feature-image

မုန်တိုင်းကြောင့် ရွှေ့ဆိုင်းရဖွယ် ရှိနေသည့် 'ချယ်လ်ဆီး vs မန်ချက်စတာ ယူနိုက်တက်' ပွဲစဉ်

ပရီးမီးယားလိဂ် အဖွဲ့ချုပ်မှာ ယခုရက်သတ္တပါတ်ကုန်တွင် ဗြိတိသျှကျွန်းစုကို တိုက်ခတ်ဖွယ်ရှိနေသည့် မုန်တိုင်း Dennis ၏ အနေအထားကို စောင့်ကြည့်နေကြောင်း The Express သတင်းဌာနက ဖော်ပြခဲ့သည်..။ ယခင်အပါတ်က တိုက်ခတ်ခဲ့သော Clara အမည်ရှိ ပြင်းထန်သော မုန်တိုင်းတစ်ခုကြောင့် မန်ချက်စတာ စီးတီး နှင့် ဝက်စ်ဟမ်းအသင်းတို့၏ ပွဲစဉ်အပါအဝင် ပြီးခဲ့သည့်အပါတ်အတွင်း ယှဉ်ပြိုင်ရန်စီစဉ်ထားသည့် အားကစား ပြိုင်ပွဲများကို ရွှေ့ဆိုင်းခဲ့ရသည်..။ ထို့ကြောင့်ယခုတစ်ပါတ်တွင် ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် ချယ်လ်ဆီးအသင်းနှင့် မန်ချက်စတာ ယူနိုက်တက်အသင်း ပွဲစဉ်အပါအဝင် အားကစားပြိုင်ပွဲများမှာ Dennis မုန်တိုင်းကြောင့် ရွှေ့ဆိုင်းရမည့် အခြေအနေနှင့် ကြုံတွေ့နိုင်ဖွယ်ရှိနေကြောင်း စိုးရိမ်မှုများ ပေါ်ထွက်လျှက်ရှိသည်..။

မိုးလေဝသဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လာမည့်ရက်သတ္တပါတ်ကုန်အတွင်း တိုက်ခတ်ဖွယ်ရှိနေသည့် Dennis မုန်တိုင်းကြောင့် မိုးများသည်းထန်စွာ ရွာသွန်းနိုင်ပြီး လေပြင်းများလည်း တိုက်ခတ်ဖွယ်ရှိနေသည်ဟု ခန့်မှန်းပြောကြားခဲ့သည်..။ ချယ်လ်ဆီးအသင်းနှင့် မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်မည့် လန်ဒန်မြို့တော်ဝန်းကျင်ကို အဝါရောင်အဆင့် သတိပေးချက် သတ်မှတ်ထားပြီး ရာသီဥတု အခြေအနေကို မျက်ခြေမပြတ် အကဲခပ်နေကြောင်း သိရသည်..။

မိုးလေဝသ ခန့်မှန်းရေး ကျွမ်းကျင်ပညာရှင် ပေါလ် ဂန်ဒါဆန် က လာမည့်စနေနေ့တွင် မုန်တိုင်းကျရောက်နိုင်ဖွယ် ရှိနေကြောင်း၊ သို့သော် ယခုအပါတ်တွင် ဝင်ရောက်တိုက်ခတ်မည့် Dennis မုန်တိုင်းမှာ ယခင်အပါတ်က တိုက်ခတ်ခဲ့သည့် Clara မုန်တိုင်းလောက် မပြင်းထန်ပဲ အပျက်အစီး မများပြားနိုင်ကြောင်း ပြောကြားခဲ့သည်..။

ချယ်လ်ဆီးအသင်းနှင့် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ လာမည့်အပါတ် ဖေဖော်ဝါရီလ (၁၇) ရက်၊ တနင်္လာနေ့ (မြန်မာစံတော်ချိန်- ဖေဖော်ဝါရီ (၁၈) ရက်၊ အင်္ဂါနေ့၊ နံနက် ၂း၃၀ နာရီ) တွင် စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ ယှဉ်ပြိုင်သွားမည်ဖြစ်သည်..။