feature-image

'အလကားကောင်ပဲ' လို့ မော်ရင်ဟို က သူ့ကိုပြောခဲ့ဖူးကြောင်း ဖွင့်ဟလိုက်တဲ့ 'ကတ် ဇူးမား''

ချယ်လ်ဆီးအသင်းမှ ပြင်သစ်နောက်တန်းလူ ကတ် ဇူးမား က သူ၏ဆိုးရွားသော စွမ်းဆောင်ရည်ကြောင့် ထိုအချိန်က အသင်း၏နည်းပြ ဟိုဆေး မော်ရင်ဟို က 'အသုံးမကျတဲ့ အလကားကောင်' ဟု ပြောကြားခဲ့ဖူးကြောင်း  ပြင်သစ်သတင်းဌာန RMC Sport နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ၊ မေးမြန်းခန်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်..။

ဟိုဆေး မော်ရင်ဟို မှာ ပြင်သစ်လီဂူး ပြိုင်ပွဲဝင် စိန့် အီတိန်းအသင်းမှ အသက် (၁၉) နှစ်အရွယ် လူငယ်နောက်ခံလူ ကတ် ဇူးမား အား ၂၀၁၄ ခုနှစ်တွင် ချယ်လ်ဆီးအသင်းသို့ ခေါ်ယူခဲ့သည်..။ ချယ်လ်ဆီးအသင်းတွင် အသားကျရန် ရုန်းကန်နေရသည့် အချိန်အတွင်း ဟိုဆေး မော်ရင်ဟို ၏ ပြင်းထန်သော ဝေဖန်ချက်ကြောင့် တုန်လှုပ်ခဲ့ရကြောင်း ယခုလိုပြောကြားခဲ့သည်..။

"အဲဒီပွဲစဉ်ကို ကျွန်တော်သေသေချာချာ မမှတ်မိတော့ဘူးဗျ..၊ ဒါပေမယ့် ကျွန်တော်တို့ ၃- ၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်..။ နောက်ရက်မှာ ဟိုဆေး က ကျွန်တေ်ာ့ကို သူ့ရဲ့ရုံးခန်းဆီ လာခဲ့ဖို့ ပြောပါတယ်..။ နောက်တော့သူက 'မင်းအဆင်ပြေရဲ့လား..?' လို့ မေးတယ်..၊ ကွျှန်တော်က 'Yes' ဆိုတော့ 'မင်းတကယ်ရော သေချာရဲ့လား..?' လို့ ထပ်မေးပါတယ်..။

ကျွန်တော်က 'Yes' လို့ ထပ်ပြီးဖြေတဲ့အချိန် သူက အခုလိုပြောပါတယ်..။ 'ငါအခုလို မေးရတဲ့အကြောင်းရင်း ပြီးခဲ့တဲ့ပွဲတုန်းက မင်းရဲ့ကစားပုံ စုတ်ပြတ်နေလို့ပဲ..၊ တကယ့်ကို အသုံးမကျတဲ့ အလကားကောင်ပဲ' လို့ ဒဲ့ကိုပြောချလိုက်ပါတယ်..။ ချက်ချင်းဆိုတော့ ကျွန်တော်လုံးဝကို ရှော့ခ် ရသွားခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်က သူ့ရဲ့ပြောကြားချက်ကို ကွင်းထဲက ခြေစွမ်းနဲ့ပဲ ပြန်ပြီးတုံ့ပြန်၊ သက်သေပြချင်စိတ် ဖြစ်ပေါ်လာခဲ့ပါတယ်..။

သူ့ရဲ့စကားကြောင့် ကျွန်တော်နာကျင်ခဲ့ရသလို ထိခိုက်ခံစားခဲ့ရပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ အဲဒီလိုပြင်းထန်တဲ့ ဝေဖန်မှုကို တုံ့ပြန်ပြချင်တဲ့စိတ်လည်း တဖွားဖွား ပေါ်ပေါက်လာခဲ့ပါတယ်..။"




နည်းပြဟိုဆေး မော်ရင်ဟို မှာ လူငယ်များကို ဦးစားပေးခြင်းမရှိကြောင်း ဝေဖန်မှုများရှိခဲ့သည်..။ သို့သော် ဟိုဆေး မော်ရင်ဟို ၏ ပြုစုပျိုးထောင်ပေးမှုကို ခံယူခဲ့ရသော နောက်ခံလူ ကတ် ဇူးမား က အဆိုပါပြောကြားချက်များမှာ မှန်ကန်မှုမရှိကြောင်း ယခုလို ငြင်းဆိုခဲ့သည်..။

"သူဟာနိုင်ပွဲတွေကို အမြဲတမ်းဆာလောင်နေတဲ့သူ တစ်ယောက်ပါ..။ နိုင်ပွဲရဖို့ဆိုရင် ဘယ်လိုနည်းပဲသုံးရသုံးရ မတွန့်ဆုတ်တဲ့သူပါ..။ ကျွန်တော်ဟာ ချယ်လ်ဆီးကို (၁၉) နှစ်သား အရွယ်မှာ ရောက်လာခဲ့ပြီး သူကျွန်တော့်ကို နေရာပေးခဲ့ပါတယ်..။ ကျွန်တော်ဟာ အခွင့်အရေးခဲ့တယ်..၊ ပွဲတွေကစားခွင့်လည်း ရခဲ့ပါတယ်..။

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူညီကြတာကြောင့် သူနဲ့ပတ်သက်ပြီး တခြားသူတွေ ဘယ်လိုတွေးလဲ ကျွန်တော်မသိပါဘူး..။ ဒါပေမယ့် ကျွန်တော့်ရဲ့ တစ်ဦးချင်းအမြင်အရဆိုရင် မော်ရင်ဟို ဟာ လူငယ်တွေကို နေရာမပေးဘူးဆိုတဲ့ ဝေဖန်ချက်ကို သဘောမတူပါဘူး..။"


ကတ် ဇူးမား မှာ တော့တင်ဟမ်အသင်းနှင့်အတူ ပြန်လာမည့် သူ၏မန်နေဂျာဟောင်း ဟိုဆေး မော်ရင်ဟို နှင့် လာမည့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ ရင်ဆိုင်ရဖွယ် ရှိနေသည်..။