစနစ်ပိုင်းတွေကအစ ပုံတူကူးချကြတယ်..၊ တကယ်တော့ ကိုယ့်ရဲ့အယူအဆနဲ့ကိုယ်ပဲ လျှောက်လှမ်းဖို့ ကြိုးစားတာ အကောင်းဆုံးပါ..။

ဂျေမီ ရက်ဒ်နပ် - မန်နေဂျာတွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ခဲ့တဲ့အခါတွေလည်း ရှိခဲ့မှာပေါ့..။ ဘာတွေရှောင်ရှားသင့်လဲ..?

ဖရန့် လမ်းပတ် - မန်နေဂျာတွေ မိန့်ခွန်းအကြာကြီး ခြွေနေတဲ့အချိန် သူတို့ရုံးခန်း၊ အဝတ်လဲခန်းတွေထဲကနေ ကျွန်တော်ထွက်သွားခဲ့တဲ့အချိန်တွေ ရှိခဲ့သလို ကျွန်တော်ရေချိုးနေတုန်း မထင်မှတ်ပဲ ဟိုဆေး မော်ရင်ဟို ရောက်လာခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်.. ဟားဟား.. (အဝတ်လဲခန်းတွင် ဖရန့် လမ်းပတ် ရေချိုးနေစဉ် ဟိုဆေး မော်ရင်ဟို ရောက်လာခဲ့ပြီး လမ်းပတ် မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်..)..။ နောက်ပြီး mind games တွေပေါ့..။ မန်နေဂျာတွေဟာ အဲဒီလို mind games တွေကို အလျဉ်းသလို သုံးစွဲခဲ့တာ ရှိပါတယ်..။ ဒါ့ကြောင့်စိတ်ထဲက ပါသည်ဖြစ်စေ..၊ မပါသည်ဖြစ်စေ.. မန်နေဂျာတစ်ယောက် အနေနဲ့ ကိုယ့်ရဲ့နှုတ်ထွက်စကားဟာ အမှန်အကန်တွေ ဖြစ်ဖို့လိုပါတယ်..။

ဂျေမီ ရက်ဒ်နပ် - ဟေး.. ငါတို့တွေ စကားကောင်းနေတာ အတော်တောင်ကြာသွားပြီ..။ ဘယ်သူကမှလာပြီး နှောက်ယှက်တာ..၊ တံခါးလာခေါက်တာ မရှိသေးဘူး..။ မင်းရဲ့ရုံးခန်းဟာ လူတိုင်းအတွက် တံခါးဖွင့်ထားရဲ့လား…?

ဖရန့် လမ်းပတ် - ဒါဘီအသင်းကို စပြီးရောက်တဲ့နေ့ကို မှတ်မိနေပါသေးတယ်..။ ကျွန်တော်ကဒီနေ့မှစပြီး ပူပူနွေးနွေး မန်နေဂျာ..၊ ကစားသမားတွေကို ကျွန်တော့်ရဲ့ ‘open-door policy’ အကြောင်း ပြောပြပါတယ်..။ သူတို့တွေကို အချိန်မရွေး ဝင်နိုင်၊ ထွက်နိုင်ပါတယ်လို့ ပြောလိုက်တာနဲ့ တစ်ချိန်လုံး ငါ့ဆီကို ဝင်ထွက်နေကြတော့တာပဲ..။ ဒီလိုနဲ့ ပထမဆုံး international break မှာ အကြံတစ်ခုရလိုက်ပါတယ်..။
‘မင်းတို့အတွက် အမြဲတမ်းတံခါးဖွင့်ထားတုန်းပါပဲ..၊ ဒါပေမယ့် မင်းတို့ငါနဲ့ လာတွေ့မယ်ဆိုရင် လေ့ကျင့်ခန်းအကောင်းဆုံး ဆင်းခဲ့တယ်..၊ ပွဲတွေမှာ အကောင်းဆုံး ကစားခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ..၊ အချက်အလက်တွေနဲ့အတူ ဝင်လာခဲ့ပါ..။ အသင်းမှာ ကိုယ်ဘာကြောင့် နေရာရသင့်တယ်ဆိုတာ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ လာရောက်ဆွေးနွေးကြပါ..။ ဒီလိုမှမဟုတ်ရင် မင်းတို့ကို ကြာကြာစကားမပြောနိုင်ဘူး..’ ဆိုပြီး ပြောလိုက်ပါတယ်..။




အဲဒီနောက်ပိုင်း ကျွန်တော့်ဆီကို ဘယ်သူမှ မလာကြတော့ဘူးဗျ..။ ဒါဟာကျွန်တော့်အတွက် သင်ခန်းစာတစ်ခုပါပဲ..။ ကျွန်တော်ကတော့ မန်နေဂျာတစ်ယောက်ဟာ ကစားသမားတွေနဲ့ နီးနီးကပ်ကပ်ရှိသင့်တယ်လို့ ယူဆပြီး အဲဒီလိုလုပ်ခဲ့တာပါ…။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် နေ့တိုင်းတွေနေကျ ကစားသမားတစ်ယောက်ကို ‘Good morning’ လို့ သေသေချာချာသွားပြီး လက်ဆွဲနှုတ်ဆက်လိုက်မယ်ဆိုရင် သူ့အနေနဲ့ ဘယ်လိုထင်သွားမလဲ..? သူ့အတွက် ဘာတွေပြောင်းလဲသွားနိုင်မလဲ.. ပြောလို့မရပါဘူး..။

ဒါ့ကြောင့် ‘open-door’ အမြဲတမ်း တံခါးဖွင့်ထားတယ်ဆိုတာ အခြေအနေတိုင်းအတွက် မသင့်လျော်ပါဘူး..။ တခါတလေမှာ ကိုယ်တိုင်တံခါးသွားခေါက်ရတာ ရှိသင့်ပါတယ်..။ အပေါ့စားလေ့ကျင့်ခန်းတွေ..၊ အကြောလျော့ လေ့ကျင့်ခန်းတွေမှာ မန်နေဂျာနဲ့ ဟိုဟိုဒီဒီ ပြောဆိုကြတာ..၊ ဟာသတွေ ပြောကြတာလောက်က ပြသနာမရှိပါဘူး..။ နည်းပြချုပ်တစ်ယောက်အနေနဲ့ တခြားနည်းပြတွေအတိုင်း အမြဲတမ်းလိုက်လုပ်နေလို့ မဖြစ်ပါဘူး..။ မန်နေဂျာတစ်ယောက်ဟာ ကစားသမားတွေနဲ့ သူငယ်ချင်းဖြစ်လို့ ရပါတယ်..။ ဒါပေမယ့် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်..။

(Daily Mail မှ တင်ဆက်သော ဆောင်းပါးရှင် Jamie Redknapp ၏ ‘ Completely Frank: Lampard reveals all to Jamie Redknapp on life as Chelsea boss, the lessons he learned from Jose Mourinho and why Reece James will challenge Trent Alexander-Arnold as England's best right-back’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)