ပရီးမီးယားလိဂ် စတင်တည်ထောင်ပြီး ပထမဆုံးအကြိမ်အဖြစ် နှစ်ပါတ်တာ ကြာမြင့်မည့် ‘ဆောင်းရာသီ အနားပေးရက် (Winter Break)’ ကို ဖေဖော်ဝါရီ (၂) ရက်နေ့မှ စတင်သတ်မှတ်ပေးလိုက်ပြီဖြစ်သည်..။ သို့သော်လက်ကျန်ပွဲစဉ်များအရ တစ်သင်းနှင့်တစ်သင်း အနားရရှိသည့်ရက် မတူညီကြပဲ ချယ်လ်ဆီးအသင်းမှာ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့်ပွဲစဉ် မယှဉ်ပြိုင်မီအထိ နားရက်စုစုပေါင်း (၁၆) ရက် ရရှိမည်ဖြစ်သည်..။
ချယ်လ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ် က လက်စ်တာ အသင်းနှင့်ပွဲအပြီးတွင် ကစားသမားများကို မိသားစုနှင့်အတူ ရက်သတ္တပါတ် တစ်ပါတ်အချိန်ကုန်ဆုံးခွင့် ပေးထားပြီး လာမည့်အပါတ်တွင် လေ့ကျင့်ခန်းများ ပြန်လည်စတင်ရန် စီစဉ်ထားသည်ဟု သိရသည်..။
ထို့ကြောင့်ကစားသမားမျာအနေဖြင့် ဆောင်းရာသီအနားပေးရက် ကာလအတွင်း စိတ်ဓါတ်ခွန်အား၊ ကာယခွန်အားများ ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်သည်..။ ယခုရက်သတ္တပါတ်အတွင်း ချယ်လ်ဆီးကစားသမားများ၏ ဆောင်းရာသီ အနားပေးရက်အတွင်း လှုပ်ရှားမှုများကို စုစည်းတင်ဆက်ပေးလိုက်ရပါသည်..။
တိုက်စစ်မှူး တန်မီ တန်မီ အေဘရာဟမ် နှင့် နောက်ခံလူ ဖီကာရို တိုမိုရီ တို့မှာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ ရောက်ရှိနေပြီး နိုက်ဂျီးရီးယား- အမေရိကန်အဆိုကျော် ဒေဗီဒို ၏ စတိတ်ရှိုးပွဲသို့ တက်ရောက်ခဲ့ကြောင်း သူ၏ကိုယ်ပိုင် Twitter အကောင့်တွင် ဖော်ပြခဲ့သည်..။
ရီစ် ဂျိမ်းစ်၊ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း တို့မှာလည်း ဒူဘိုင်းမြို့တွင် ရောက်ရှိနေကြောင်း သိရသည်..။ ရော့စ် ဘာကလေ၊ မတ်တီယို ကိုဗာဆစ် နှင့် မေဆန် မောင့် တို့မှာ
ဒူဘိုင်းမြို့ရှိ နာမည်ကျော် Nad Al Sheba Sport Complex တွင်
ကြံ့ခိုင်မှုလေ့ကျင့်ခန်းများ ပြုလုပ်ပြီး လေ့ကျင့်လျှက်ရှိသည်..။
ကွင်းလယ်ကစားသမား ဂျော်ဂင်ဟို မှာ ဇာတိမြေ ဘရာဇီးလ်နိုင်ငံသို့ ရောက်ရှိနေပြီး ရီယို ဒီဂျနေရိုးမြို့တွင် သူငယ်ချင်းများ၊ မိသားစုဝင်များနှင့်အတူ သဲသောင်ပြင် ဘောလုံးပွဲများကို ယှဉ်ပြိုင်ကစားနေကြောင်း သူ၏ကိုယ်ပိုင် Instagram မှတဆင့် ဖော်ပြခဲ့သည်..။
ဂိုးသမား ဝီလီ ကာဘာလာယို နှင့် ဝီလီယံ တို့မှာ အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေပြီး ကာဘာလာယို မှာ Staples Center တွင် ကျင်းပပြုလုပ်ခဲ့သော နာမည်ကျော် LA Lakers အသင်း၏ NBA ဘတ်စကတ်ဘောပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့သည်..။ ဝီလီယံ မှာ မီယာမီမြို့တွင် မိသားစုနှင့်အတူ ရောက်ရှိနေကြောင်း သိရသည်..။