ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စု (H) အဆုံးအဖြတ် ပွဲစဉ်တစ်ပွဲဖြစ်သည့် ချယ်လ်ဆီးအသင်းနှင့် အိုင်းယက်စ်အသင်းတို့၏ ပွဲစဉ်တွင် အီတလီဒိုင်လူကြီး ဂီယန်လူကာ ရော့ချီ က အိုင်းယက်စ်အသင်းမှ ဒယ်နီ ဘလိုင်း နှင့် ဂျိုးလ် ဗက်လ်မန်း တို့ နှစ်ဦးအား တစ်ပြိုင်နက်တည်း (same phase of play) အနီကတ်ဒ်ပြ ထုတ်ပယ်ခဲ့သည်..။
အိုင်းယက်စ်အသင်းမှ ၄ဂိုး- ၁ဂိုးဖြင့် ဦးဆောင်နေချိန်တွင် ဒိုင်လူကြီး၏ အဆိုပါဆုံးဖြတ်ချက်ကြောင့် ရရှိခဲ့သည့် ပင်နယ်တီမှတဆင့် ချယ်လ်ဆီးအသင်းမှ ဂျော်ဂင်ဟို က ချေပဂိုး သွင်းယူပေးခဲ့ပြီး ကိုးယောက်ကျန် အိုင်းယက်စ်အသင်းအား နောက်ထပ်နှစ်ဂိုး ထပ်မံသွင်းယူခဲ့ကာ တစ်ဘက်လေးဂိုးစီ သရေကျခဲ့သည်..။ အိုင်းယက်စ်အသင်း ပရိသတ်များနှင့် တာဝန်ရှိသူများက ဒိုင်လူကြီး ရော့ချီ ၏ ဆုံးဖြတ်ချက်မှာ သူတို့အသင်း၏ ရလဒ်အပေါ် အကြီးအကျယ် အထိနာစေခဲ့ကြောင်း ယူဆခဲ့ကြသည်..။
ဥရောပအဖွဲ့ချုပ် (UEFA) ၏ ဒိုင်လူကြီးများ ကော်မတီက စပိန်နိုင်ငံ၊ မာလော့ကာမြို့တွင် မကြာသေးမီက အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်တွင် ဒိုင်လူကြီး ရော့ချီ ၏ ဆုံးဖြတ်ချက်ကြောင့် အိုင်းယက်စ်အသင်း နစ်နာခဲ့ရသည်ဟု မှတ်တမ်းတင်ခဲ့ကြောင်း ဒတ်ချ်သတင်းဌာန De Telegraaf က ဖော်ပြခဲ့သည်..။
အဆိုပါဖြစ်ရပ်မှာ တန်မီ အေဘရာဟမ် ဘောလုံးရယူလာချိန်တွင် ဒယ်နီ ဘလိုင်း က ပြစ်ဒဏ်ကျူးလွန်ခဲ့သော်လည်း ဒိုင်လူကြီးက ပွဲကိုဆက်လက် ကစားခွင့်ပြုခဲ့ပြီး နောက်ဆက်တွဲ ကန်ချက်မှာ ဗက်လ်မန်း ၏ လက်နှင့်ထိခဲ့သည်..။ ထိုအခါ ဒိုင်လူကြီးရော့ချီ က ဒယ်နီ ဘလိုင်း အား ပြစ်ဒဏ်ဘောအတွင် ဒုတိယအဝါကတ်ဒ်၊ ဗက်လ်မန်း ၏ ဂိုးဧရိယာအတွင်း လက်ထိဘောအတွက် ပင်နယ်တီ ပြစ်ဒဏ်နှင့် ဗက်လ်မန်း အား လက်ထိဘောအတွက် အနီကတ်ဒ်ပြ ထုတ်ပယ်ခဲ့သည်..။
အစည်းအဝေး သုံးသပ်ချက်အရ ဒိုင်လူကြီး ရော့ချီ မှာ ဘလိုင်း ပြစ်ဒဏ်ကျူးလွန်စဉ်ကပင် ပြစ်ဒဏ်ဘော ပေးသင့်ခဲ့ပြီး ဗက်လ်မန်း ၏ အနီကတ်ဒ်အတွက် VAR ၏အဆုံးအဖြတ် ရယူသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်..။
အဆိုပါပွဲစဉ်အထိ အိုင်းယက်စ်အသင်းမှာ အုပ်စု (H) ကို ဦးဆောင်နေချိန်ဖြစ်ပြီး အုပ်စုပွဲစဉ်များ ပြီးဆုံးချိန်တွင် ရှုံးထွက်အဆင့်ပွဲစဉ်များနှင့် လွဲချော်ခဲ့ရသည်..။ ထို့ကြောင့်အိုင်းယက်စ်အသင်းအနေဖြင့် ချယ်လ်ဆီးအသင်း၏ အဝေးကွင်းတွင် အနိုင်ရမည့်ပွဲစဉ်အတွက် ဆုကြေးစတာလင်ပေါင် (၁) သန်း အပါအဝင် ရှုံးထွက်အဆင့် လွဲချော်မှုကြောင့် စတာလင်ပေါင် (၉) သန်းခန့် နစ်နာခဲ့ရသည်..။
အိုင်းယက်စ်အသင်း CEO အက်ဒ်ဝင် ဗန်ဒါဆား က ယခုဆုံးဖြတ်ချက်အပေါ် ယခုလိုပြောကြားခဲ့သည်..။
“အခုလို ဆုံးဖြတ်ချက်တွေဟာ ပွဲရဲ့အဖြေအပေါ် အထူးသက်ရောက်မှု ရှိခဲ့တဲ့အပြင် နောက်ဆုံးအုပ်စုအဆင့် ရပ်တည်မှုအထိပါ အကျိုးဆက်တွေ ရှိခဲ့ပါတယ်..။ ဒါ့ကြောင့်ဒိုင်လူကြီးဘက်က မှားယွင်းခဲ့တယ်လို့ ကျွန်တော်တို့ သံသယရှိခဲ့တဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့တယ်လို့ အတည်ပြုခဲ့တဲ့အခါ ကျွန်တော်တို့အတွက် ပိုလိုတောင် နာကျင်ခဲ့ရပါတယ်..။
သူတို့ရဲ့ပြန်ကြားချက်မှာတော့ အဲဒီအချက်တွေအပြင် ပြိုင်ပွဲစည်းမျဉ်းရဲ့ Article 9 ကိုပဲ ညွန်းဆိုပါတယ်..။ အဲဒီမှာ ဘာပါလဲဆိုတော့ UEFA က တာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ မှားယွင်းဆုံးဖြတ်ခဲ့မှုတွေအတွက် နစ်နာမှုများအပေါ် မည်သည့်အယူခံကိုမှ လက်ခံစဉ်းစားမှာ မဟုတ်ဘူးဆိုတဲ့အချက် ပါရှိပါတယ်..။”